စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

ယင်းမာပင်မှာ စစ်အုပ်စုက ပြန်ထိန်းချုပ်နိုင်တဲ့ လမ်းတွေပေါ် ဂိတ်ဖွင့်၊ ကင်းပုန်းဝပ်၊ ငွေညှစ်၊

လမ်းပိုင်းတလျှောက် ကျေးရွာတွေကို စီးနင်းကာ တန်ဖိုးရှိပစ္စည်း ဓားပြတိုက် လုယက်နေ၊

လှိုင်း / MFP၊ အောက်တိုဘာ – ၂၁

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်းရှိ မုံရွာ – ယာကြီး – ကလေးဝ လမ်း အပါအဝင် အချက်အချာ ကျတဲ့ လမ်းပိုင်းတွေကို စစ်အုပ်စုက ပြန်လည် ထိန်းချုပ်ပြီးနောက် လမ်းပေါ် ဂိတ်ဖွင့်တာ၊ ကင်းပုန်း ဝပ်တာတွေ လုပ်ကာ ခရီးသွားနဲ့ ကုန်ကားတွေကို လက်နက်ပြ မိုက်ကြေးခွဲ ငွေညှစ်နေသလို ကျေးရွာ တွေကိုလည်း စီးနင်းကာ ဓားပြတိုက် လုယက်နေတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။

စစ်အုပ်စုဟာ အာဏာသိမ်းပြီးနောက် သုံးနှစ်ကျော်ကြာ ခြေမချနိုင်တဲ့ ယင်းမာပင်ခရိုင်၊ ကနီနယ်ရှိ မုံရွာ – ယာကြီး – ကလေးဝ လမ်းပိုင်းအပါအဝင် ယင်းမာပင်နယ်ထဲရှိ အချက်အချာကျတဲ့ လမ်းပိုင်းတွေ၊ ကျေးရွာတွေနဲ့ နယ်မြေတွေကို ပြီးခဲ့တဲ့ သင်္ကြန်ကာလနောက်ပိုင်း ပေါ်တာဆွဲ စစ်သားသစ်တွေ အသုံးချကာ အင်အားသုံး စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် ပြန်မထွက်တော့ဘဲ အထိုင်ချ တပ်စွဲ နေရာယူထားတာလို့ ဆိုပါတယ်။

လက်ရှိမှာ စစ်အုပ်စုက သူတို့ ပြန်လည် စိုးမိုးထိန်းချုပ်နိုင်တဲ့ လမ်းတွေပေါ် ဂိတ်ဖွင့်၊ ကင်းပုန်းဝပ်ပြီး ခရီးသွားတွေနဲ့ ဆီကုန်သည်တွေကို ဖမ်းဆီးငွေညှစ်တာ၊ ကျေးရွာတွေကို စီးနင်းပြီး လုယက် ဓားပြတိုက်တာတွေ ကျူးလွန်နေတာကြောင့် ဒေသတွင်း သားလာရေး ခက်ခဲသလို ပြည်သူတွေလည်း ရွာတွေမှာ မနေဝံ့ဘဲ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ပြီးခဲ့တဲ့ စက်တင်ဘာလကုန်လောက်က ရဲဘော်နှစ်ယောက်က စစ်ကြောင်းနဲ့ တည့်တည့်တိုးပြီး လက်နက်တွေနဲ့ မိသွားတာ။ အသတ်ခံလိုက်ရတယ်၊ လက်နက်တွေလည်း ပါသွားတယ်။ လမ်းမပေါ်မှာ စစ်တပ် စစ်ကြောင်းတွေက အမြဲလိုလို ရှိနေတာ၊ ကားတွေနဲ့ ထွက်လာတာလည်း ရှိတယ်။ လမ်းဘေးနားမှာတင် ကင်းပုန်းဝပ်နေတာမျိုး ရှိတယ်။ လမ်းတွေက အကုန်လုံးနီးပါး ပိတ်သလိုမျိုး ဖြစ်နေတာ” လို့ ယင်းမာပင်မြို့နယ်ခံ အမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။

လက်ရှိမှာ စစ်အုပ်စုက ယင်းမာပင်မြို့၊ ပုလဲမြို့နဲ့ ပုလဲနယ် မင်းတိုင်ပင်ကျေးရွာတွေမှာ အထိုင်ချ တပ်စွဲထားပြီး ရိက္ခာပြတ်ပြီး ငတ်လာတိုင်း အနီးဝန်းကျင် ကျေးရွာတွေကို စီးနင်းလုယက် ဓားပြတိုက်နေသလို ကနီနယ်၊ မုံရွာ – ယာကြီး – ကလေးဝ လမ်းပေးမှာတော့ ချောင်းမ၊ တရော်ကျင်း၊ လင်ပုန်းရည် ကျေးရွာတွေ အပါအဝင် သုံးမိုင် တစ်ဂိတ်နှုန်းနီးပါး ဂိတ်ချတာ၊ ကင်းပုန်းဝပ်တာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

