မကွေးသတင်းအညာမြေ တော်လှန်ရေး

ချင်းတောင် ကျင်ဒွေးမြို့ ပြန်ရရေး စစ်အုပ်စု အင်အား ထောင်ချီနဲ့ ဆက်လက် ထိုးစစ်ဆင်နေ၊

ဝင်းသိန်း/MFP၊ အောက်တိုဘာ – ၂၂

မကွေးတိုင်း၊ ဆောမြို့နယ်၊ လောင်းရှည်မြို့ရှိ စစ်အုပ်စုရဲ့ လက်နက်စက်ရုံ ကပစ – ၂၅ ကနေတဆင့် ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ဘက် အာဏာသိမ်း စစ်အုပ်စုက အင်အား ထောင်နဲ့ချီ သုံးကာ ဆက်လက် စစ်ကြောင်းထိုးနေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ အပါအဝင် ချင်းပြည်တောင်ပိုင်းရှိ စစ်ရှုံးမြို့တွေ ပြန်ရရေးအတွက် သင်္ကြန်အပြီး မေလက စတင်ကာ မကွေးတိုင်း၊ ယောဒေသကတဆင့် ချင်း-မကွေး-ရခိုင်အစပ်၊ ချင်းပြည်တောင်ပိုင်းကို ထိုးဖောက်နိုင်ဖို့ ပေါ်တာဆွဲ စစ်သားသစ်တွေကို အသေခံ စစ်တိုက်ခိုင်းကာ လေကြောင်းပစ်ကူနဲ့ ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ စက်တင်ဘာ ၂၃ရက်က စပြီး လောင်းရှည်မြို့၊ အင်ဘူး၊ ကြိမ်ကြီးနဲ့ ဖိုးချင်တောင် ဘက်တွေဆီ အင်အားတွေ အသုတ်လိုက် ခွဲချကာ စက်တင်ဘာ ၂၆ ရက်မှာ ကန်ပက်လက်နယ် မဆာတွီရွာဘက်ကို စတင် ထိုးစစ်ဆင်လာခဲ့တာလို့ ဆိုပါတယ်။

အခု အောက်တိုဘာလဆန်းပိုင်းအတွင်း စစ်အုပ်စုက အင်အား ထပ်မံဖြည့်တင်းပြီး လောင်းရှည်ကနေ ကျင်ဒွေးမြို့ဘက် ဆက်လက် စစ်ကြောင်းထိုးနေတာလို့ စစ်ရေးသတင်းရင်းမြစ် တစ်ဦးက  MFP ကို ပြောပါတယ်။

“တပ်မ ၇၇ ဘက်တံဆိပ်ပါတဲ့ တပ်ဖွဲ့ဝင် ၁၀၀ ကျော် အောက်တိုဘာ ၆ ရက်နေ့မှာ လောင်းရှည်ကို ရောက်လာသလို၊ အောက်တိုဘာ ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာလည်း ကပစ ၂၅ ကနေ စစ်ကား ၁၅ စီးနဲ့ အင်အား ၄၀၀ ခန့် ထပ်မံ ဖြည့်တင်းခဲ့ပါတယ်။ အဲဒီအင်အားတွေကို လောင်းရှည်မြို့နဲ့ အင်ဘူးရွာဘက်ကို ခွဲဝေပို့ဆောင်ခဲ့တာပါ”

လက်ရှိမှာ စစ်အုပ်စုက လောင်းရှည်-ဆွဲလွှဲကျင်း-မဆာတွီ လမ်းပိုင်းတွေမှာ အထိုင်ယူထားကြတဲ့အပြင် ကျင်ဒွေးဘက်က လှိုင်ဒုတ်ရွာ ရွာသစ်နားနဲ့ မောချောင်းရွာ လမ်းပိုင်းတွေအထိပါ စစ်ကြောင်းထိုး ရောက်ရှိနေတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုက အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာနဲ့ ပတ်သက်လို့ ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်က “စစ်ကောင်စီဘက်က လောင်းရှည်မြို့မှာ မြို့စောင့်တပ်လောက်ပဲ ချန်ထားခဲ့ပြီး ရနိုင်သမျှ အင်အား အကုန်ထုတ်ပြီး ကျင်ဒွေးဘက်ကို စစ်ကြောင်းထိုးနေတာပါ။ လေကြောင်းကော မြေပြင် လက်နက်ကြီး ပစ်ကူတွေကိုပါ ဆက်တိုက်သုံးနေပေမဲ့ မဟာမိတ် တပ်ပေါင်းစုဘက်ကလည်း အပြင်းအထန် ခုခံတိုက်ထုတ်နေပါတယ်” လို့ သုံးသပ်ပြောပြပါတယ်။

