
မျိုးစေ့တွေ မီးလောင်ဆုံးရှုံးသွားတာကြောင့် ဆောင်းသီးနှံ စိုက်ပျိုးဖို့ အခက်တွေ့နေ
MN/MFP ၊ အောက်တိုဘာ – ၂၉
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်မှာ စစ်အုပ်စုစီးနင်းလုယက်မီးရှို့ခဲ့တဲ့ ကျေးရွာသုံးရွာက ဒေသခံပြည်သူ ၁၀၀၀ကျော်ဟာ စားဝတ်နေရေး ခက်ခဲပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။
ချောင်းဦးနယ်တောင်ခြမ်း ချောင်းဦး-ပခုက္ကူ ကားလမ်းဘေးက ကျေးရွာတွေကို ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်ကနေ ၁၂ ရက်ထိ စစ်အုပ်စု အင်အား ၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုး စီးနင်းလုယက် မီးရှို့ခဲ့တာကြောင့် ဆင်မြေရွာက ဒေသခံတွေ ကိုးကွယ်နေကြတဲ့ မဟာလာဘမုနိ ချမ်းသာကြီးမြတ်စွာဘုရား – ရှေးဟောင်းနှီးဘုရား ရုပ်ပွားတော်မြတ်ကြီးအပါအဝင် သာသနိက အဆောက်အဦးတွေ မီးလောင်ပျက်စီးခဲ့သလို ဆင်မြေရွာက အိမ်ခြေ ၂၈၀၊ ငါးလုံးတင်ရွာက အိမ်ခြေ ၂၈ လုံးနဲ့ မှန်ချိုရွာက အိမ်ခြေ ၂၈ လုံး စုစုပေါင်း အိမ်ခြေ ၃၃၀ ကျော် မီးလောင်ပြာကျခဲ့တာ ဖြစ်ပါတယ်။



စစ်အုပ်စုမီးရှို့ဖျက်ဆီးပြီး လေးလကျော်ရှိလာချိန်အထိ အဆိုပါရွာသုံးရွာက ဒေသခံပြည်သူ ၁၀၀၀ ကျော်ဟာ အလုပ်အကိုင်တွေလည်း ရှားပါးနေသလို ပြန်လည်ထူထောင်ရေးအတွက် အကူညီတွေ လိုအပ်နေဆဲဖြစ်တယ်လို့ မီးဘေးသင့်ပြည်သူတွေက MFP ကို ပြောပါတယ်။
“ အခုက(မီးလောင်ခဲ့တဲ့အိမ်) ဘိုးစဉ်ဘောင်ဆက် စုဆောင်းလာခဲ့ရတဲ့ဟာတွေ။ ကျွန်တော်တို့ စုဆောင်းလာခဲ့ရတာတွေက တချို့တောင်သူကြီးတွေလို တောင်သူကနေရလို့မို့ဆို တမျိုးပေါ့။ ကျွန်တော်တို့ဆိုတာ တံဇဉ်ကိုင် ပေါက်ပြားကိုင်ပြီးတော့မှ စုဆောင်းလာရတာလေ၊ ဒီလို အိမ်တစ်လုံးဖြစ်ဖို့ဆိုတာက။ အဓိက,ကတော့ ဝင်းတဝန်း ဝယ်ဖို့ဆိုရင်တောင် ကျွန်တော်တို့လို အိမ်ထောင်ခွဲတွေအနေနဲ့ လေး၊ငါး၊ဆယ်နှစ်ဆိုရင်ကို မရနိုင်သေးဘူး။ အခုဆိုရင် ရေမော်တာတွေ စက်တွေပါ လောင်သွားတာဆိုတော့ ရေအတွက်ပါ အခက်အခဲဖြစ်နေတယ်။ အခက်အခဲဖြစ်နေတာတွေကတော့ အများကြီးပါ။ အခု မီးလောင်တဲ့ အိမ်လေးတွေက အဆင်ပြေသလို တဲလေးတွေ ပြန်ဆောက်ပြီး နေနေကြတယ်”လို့ ဆင်မြေရွာက မီးဘေးသင့်ဒေသခံက ပြောပါတယ်။
လက်ရှိမှာ စစ်အုပ်စုတွေ မီးရှို့ခဲ့တာကြောင့် မီးဘေးသင့်ခဲ့တဲ့ ဒေသခံတွေဟာ မီးလောင်ပြင်ရှင်းလင်းပြီး တဲအိမ်လေးတွေ အဖြစ်ဆောက်လုပ် နေထိုင်နေကြသူတွေရှိသလို နီးစပ်ရာ ဆွေမျိုးတွေဆီ သွားရောက်နေထိုင်ကြသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
