စစ်ကိုင်းသတင်း

စစ်ကိုင်းမှာ ဗိုလ်မှူးကြီးအဆင့်ရှိသူတစ်ဦးကို အရှင်ဖမ်းမိ၊ ထွက်ပြေးဖို့ကြိုးစားလို့ ပစ်ခတ်ခံရပြီး သေဆုံး၊စစ်ကိုင်းမြို့နယ်တွင်း ကျေးရွာတွေကို စစ်ကြောင်းထိုး ဗုံးကြဲနေလို့ ဒေသခံထောင်ချီ ထွက်ပြေးနေရ

MFP/Phoenix၊ အောက်တိုဘာ ၂၂

စစ်ကိုင်းတိုင်း၊ ကံတလူတိုးဂိတ်အနီးမှာ ဖမ်းဆီးရမိခဲ့တဲ့ ဗိုလ်မှူးကြီးဇော်မျိုးတင့်ဟာ ထိန်းသိမ်းခံထားရစဉ် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးရဲ့ သေနတ်ကို လုယူပြီး ထွက်ပြေးဖို့ ကြိုးစားတာကြောင့် ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက MFP ကိုပြောပါတယ်။

‌အောက်တိုဘာ ၁၈ ရက်နေ့က ဗိုလ်မှူးကြီး‌ဇော်မျိုးတင့်ဟာ အုန်းတော ၆၀၀၅ အမြောက်တပ်ကို သွားရောက်စစ်ဆေးပြီးအပြန် ကံတလူတိုးဂိတ်အနီး ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

“သူတို့တပ်ရင်းအောက်မှာရှိတဲ့ အုန်းတော ၆၀၀၅ ‌အမြောက်တပ်ရင်းက ရင်းမှူးနဲ့ သူ့လက်အောက်ငယ်သားတွေက ဂိတ်ဖွင့်ပြီး ဆက်ကြေးကောက်တာကို တိုင်ထားလို့ ဗိုလ်မှူးကြီး ဇော်မျိုးတင့်က သွားပြီး စစ်ဆေးပြီး အပြန်ဗျ” လို့ လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

အဲဒီနောက် အောက်တိုဘာ ၁၉ ရက်မှာ ဗိုလ်မှူးကြီးဇော်မျိုးတင့်ကို သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) တို့ဆီ လွှဲပြောင်းပေးဖို့ ပြင်ဆင်နေချိန်မှာ စစ်အုပ်စုက စစ်ကြောင်း ထိုးလာခဲ့ပြီး Mi-35 ရဟတ်ယာဉ်နဲ့ စစ်ကိုင်းမြို့နယ်အတွင်းက ကျေးရွာတွေကို လေကြောင်းက ဗုံးကြဲ တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

အဲဒီအချိန်မှာပဲ ဗိုလ်မှူးကြီးဇော်မျိုးတင့်က တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးရဲ့ သေနတ်ကို လုယူထွက်ပြေးဖို့ ကြိုးစားခဲ့လို့ ပစ်ခတ်ခဲ့ရတာလို့လည်း ဆိုပါတယ်။

“ဖမ်းဆီးရမိတဲ့နောက်တော့ ကျနော်တို့ဘက်က သူ့ကို ကောင်းကောင်းမွန်မွန် စောင့်ရှောက်ထားတယ်ဗျ။ သူကလည်း အလိုက်အထိုက် နေသေးတယ်။ စကစဘက်က စစ်ကြောင်းထိုး၊ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်တဲ့အချိန်ကျ ကျနော်တို့ ရဲဘော်ရဲ့ သေနတ်ကို လုယူထွက်ပြေးဖို့ ကြိုးစားတာ” လို့ လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

အဲဒီလို စစ်အုပ်စုရဲ့ မြေပြင်ဝေဟင် တိုက်ခိုက်မှုတွေကြောင့် စစ်ကိုင်းတိုင်းအတွင်းရှိ ကုန်းတန်းလေး၊ သာဒွန်းရွာ၊ မအူပင်အရှေ့ရွာ၊ မအူပင်အနောက်ရွာ၊ ညောင်ပင်စဉ်ရွာနဲ့ မြင်းမွှေးရွာတို့က ဒေသခံပြည်သူ ထောင်နဲ့ချီ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ် ပြောပါတယ်။

ဒါ့အပြင် စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုတပ်သားတွေက ကျေးရွာတွေအတွင်းရှိ ဒေသခံတွေရဲ့ ငွေကြေး၊ လက်ဝတ်လက်စားနဲ့ ဖုန်းတွေအပါအဝင် တချို့အိမ်တွေက သိန်းရာချီတန်ဖိုးရှိတဲ့ တန်ဘိုးကြီးပစ္စည်းတွေကို အတင်းအဓမ္မ ယူဆောင်တာတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကိုင်းမြို့နယ်အတွင်း အဆိုပါ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရပြီး လူနေအိမ်တချို့နဲ့ ဘုရားစေတီတွေလည်း ထိခိုက်ပျက်စီးခဲ့သလို နွားတွေလည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၁၈ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကံတလူတိုးဂိတ်အနီးမှာ ဖမ်းဆီးရမိခဲ့တဲ့ ဗိုလ်မှူးကြီးဇော်မျိုးတင့်/ဓာတ်ပုံ-လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့

Related Articles

Back to top button