လောင်းရှည် – လှိုင်ဒုတ် – ကျင်ဒွေး လမ်းကြောင်းကို စစ်ကြောင်းထိုးရာမှာ လောင်းရှည်ကနေ လှိုင်ဒုတ်ကျေးရွာအထိ သိမ်းပိုက်ရရှိထားပြီလို့ အာဏာသိမ်း စစ်အုပ်စုက အောက်တိုဘာ ၂၂ရက် ဒီကနေ့ အောင်ပွဲခံ သတင်းဖြန့်ပါတယ်။

ချင်းတောင်ပိုင်းရှိ စစ်ရှုံးနယ်မြေတွေ ပြန်ရရေး အင်အားထောင်ချီသုံးကာ ထိုးစစ်ဆင်လာတဲ့ စစ်အုပ်စုကို ချင်းပြည်သူ့တပ်တော် (CPA) အာရက္ခတပ်တော် (AA)၊ ချင်းညီနောင်(CB)၊ ယောဒေသ တပ်တွေ ဖြစ်ကြတဲ့ YA၊ YDF စတဲ့ အဟာမိတ်တပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်နေတယ်လို့ CPA က ထုတ်ပြန်ထားပါတယ်။

စစ်အုပ်စုဟာ ပြီးခဲ့တဲ့ မေလကနေ စက်တင်ဘာအထိ လောင်းရှည်ကနေ မင်းတပ်ဘက်ကို ထိုးစစ်ဆင်ခဲ့ပြီး အထိနာ အသေများကာ ရှေ့ဆက်မတိုးနိုင်တာကြောင့် ကန်ပက်လက်နယ်၊ ကျင်ဒွေးမြို့ဘက် ပြောင်းလဲထိုးစစ်ဆင်တာ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ တပ်မ-၉၉၊ တပ်မ ၁၀၁နဲ့ တပ်မ ၇၇ စတဲ့ ခြေမြန်တပ်မဌာနချုပ်တွေက ထုတ်နှုတ်အင်အားနဲ့ ပေါ်တာဆွဲ စုဆောင်းထားတဲ့ စစ်သားသစ်တွေကို အသေခံ ရှေ့ကတက်ခိုင်းကာ အင်အား ၃၀၀၀ ကျော်နဲ့ ထိုးစစ်ဆင်နေတာ ဖြစ်ပြီး ကျင်ဒွေးဘက်မှာရော မင်းတပ်ဘက်မှာပါ တိုက်ပွဲ ပြင်းထန်နေတယ်လို့ CPU မြေပြင်စစ်ရေး သတင်းရင်းမြစ်တစ်ဦးက MFP ကို ပြောပါတယ်။

“ကျင်ဒွေးဘက်က ထိတွေ့မှုတွေ ဖြစ်တယ်။ မင်းတပ်ဘက်မှာလည်း တိုက်ပွဲက ဆက်ဖြစ်နေတယ်။ ကျင်ဒွေး ဘက်ကိုက အင်အား ထပ်ပို့တာလည်း ရှိတယ်။ အင်အားက ၃၀၀၀ လောက်တော့ ရှိမှာ အားလုံး ပေါင်းရင်”

စစ်အုပ်စုဘက်က လက်နက်ကြီး ပစ်ကူ၊ လေကြောင်း ပစ်ကူသုံးကာ ထိုးစစ်ဆင်နေတာ ဖြစ်ပြီး တိုက်ပွဲဖြစ်တဲ့ နေရာတွေသာမက ပြည်သူကို ပစ်မှတ်ထားကာ မြို့၊ရွာတွေကိုပါ နေ့စဉ် ဗုံးပတ်ကြဲ သတ်ဖြတ်နေတယ်လို့ ဆိုပါတယ်။

“လေကြောင်းက အဆက်မပြတ်ပဲ၊ မိုးရွာလည်း ချတာပဲ၊ မိုးမရွာလည်း ချတာပဲ” လို့ CPU မြေပြင် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

အနီးဝန်းကျင်က ဒေသခံပြည်သူ ထောင်ပေါင်းများစွာဟာ ဘေးလွတ်ရာကို စစ်ဘေးရှောင် ထွက်ပြေးနေကြရဆဲ ဖြစ်ပါတယ်။

