
ပေါ်တာပိုဆွဲဖို့ ဘုရားပွဲ ထလုပ်တာ ဖြစ်မယ်လို့ဆို၊
မာကျူရီ/MFP၊ အောက်တိုဘာ – ၂၂
စစ်ကိုင်းတိုင်းရဲ့ မြို့တော် မုံရွာမြို့မှာ အာဏာသိမ်း စစ်အုပ်စုရဲ့ အုပ်ချုပ်ရေးရုံးတွေ မဖွင့်နိုင်လို့ ငါးနှစ်ကြာ မလုပ်နိုင်ခဲ့တဲ့ သီတင်းကျွတ် ပျော်ပွဲရွှင်ပွဲတွေကို ယခုနှစ်မှာ ပြန်လုပ်နေပြီး တချိန်တည်းမှာပဲ ပွဲလာသူတွေကို ပေါ်တာဆွဲဖို့ စီစဉ်ထားဟန်ရှိတယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။
ကိုဗစ်ကပ်ရောဂါကြောင့် ၂၀၂၀ ကတည်းက မလုပ်နိုင်ခဲ့တဲ့ မုံရွာမြို့လယ်ရှိ ဆုတောင်းပြည့် ဘုရားကြီး သီတင်းကျွတ်ပွဲကို ယခုနှစ်မှာ စစ်အုပ်စုက ပြန်လုပ်နေပြီး ဆိုင်ခန်းရောင်းတာ၊ ဆိုင်ကယ်နဲ့ စက်ဘီး အပ်နှံခံ လေလံရောင်းပြီး ငွေရှာတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုဟာ မုံရွာမြို့အနှံ့ လူငယ်လူရွယ်တွေကို ပေါ်တာဆွဲကာ အသေခံ စစ်သားသစ် စုဆောင်းနေတာ ဖြစ်ပြီး ယခုလတွေအတွင်း စစ်အုပ်စုက ပေါ်တာအဆွဲကြမ်းလို့ လမ်းပေါ် သွားလာသူ လျော့နည်းလာချိန် ဘုရားကြီးပွဲ အပါအဝင် ပျော်ပွဲရွှင်ပွဲတွေ လုပ်ကာ ပေါ်တာ ပိုဆွဲဖို့ ကြိုးစားတာ ဖြစ်မယ်လို့ မြို့ခံတချို့က သုံးသပ်ပါတယ်။
” သီတင်းကျွတ် ဘုရားကြီးပွဲ မလုပ်ဖြစ်နိုင်တာ ကြာပြီ။ ကိုဗစ်ကတည်းက မလုပ်နိုင်တာ၊ မနှစ်ကတော့ အနည်းအကျဉ်း ရှိတယ်၊ ဒီနှစ်တော့ တော်တော် စည်မယ်ထင်တယ်၊ ဆိုင်ခန်းငှားဖို့တွေတောင် ကြော်ငြာနေပြီဆိုတော့လေ၊ အဲ့ဒါကလည်း လူငယ်တွေအတွက် ကြောက်ရတယ်၊ ပေါ်တာဆွဲမှာကို ” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

မုံရွာ ဘုရားကြီးပွဲကို သီတင်းကျွတ်လပြည့်ကျော် ၅ရက်ကနေ လကွယ်နေ့အထိ (အောက်တိုဘာ ၃၁ကနေ နိုဝင်ဘာ ၉ရက်အထိ) လုပ်မယ်လို့ စစ်အုပ်စုက ကြေညာထားပါတယ်။
လက်ရှိမှာ စစ်အုပ်စုက ဘုရားကြီးပွဲ ဆိုင်ခန်းနေရာတွေ ရောင်းကာ နေရာချထားတာတွေ လုပ်နေပြီး ပွဲတော်ရက် မစခင်ကတည်းက စစ်အုပ်စု ကျောင်းကို လာတက်တဲ့ ကျောင်းသူကျောင်းသားတွေနဲ့ စည်ကားနေပြီလို့ မြို့ခံတွေက ပြောပါတယ်။
စစ်အုပ်စုဟာ အာဏာသိမ်ပြီးနောက် ငါးနှစ်ကျော်ကြာချိန်အထိ မုံရွာမြို့ပေါ် ရပ်ကွက်တိုင်းမှာ အုပ်ချုပ်ရေးရုံးတွေ ပြန်မဖွင့်နိုင်သေးဘဲ ယခုနှစ်မှာတော့ ရပ်ကွက်တချို့မှာ အုပ်ချုပ်ရေးရုံးတွေ ပြန်ဖွင့်ပြီးနောက် စစ်သားသစ် စုဆောင်းတာ၊ စာရင်းကောက်တာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
မုံရွာမြို့ပေါ် ရပ်ကွက် အုပ်ချုပ်ရေးရုံးတွေ ပြန်ဖွင့်လာနိုင်တဲ့ စစ်အုပ်စုက ငွေရှာဖို့နဲ့ ပေါ်တာဆွဲဖို့ ဘုရားပွဲနဲ့ ပျော်ပွဲရွှင်ပွဲတွေ ပြန်လုပ်တာ ဖြစ်မယ်လို့ မြို့ခံတွေက ဆိုပါတယ်။
လတ်တလော မုံရွာမြို့မှာ စစ်အုပ်စုက ပေါ်တာအဆွဲကြမ်းလို့ လူငယ်လူရွယ်တွေ အပြင်မထွက်ရဲ၊ မသွားလာရဲဘဲ အလုပ်အကိုင်တွေ ဆုံးရှုံးနေကြရသလို တခြားမြို့၊ရွာတွေကနေ မုံရွာမြို့ပေါ် စျေးရောင်းစျေးဝယ်တွေလည်း မလာရဲကြဘဲ မြို့ပေါ်မှာ လူအသွားအလာ ကြဲပါးကာ စီးပွာရေး လုပ်ငန်းတွေ အဆင်မပြေကြဘူးလို့ မြို့ခံတွေက ပြောပါတယ်။
စစ်အုပ်စုဟာ မုံရွာမြို့အနှံ့ လက်လုပ်လက်စား လူငယ်လူရွယ်တွေကို ပတ်မှတ်ထားကာ နေ့စဉ် လူဒါဇင်နဲ့ချီ ပေါ်တာဆွဲနေတာ ဖြစ်ပါတယ်။

မုံရွာမြို့ ဆုတောင်းပြည့် ဘုရားကြီး/Photo – CJ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့၊ ဝက်ဘ်ဆိုက်နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#အညာ #စစ်ကိုင်း #မုံရွာ #ဆုတောင်းပြည့်ဘုရားကြီးပွဲ