စစ်အုပ်စု မီးရှို့ခဲ့လို့ မီးဘေးသင့်ခဲ့ရတဲ့ ဆင်မြေ၊ ငါးလုံးတင်နဲ့ မှန်ချိုကျေးရွာက ဒေသခံတောင်သူတွေဟာ မြေပဲ၊ ပဲတီစိမ်း၊ ဂျုံ၊ ကုလားပဲ၊ နှမ်း စတဲ့ ယာသီးနှံတွေကို အဓိက စိုက်ပျိုးလုပ်ကိုင်ကြတာဖြစ်ပြီး လက်ရှိမှာ သီးနှံတွေနဲ့ မျိုးစေ့တွေပါ မီးလောင်ပျက်စီးသွားခဲ့တာကြောင့် ဆောင်းသီးနှံစိုက်ပျိုးနိုင်ဖို့ အခက်ကြုံနေရပြီး ချေးငှားလုပ်ကိုင်စားသောက်နေရတယ်လို့ ဆင်မြေရွာခံ နောက်တစ်ဦးက အခုလိုပြောပါတယ်။
“အခုကျတော့ အရင်ကလိုလာပြီး ကူညီလှူဒါန်းပေးသူတွေလည်း နည်းသွားပြီ။ အခု ဆောင်းသီးနှံတွေ စိုက်ပျိုးဖို့အတွက် မျိုးစေ့တွေလိုအပ်နေကြတာ။ ဟိုသူ့ဆီကနေ ချေး၊ ဒီလူ့ဆီကနေ ငှားနဲ့ လုပ်နေကြရတာ။ မီးရှို့ခံရတဲ့အထဲမှာ သီးနှံတွေရော မျိုးစေ့တွေရော အကုန်ပါသွားတာဆိုတော့ တောင်သူတွေ ပြန်စိုက်ဖို့အတွက် အရင်းနှီးတွေလည်း မရှိကြသလို မျိုးစေ့တွေလည်း မရှိကြတော့ဘူး။ အဲဒီတော့ မျိုးစေ့တွေ ကူညီထောက်ပံ့ပေးနိုင်ရင် မဆိုးဘူးပေါ့။ နောက်ပြီးတော့ ကျွန်တော်တို့ရွာမှာက လက်မှုပစ္စည်းဖြစ်တဲ့ ဂျုံဦးထုပ်လေးတွေ အရင်က လုပ်ကြတယ်။ အခု ဂျုံရိုးတွေပါ မီးထဲပါသွားတာဆိုတော့ အလုပ်မရှိ ဘာမရှိနဲ့ အတော်လေး ခက်ခဲနေကြတယ်”လို့ ဆင်မြေရွာ ဒေသခံက ပြောပါတယ်။
ချောင်းဦးမြို့နယ်ထဲက မီးဘေးသင့်နဲ့ စစ်ဘေးသင့်ပြည်သူတွေကို NGO အဖွဲ့အစည်းတွေကနေ ကူညီထောက်ပံ့မှုတချို့ရှိခဲ့ပေမယ့် မြို့နယ်အုပ်ချုပ်ရေးဘက်ကတော့ အခွန်အခကောက်ခံရရှိမှု နည်းပါးတဲ့ ဒေသဖြစ်တာကြောင့် အများကြီး ကူညီထောက်ပံ့ပေးတာ မလုပ်နိုင်ခဲ့ဘူးလို့ ချောင်းဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ – ပအဖ တာဝန်ရှိသူက MFP ကို ရှင်းပြပါတယ်။
“ပျူရွာတွေနဲ့ စကစစခန်း အနီးမှာရှိကြတဲ့ စစ်ဘေးရှောင်တွေအများစုကတော့ လယ်ယာလုပ်ငန်းတွေ လုပ်ကိုင်လို့မရဘူး။ အနည်းစုကတော့ လွတ်တဲ့နေရာမှာတော့ လုပ်လို့ရကြတာပေါ့။ အများစုကတော့ ကြုံရာကျပန်း အလုပ်တွေ လုပ်ကြရတာပေါ့။ ကျပန်းအလုပ်ဆိုတော့ အဆင်ပြေတဲ့အချိန်ရှိသလို အဆင်မပြေတဲ့ အချိန်တွေလည်း ရှိတာပေါ့။ NGO, CSO အဖွဲ့တွေရဲ့ အကူညီတချို့တော့ ရတယ်။ မြို့နယ်အုပ်ချုပ်ရေးဘက်ကတော့ အခွန်အခ အရနည်းတဲ့ မြို့နယ်ဆိုတော့ နည်းနည်းပဲ ကူညီပေးနိုင်တယ်။ အလုပ်လုပ်နိုင်တဲ့ မိသားစုများတဲ့သူတွေကတော့ စားဝတ်နေရေးအတွက်က အဆင်ပြေသလောက်ကတော့ ပြေတာပေါ့။ အလုပ်လုပ်နိုင်သူ နည်းတဲ့မိသားစုကျတော့ ပိုပြီးတော့ ခက်ခဲကြတာပေါ့။ အဲဒီတော့ နေထိုင်စားသောက်ရေးတွေက ဘယ်သူမှ အဆင်ပြေမနေကြပါဘူး။ ဖြစ်သလိုပဲ နေ,နေကြရတာ”လို့ ချောင်းဦးမြို့နယ် ပအဖ တာဝန်ရှိသူက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လမှာ ချောင်းဦးမြို့နယ်တောင်ခြမ်းက ကျေးရွာတွေကို စစ်ကြောင်းထိုးမီးရှို့ခဲ့တဲ့ စစ်အုပ်စုတွေဟာ ဆင်မြေရွာက လေဖြတ်နေလို့မသွားလာနိုင်တဲ့ အသက် ၆၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးကို နေအိမ်ထဲထည့် မီးရှို့သတ်ဖြတ်ခဲ့သလို ဆင်မြေရွာနဲ့တဆက်တည်းဖြစ်တဲ့ ငါးလုံးတင်ရွာက အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးကိုပါ ဖမ်းဆီးနှိပ်စက်ကာ မီးရှို့သတ်ဖြတ်ခဲ့ပါသေးတယ်။ ဒါ့အပြင် ရွာတော်လေးရွာက အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်သွားခဲ့တယ်လို့ ဒေသခံတွေက ဆိုထားပါတယ်။
ဒါ့အပြင် အဲဒီစစ်ကြောင်းဝင်ရောက်လာချိန်မှာ စစ်ဘေးတိမ်းရှောင်နေကြတဲ့ ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေထဲက အဖိုးတန်ပစ္စည်း အများအပြားကို ကားတွေနဲ့ သယ်ထုတ်ပြီး ချောင်းဦးမြို့ပေါ်နဲ့ မုံရွာမြို့ပေါ်ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို အကြိမ်ကြိမ် ခိုးယူသွားခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စုတွေ စီးနင်းလုယက်မီးရှို့ဖျက်ဆီးခဲ့တဲ့ ငါးလုံးတင်၊ ဆင်မြေနဲ့ မှန်ချို ကျေးရွာတွေဟာ ချောင်းဦး-ရေစကြို-ပခုက္ကူ ကားလမ်းဘေးမှာ တဆက်တည်းတည်ရှိတဲ့ ကျေးရွာတွေဖြစ်ပြီး ဆင်မြေရွာက အိမ်ခြေ ၅၀၀ ဝန်းကျင်၊ ငါးလုံးတင်ရွာက အိမ်ခြေ ၇၀၀ ကျော်နဲ့ မှန်ချိုရွာကတော့ အိမ်ခြေ ၁၀၀၀ နီးပါးရှိတဲ့ ရွာကြီးတွေလည်း ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုး (NUG)၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ငါးနှစ်အတွင်း စစ်အုပ်စုဟာ စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေကို ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးတာတွေ လုပ်ခဲ့ပြီး မှတ်တမ်းတွေအရ ကျေးရွာနဲ့ ရပ်ကွက်ပေါင်း (၁၁၇၅)ခုကို ထိခိုက်စေခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဇွန်လအတွင်းက ချောင်းဦးနယ်ကို စစ်အုပ်စုစစ်ကြောင်းထိုး မီးရှို့လို့ ပြာကျသွားတဲ့ရွာတွေနဲ့ ထွက်ပြေးနေရတဲ့ ပြည်သူတွေ (ပုံဟောင်း)/ ဓာတ်ပုံ-ဒေသခံ



