
ဘုတလင်နယ် ချင်းတွင်းမြစ်ဆိပ်နဲ့ ရွာတွေကို စစ်အုပ်စုက နှစ်ပတ်အတွင်း ငါးကြိမ် ဗုံးကြဲ၊
နန်းယု/MFP၊ အောက်တိုဘာ – ၁၂
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်ရှိ နုံးထန်းကျေးရွာ ချင်းတွင်းမြစ်ကူးဆိပ်ကမ်းကို ဒီနေ့ အာဏာသိမ်း စစ်အုပ်စုက ဂျိုင်ရိုကော်ပတာ (Gyrocopter)နဲ့ ဗုံးကြဲလို့ မော်တော်ပိုင်ရှင် အမျိုးသမီးနဲ့ ခရီးသွားကား စပါယ်ယာအမျိုးသားတစ်ဦးတို့ သေဆုံးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
အောက်တိုဘာ ၁၂ ရက်၊ ဒီနေ့ နေ့လယ် ၁၂ နာရီခွဲခန့်မှာ မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) က တက်လာတဲ့ ဂျိုင်ရိုကော်ပတာ တစ်စီးဟာ ဘုတလင်မြို့နယ်၊ နုံးထန်းကျေးရွာ ဆိပ်ကမ်းကို ဗုံးကြဲတာလို့ ဘုတလင်မြို့နယ် လူသားစာနာတာဝန်ခံ ကိုဇင်မင်းသန်းက ပြောပါတယ်။
ဗုံးထိမှန်လို့ ခရီးသွားကားစပါယ်ယာ အမျိုးသားတစ်ဦး ဘယ်ဘက်လက်မောင်းနဲ့ ညာဘက်ပေါင် ပြတ်တောက် ဒဏ်ရာတွေ ရကာ သေဆုံးသလို မော်တော်ပိုင်ရှင် အမျိုးသမီးတစ်ဦးလည်း ဦးခေါင်းနောက်စေ့ ပွင့်ထွက်ဒဏ်ရာ၊ ညာဘက်လက်နဲ့ ညာဘက်ပေါင်တို့မှာ ဒဏ်ရာတွေ ရပြီး သေဆုံးတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုဟာ ဘုတလင်နယ် ပြည်သူတွေကို ပစ်မှတ်ထားကာ ချင်းတွင်းမြစ်ကူး ဆိပ်ကမ်းနေရာတွေ၊ ကျေးရွာတွေအပေါ် ဗုံးပတ်ကြဲနေတာ ဖြစ်ပြီး ယခု အောက်တိုဘာလအတွင်း ဘုတလင်မြို့နယ်ထဲ စစ်အုပ်စုက ဗုံးကြဲသတ်ဖြတ်မှု ငါးကြိမ်အထိ ကျူးလွန်ခဲ့ပြီး ဖြစ်တယ်လို့ ဘုတလင်မြို့နယ် လူသားစာနာ တာဝန်ခံ ကိုဇင်မင်းသန်းက ပြောပါတယ်။

“မုံရွာ နမခက တက်လာတဲ့ ဂျိုင်ရိုကော်ပတာတစ်စီးဟာ ဘုတလင်မြို့နယ်၊ နုံးထန်းကျေးရွာဆိပ်ကမ်းကို အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူနှစ်ဦး သေဆုံးခဲ့ပါတယ်။ အောက်တိုဘာ ၁ ရက်ကနေ ၁၂ ရက်အထိ ဘုတလင်မြို့နယ်မှာ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှု ငါးကြိမ် ရှိခဲ့ပါတယ်”
ယခုလအတွင်း ဘုတလင်မြို့နယ်ထဲ စစ်အုပ်စုက ဗုံးကြဲသတ်လို့ ဒေသခံအရပ်သားပြည်သူ သုံးဦး သေဆုံးကာ နေအိမ်ငါးလုံးနဲ့ ကုန်ပစ္စည်းတွေ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၆ ရက်ကလည်း ဘုတလင်နယ် ရွှေစာရေးကျေးရွာ ဇက်ဆိပ်ကို စစ်အုပ်စုက ဗုံးကြဲ သတ်ဖြတ်ရာ အရပ်သားပြည်သူ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ ဘုတလင်မြို့ထဲမှာသာ ခိုအောင်းနေပြီး ကျေးရွာတွေဘက် နယ်မြေ မစိုးနိုင်တာကြောင့် အခုလို ပြည်သူကို ပစ်မှတ်ထားကာ စိတ်ထင်ရာနေရာတွေကို ဗုံးပတ်ကြဲတာ၊ လက်နက်ကြီး ရမ်းကားပစ်ခတ်တာတွေ ကျူးလွန်နေတာလို့ ဒေသခံတွေက ပြောပါတယ်။


ဘုတလင်နယ် နုံးထန်းရွာ ချင်းတွင်းမြစ်ကူးဆိပ်ကမ်းကို အာဏာသိမ်း စစ်အုပ်စုက ဗုံးကြဲလို့ ထိခိုက် သေဆုံးသူတွေ/Photo – ဒေသခံ (ပေးပို့)
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #စစ်ကိုင်း #ဘုတလင် #နုံးထန်းရွာဇက်ဆိပ်