“သွားလာရတာ လွတ်လွတ်လပ်လပ် မရှိတော့ဘူးလေ။ စစ်တပ်က သူတို့ စိုးမိုးနယ်မြေ ဖြစ်သွားတော့တာပေါ့။ ကိုယ့်ဘက်က အဖွဲ့တွေလည်း ဘယ်ရောက်နေမှန်းကို မသိဘူး။ အရင်လို မိုင်းဆွဲတာတွေလည်း မရှိတော့ဘူး။ စစ်တပ်က ဝင်ချင်တိုင်းဝင် ထွက်ချင်းတိုင်းထွက်၊ အတားအဆီးက မရှိတော့ သူတို့ ယူချင်တာ အေးအေးဆေးဆေး ယူလို့ရနေတာပါ့။ ပုလဲနဲ့ ယင်းမာပင်၊ မင်းတိုင်ပင်ရွာ ကြားလည်း စစ်တပ်က သွားနေတာပဲ။ ဒေသခံတွေလည်း မသွားရဲကြတော့ဘူး၊ နေလည်း မနေရဲကြတော့ဘူး” လို့ ပုလဲမြို့နယ်ကနေ စစ်ရှောင်နေရတဲ့ အမျိုးသားတစ်ဦးကလည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ယင်းမာပင်မြို့နယ်၊ ပြန်လှည့်ကျေးရွာအနီးမှာ ပိတ်မိနေတဲ့ ဆီသယ်ကားတွေကို စစ်အုပ်စုက ဂျိုင်ရိုကော်ပတာတွေနဲ့ ဗုံးကြဲကာ နာရီဝက်အကြာမှာ ယင်းမာပင်မြို့ထဲကနေ စစ်ကြောင်း ထွက်လာပြီးနောက် ပြန်လှည့်ရွာကို စီးနင်းကာ ဆီကားသမားတွေနဲ့ ဒေသခံတွေကို ဖမ်းဆီးငွေညှစ်တာ၊ ပစ္စည်းသိမ်းတာ၊ ကျေးရွာထဲက ပြည်သူပိုင် တန်ဖိုးရှိ ပစ္စည်းတွေကို ဖောက်ထွင်းလုယက် ဓားပြတိုက်တာတွေ ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကနီမြို့နယ် မုံရွာ – ယာကြီး – ကလေးဝ ကားလမ်းတလျှောက် အထိုင်ချတပ်စွဲနေတဲ့ စစ်အုပ်စုဟာ ရိက္ခာပြတ်ပြီး ငတ်လာတိုင်း ပြည်သူပိုင်ပစ္စည်း လုယက်စားသောက်သလို ချင်းတွင်းမြစ် အနောက်ဘက်ကမ်း တလျှေက်ရှိ မုဌော၊ သမင်ခြံ၊ သင့်ဝံ၊ မင်းမ၊ အောင်မင်္ဂလာ စတဲ့ ကျေးရွာတွေ ကိုလည်း ထင်တိုင်းကျဲ စီးနင်းဝင်ရောက်ကာ ဖောက်ထွင်းခိုးယူ၊ ဓားပြတိုက် လုယက်နေပြီး ခိုးရာပါ ပစ္စည်းတွေကို စစ်ကားတွေနဲ့တင်ကာ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ) ထဲ သယ်ပို့ နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ယင်းမာပင်နားမှာဆို စစ်တပ်က လည်ငေါက်မှာ ကင်းပုန်းချတယ်၊ ပြီးရင် ဖမ်းတယ်။ ယင်းမာပင် နယ်ထဲမှာ လမ်းကြောတွေက အကုန်ပိတ်နေပြီ” လို့ ကုန်သည်တစ်ဦးက ဆိုပါတယ်။

မုံရွာမြို့၊ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းမှာရှိတဲ့ ယင်းမာပင်မြို့နယ်၊ အောင်ဇေယျမြို့သစ် ခေါ် အကျိုးအကန်းကုန်းကနေ ကျေးရွာတွေဘက်ကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးပစ်ခတ်တာတွေအပြင် ချင်းတွင်းတံတား အနောက်ဘက်၊ ပုသိမ် – မုံရွာလမ်းပိုင်းပေါ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း တည်ရှိရာ လမ်းပိုင်းတလျှောက်မှာလည်း စစ်အုပ်စုက ဂိတ်ချတာ၊ ကင်းပုန်းဝပ်တာ၊ အရပ်ဝတ်တွေနဲ့ သွားလာ လှုပ်ရှားနေတာတွေကြောင့် ဒေသခံတွေ အပါအဝင် ခရီးသွားတွေအတွက်လည်း သွားလာရေး အခက်တွေ့နေရတယ်လို့ ဆိုပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #ယင်းမာပင် ​ #​မုံရွာယာကြီးကလေးဝလမ်း

Related Articles

Back to top button