သတင်း

နွားထိုးကြီးနယ်မှာ စစ်အုပ်စုက ‌ရွာကိုမီးရှို့ပြီး ဒေသခံတစ်ဦးကို သတ်ဖြတ်သွား၊တစ်လကျော်အတွင်း အိမ်ခြေ ၂၀၀ နီးပါး မီးရှို့ဖျက်ဆီးထားပြီး အမျိုးသမီးငယ်တွေကိုပါ အဓမ္မပြုကျင့်ခဲ့

MN/MFP ၊ အောက်တိုဘာ – ၁၉

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တောင်ခြမ်းကို စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုတွေက နွားထိုးကြီး-မလှိုင် လမ်းဘေးရှိ အောင်ပန်းကုန်းရွာကို ဝင်ရောက်စီးနင်းပြီး ဒေသခံတဦးကို ဖမ်းဆီးသတ်ဖြတ်ကာ နေအိမ် ၂၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

အောက်တိုဘာ ၅ ရက်က နွားထိုးကြီးမြို့ပေါ်ကနေ အင်အား ၁၀၀ ကျော်နဲ့ထွက်လာတဲ့ စစ်အုပ်စုဟာ ထနောင်းပင်လဲရွာမှာ ဒီနေ့အထိ အထိုင်ချတပ်စွဲပြီး အနီးဝန်းကျင်ကရွာတွေကို စစ်ကြောင်းထိုး မီးရှို့နေခဲ့တာပါ။

အဲဒီစစ်ကြောင်းဟာ အောက်တိုဘာ ၁၆ ရက်မှာတော့ အောင်ပန်းကုန်းရွာကို ဝင်ရောက်စီးနင်းပြီး ဒေသခံတစ်ဦးကို ဖမ်းဆီးသတ်ဖြတ်သွားခဲ့သလို စစ်ကြောင်းပြန်မထွက်ခင် အောက်တိုဘာ ၁၇ ရက် ညပိုင်းမှာလည်း နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ နွားထိုးကြီး ဒေသခံတစ်ဦးက ဆိုပါတယ်။

“အဲဒီ စစ်ကြောင်းက ညပိုင်းမှာ အောင်ပန်းကုန်းရွာထဲကို ဝင်လာပြီးတော့ ပြည်သူတွေကို ဖမ်းတယ်။ ဖမ်းဆီးပြီးတော့ ပြည်သူတစ်ဦးကို သတ်ဖြတ်သွားတယ်။ ဖမ်းဆီးခံရတဲ့ပြည်သူတွေကတော့ ဒီနေ့(အောက်တိုဘာ၁၈)မှာ ပြန်လွတ်လာတယ်လို့တော့ ကြားရတယ်။ အောင်ပန်းကုန်းရွာကို မီးရှို့သွားတာကတော့ အိမ်ခြေ ၂၀ ကျော်လောက် ပါသွားတယ်။ ဘောလုံးကွင်းဘက်ကနေ စပြီးတော့ ရှို့သွားတာ”လို့ နွားထိုးကြီး ဒေသခံ သတင်းရင်းမြစ်က MFFP ကို ပြောပါတယ်။

အဆိုပါ စစ်အုပ်စုစစ်ကြောင်းဟာ အောင်ပန်းကုန်းရွာအနီးက ထနောင်းပင်လဲရွာနဲ့ ဘုရားကြီးရွာအနီးမှာ ဆက်ရှိနေသေးတာကြောင့် စစ်အုပ်စု ဖမ်းဆီးသတ်ဖြတ်သွားခဲ့တဲ့ ဒေသခံရဲ့ အသေးစိတ် အချက်လက်တွေကိုတော့ မသိရသေးဘူးလို့ သတင်းရင်းမြစ်က ဆိုပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာ ၁၀ရက်က မန္တလေး တံတားဦးလေတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပြီးနောက် စစ်အုပ်စုဟာ နယ်မြေချင်းထိစပ်နေတဲ့ နွားထိုးကြီးနယ်က ကျေးရွာတွေကို စက်တင်ဘာ ၁၁ ရက်ကစပြီး စစ်ကြောင်းထိုး မီးရှို့ခဲ့သလို လေ‌ကြောင်းဗုံးကြဲတာတွေလည်း ဆက်တိုက် လုပ်ဆောင်ခဲ့တာပါ။

အဲဒီစစ်ကြောင်းဟာ စက်တင်ဘာလအတွင်း နွားထိုးကြီးနယ်မြောက်ခြမ်းက ကျေးရွာတွေကို လေးရက်ဆက် စီးနင်းမီးရှို့ခဲ့လို့ ဖောင်ကျင်း (မြောက်)ရွာက အိမ်ခြေ ၅၉ လုံး၊ ဖောင်ကျင်း(တောင်)ရွာက အိမ်ခြေ ၄၇ လုံးနဲ့ မကျီးကုန်းရွာက အိမ်ခြေ ၂၇ လုံး မီးလောင်ပြာကျသွားခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