ချင်းတောင်ပိုင်း ကန်ပက်လက်၊ မင်းတပ်၊ ရွှေအောင်သာ စတဲ့ စစ်မျက်နှာတွေမှာ စစ်အုပ်စုနဲ့ တိုက်ပွဲတွေ ဖြစ်နေပြီး စစ်အုပ်စုက အင်အား ထပ်မံဖြည့်တင်းကာ စက်တင်ဘာ ၂၆ ရက်မှာ ကန်ပက်လက်နဲ့ ကျင်ဒွေးမြို့ကို ဦးတည် စစ်ကြောင်းထိုးလို့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ CPU က ထုတ်ပြန်ပါတယ်။

အဲဒီ တိုက်ပွဲတွေ ပြင်းထန်နေချိန် အောက်တိုဘာ ၁၈ ရက်နဲ့ ၁၉ရက်တွေမှာ ချင်းတောင်ပိုင်း ပလက်ဝမြို့နယ် ပီချောင်းဆုံနေရာနဲ့ လုံးတူ-တွီစပ်လမ်းခွဲနေရာတွေကို စစ်အုပ်စုက ဗုံးအလုံးရေ ၁၀၀ ကျော် ကြဲချတိုက်ခိုက်ခဲ့လို့ လသားကလေးငယ် အပါအဝင် ဒေသခံ ကိုးဦး သေဆုံးပြီး ဒဏ်ရာရသူ ငါးဦးရှိတယ်လို့  CPU က ဖော်ပြပါတယ်။

ပီချောင်းဆုံ ကုန်တင်ကုန်ချဆိပ်ကမ်းအနီးက ကုန်တင်ကုန်ချအလုပ်သမားတွေနဲ့ စျေးရောင်းဝယ်သူတွေ သေဆုံးခဲ့တာဖြစ်ပြီး စျေးဆိုင်ခန်းတွေပျက်စီးခဲ့တယ်လို့ ‌ပလက်ဝဒေသခံတစ်ဦးက ပြောပါတယ်။

စစ်အုပ်စုဟာ ချင်းတောင်ပိုင်းကို စစ်ကြောင်းထိုးချိန်မှာ လေကြောင်းဗုံးကြဲတာတွေ တရစပ် ကျူးလွန်ခဲ့ပြီး စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားတွေရှိရာ လူနေအိမ်တွေ၊စာသင်ကျောင်း၊ဆေးရုံ၊ ဘာသာရေး အဆောက်အဦးတွေနဲ့ စျေးတန်းတွေကို ဦးတည်တိုက်ခိုက်တာတွေ လုပ်နေတယ်လို့ CPUက ဖော်ပြပါတယ်။

ချင်းတောင်ပိုင်းရှိ စစ်ရှုံးနယ်မြေတွေ ပြန်ရရေး စစ်အုပ်စုက စစ်ကြောင်းစထိုးတဲ့ မေလနောက်ပိုင်း ငါးလကျော်အတွင်း စစ်အုပ်စုက ပြည်သူကို ပစ်မှတ်ထားကာ ဗုံးကြဲလို့ ကလေးသူငယ်နဲ့ အမျိုးသမီးတွေ အပါအဝင် အရပ်သား ၂၀ ကျော် သေဆုံးကာ ဒဏ်ရာရသူ ၃၀ ကျော် ရှိခဲ့ပါတယ်။

စစ်အုပ်စုရဲ့ လေကြောင်းဗုံးကြဲမှု အပါအဝင် တွေ့သမျှပြည်သူ ဖမ်းဆီး သတ်ဖြတ်နေတာကြောင့် ယောဒေသနဲ့ ကန်ပက်လက်မြို့နယ် အပါအဝင် ချင်း- မကွေး – ရခိုင်အစပ် မြို့ရွာတွေက ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေကြရတာ လနဲ့ချီ ကြာမြင့်နေပြီ ဖြစ်ပါတယ်။

ကျင်ဒွေးမြို့ အပါအဝင် ချင်းပြည်တောင်ပိုင်းရှိ မင်းတပ်၊ ကန်ပက်လက် စတဲ့မြို့တွေကို ၂၀၂၄ ကတည်းက ချင်းတော်လှန်ရေးတပ်တွေက သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။

ချင်းပြည်တောင်ပိုင်းရှိ စစ်ရှုံးထားတဲ့ ကျေးရွာတချို့ကို ပြန်ရပြီးနောက် အောင်ပွဲခံနေတဲ့ စစ်အုပ်စုနဲ့ စစ်အုပ်စု ဗုံးကြဲသတ်လို့ သေဆုံးတဲ့ ပြည်သူတွေ/Photo – စစ်အုပ်စု၊ CPU

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#ချင်း #မင်းတပ် #ကျင်ဒွေး #ကန်ပက်လက်

Related Articles

Back to top button