“ဖောင်ကျင်းမြောက်ရွာက အရင်ကတည်းက နှစ်ခါလောက်ရှိပြီ မီးရှို့ခံထားရတာ။ အခု နောက်ထပ် တခါ ထပ်ပြီးတော့ ရှို့ခံရတာပေါ့။ တိုက်အိမ်တွေကို အများဆုံးရွေး ရှို့သွားတာ။ အရင်တခါရှို့ခဲ့တုန်းက မီးမလောင်ဘဲ ကျန်ခဲ့တဲ့ နေအိမ်တွေကို ထပ်ရှို့သွားတာ။ ဖောင်ကျင်းမြောက်ရွာက အများဆုံးပေါ့၊ အရှို့ခံရတာ။ ဖောင်ကျင်း တောင်ရွာနဲ့ မကျီးကုန်းရွာကတော့ အိမ်ခြေနည်းတယ် ရှို့သွားတာ။ အခု မီးရှို့ခံရတဲ့သူတွေထဲမှာ သုံးခါပြန် နှစ်ခါပြန် အရှို့ခံရတဲ့သူတွေလည်း ပါတယ်”လို့ နွားထိုးကြီးနယ် မြေပြင်သတင်းရင်းမြစ်က MFP ကို ပြောပါတယ်။

အဲဒီလို စီးနင်းမီးရှို့ခဲ့ပြီးနောက် အဆိုပါ စစ်အုပ်စုစစ်ကြောင်းတွေဟာ နွားထိုးကြီးမြို့ပေါ်နဲ့ မြင်းခြံနယ်ဘက်ကို စစ်ကြောင်းနှစ်ခုခွဲပြီး ပြန်လည်ဆုတ်ခွာခဲ့ပါတယ်။

အဲဒီနောက် အောက်တိုဘာ ၅ ရက်မှာတော့ နွားထိုးကြီးမြို့ပေါ် ဆုတ်ခွာသွားတဲ့ စစ်ကြောင်းဟာ နွားထိုးကြီး-တောင်သာ-မလှိုင် လမ်းဘေးရှိ ထနောင်းပင်လဲရွာကို ထပ်မံ ဝင်ရောက်စီးနင်းလာခဲ့ပြီး တောထဲမှာ စစ်ဘေးတိမ်းရှောင်နေကြတဲ့ အသက် ၁၄ နှစ်ကနေ ၁၈ နှစ်အတွင်းရှိ မိန်းကလေးငယ် ငါးဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့ပြီး အဲဒီထဲက တစ်ယောက်ကသေဆုံးသွားခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောဆိုထားပါတယ်။

လက်ရှိအချိန်မှာ စစ်အုပ်စုရန်ကြောင့် ထနောင်းပင်လဲ၊ အောင်ပန်းကုန်း၊ ဘုရားကြီး၊ အောင်သာ၊ မကျီးကန်၊ မကျီးကုန်း၊ သူဌေးကုန်း၊ စည်ပင်၊ ဆူးရစ်ကုန်း၊ ဖလံကုန်း စတဲ့ ကျေးရွာတွေက ဒေသခံတွေ စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက နွားထိုးကြီးနယ်ကို စစ်အကြောင်းထိုးချိန်တုန်းကလည်း တောထဲမှာ စစ်ဘေးတိမ်းရှောင်နေတဲ့ အမျိုးသမီးတစ်ဦးကို ဖခင်ရှေ့မှာ ကြိုးတုပ်ပြီး အဓမ္မပြုကျင့်ခဲ့သလို၊ မီးရှို့ခံခဲ့ရတဲ့ ရွာတစ်ရွာဖြစ်တဲ့ မြဝတီရွာမှာလည်း မီးဝင်ငြှိမ်းတဲ့ အမျိုးသမီး သုံးဦးကို စစ်အုပ်စုက ဖမ်းဆီး အဓမ္မပြုကျင့်ခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၂၅ စက်တင်ဘာလကနေ အခုနှစ် အောက်တိုဘာလဆန်းထိ တစ်နှစ်ကျော်ကာလအတွင်းမှာ မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာ မြို့နယ်တွေအတွင်း စစ်ကြောင်းထိုးဝင်ရောက်ခဲ့တဲ့ စစ်အုပ်စုတွေက အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တွေအပါဝင် စုစုပေါင်း အမျိုးသမီး ၂၀ ကျော်ကို ဖမ်းဆီး အဓမ္မပြုကျင့်ခဲ့သလို အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာနဲ့ ထောင်နဲ့ချီတဲ့ နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးတာတွေ ကျူးလွန်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောဆိုထားပါတယ်။

အောက်တိုဘာ ၁၇ရက်ညပိုင်းက နွားထိုးကြီးနယ်တောင်ခြမ်း အောင်ပန်းကုန်းရွာကို စစ်အုပ်စု စီးနင်းမီးရှို့ဖျက်ဆီးခဲ့စဉ်/ဓာတ်ပုံ-ဒေသခံ

Related Articles

Back to top button