သတင်း

ချောင်းဦးမှာ ပဌာန်းပွဲကျင်းပနေတဲ့ ဘုန်းကြီးကျောင်းကို ဒရုန်းနဲ့ဗုံးကြဲလို့ သံဃာတော်တစ်ပါး ပြင်းထန်ဒဏ်ရာရ၊

တစ်လအတွင်း စစ်အုပ်စု ဗုံးကြဲလို့ ဒေသခံနှစ်ဦး သေဆုံးပြီး သံဃာတော်သုံးပါး ထိခိုက်ဒဏ်ရာရထား

MN/MFP ၊ အောက်တိုဘာ – ၃၀

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်မှာ ဒီကနေ့ မနက်အစောပိုင်းက ပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ကျင်းပနေတဲ့ ဘုန်းကြီးကျောင်းကို စစ်အုပ်စုက တိုက်ပွဲဖြစ်စဉ်မရှိဘဲ အသေခံဒရုန်းနဲ့ ဗုံးကြဲခဲ့တာကြောင့် သံဃာတော်တစ်ပါး ပြင်းထန်ဒဏ်ရာ ရရှိသွားခဲ့ပြီး ပဌာန်းပွဲပါ ဖျက်သိမ်းလိုက်ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဒီကနေ့ အောက်တိုဘာ ၃၀ ရက် မနက် ၁၂ နာရီကျော်မှာ မုံရွာမြို့ပေါ်ရှိ စစ်အုပ်စု အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေ လွှတ်တင်လိုက်တဲ့ အသေခံဒရုန်း နှစ်စင်းနဲ့ ချောင်းဦးနယ် အနောက်ခြမ်းက တောကျောင်းလေးရွာ ဘုန်းကြီးကျောင်းမှာ ကျင်းပနေတဲ့ ပဌာန်းပွဲကို ဗုံးကြဲသွားခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“တောကျောင်းလေးရွာက ဘုန်းကြီးကျောင်း ပဌာန်းပွဲကို အသေခံဒရုန်းနဲ့ လေကြောင်းဗုံးကြဲသွားတာ။ ဘုန်းကြီးတစ်ပါး ခြေထောက်မှာ ပြင်းထန်ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ပါတယ်။ အသက်အန္တရာယ်ကတော့ မစိုးရိမ်ရဘူး၊ ဒဏ်ရာပြင်းထန်ရသွားတာ။ ပဌာန်းပွဲကတော့ ဖျက်လိုက်ရတာပေါ့”လို့ ချောင်းဦးနယ် ဒေသခံ အမျိုးသားက MFP ကို ပြောပါတယ်။

စစ်အုပ်စုက ပဌာန်းပွဲပြုလုပ်နေတဲ့ ဘုန်းကြီးကျောင်းကို အသေခံဒရုန်းနဲ့ လေကြောင်းဗုံးကြဲသွားခဲ့တာကြောင့် သက်တော် ၅၆ နှစ်အရွယ်ရှိ ဆရာတော် ဦးအဂ္ဂဉာဏ ခြေထောက် နှစ်ဖက်မှာ ပြင်းထန်ဒဏ်ရာရရှိသွားခဲ့ပြီး ဘုန်းကြီးကျောင်းဆောင်တွေလည်း ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်ကလည်း ချောင်းဦးမြို့နယ် အရှေ့တောင်ခြမ်းရှိ ပန်းလှ တောရဘုန်းကြီးကျောင်းကို တိုက်ပွဲဖြစ်စဉ်မရှိဘဲ စစ်အုပ်စု တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ တစ်စီးနဲ့ လေကြောင်းက ဗုံးကြဲပစ်ခတ်ခဲ့တာကြောင့် သံဃာတော် နှစ်ပါး ထိခိုက်ဒဏ်ရာရှိခဲ့ပြီး သာသနိက အဆောက်အဦတွေ ထိခိုက်ပျက်စီးသွားခဲ့ပါသေးတယ်။

ချောင်းဦးနယ်ထဲမှာ မြေပြင်တိုက်ပွဲနဲ့ စစ်ကြောင်းမရှိဘဲ စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲနေတာဖြစ်ပြီး အောက်တိုဘာ ၂ ရက်ကလည်း ချောင်းဦးနယ်အနောက်တောင်ခြမ်းရှိ စစ်ဘေးရှောင်တွေနေထိုင်တဲ့နေရာကို စစ်အုပ်စု လေကြောင်းဗုံးကြဲခဲ့တာကြောင့် အမျိုးသား နှစ်ဦး သေဆုံးခဲ့ပါသေးတယ်။

စစ်အုပ်စုက ချောင်းဦးနယ်ထဲမှာ တိုက်ပွဲဖြစ်စဉ်မရှိဘဲ ဘုန်းကြီးကျောင်းနဲ့ ကျေးရွာတွေကို လေကြောင်းကနေ မကြာခဏ ဗုံးကြဲတိုက်ခိုက်နေတာဖြစ်သလို ချောင်းဦးနယ်နဲ့ထိစပ်နေတဲ့ မြောင်၊ မြင်းမူစတဲ့ မြို့နယ်တွေကိုလည်း လေကြောင်းက ဗုံးကြဲနေတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၁ ရက်ကလည်း မြောင်မြို့နယ် ဆွဲလဲအိုကျေးရွာမှာ ဝါတွင်းကာလ ဥပုသ်နေ့ တရားစခန်းပွဲပြုလုပ်နေတဲ့ ဘုန်းကြီးကျောင်းဝန်းထဲကို စစ်အုပ်စု တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ တစ်စင်းနဲ့ လေကြောင်းကနေ ဗုံးကြဲခဲ့သတ်ဖြတ်ခဲ့တာကြောင့် ဥပုသ်သည်တွေနဲ့ တရာစခန်းဝင် ယောဂီတွေ အပါဝင် ဒေသခံပြည်သူ ၁၆ ဦး သေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ နိုင်ငံတဝန်းမှာ ဘုန်းကြီးကျောင်းတွေ၊ ဘုရားကျောင်းတွေအပါအဝင် အရပ်သားပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်ကျူးလွန်နေပြီး အာဏာသိမ်းကာစကနေ ဒီနှစ် ဩဂုတ်လကုန်အထိ ငါးနှစ်ကျော်အတွင်း လေကြောင်းဗုံးကြဲမှုပေါင်း ၁၄၀၅၅ ကြိမ် ကျူးလွန်ခဲ့ပြီး အရပ်သားပြည်သူ ၆၀၆၂ ဦးသေဆုံးခဲ့ကာ စာသင်ကျောင်း၊ဆေးရုံဆေးခန်း၊ ဘာသာရေးအဆောက်အအုံနဲ့ အရပ်သားပိုင်အဆောက်အအုံ ၁၅၁၇ခု ပျက်စီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ထုတ်ပြန်ထားပါတယ်။

ဒီကနေ့မနက်အစောပိုင်းက ချောင်းဦးနယ် တောကျောင်းလေးရွာ ဘုန်းကြီးကျောင်းပဌာန်းပွဲကျင်းပနေချိန် ဗုံးကြဲသွားခဲ့စဉ်/ဓာတ်ပုံ-ဒေသခံ

Related Articles

Back to top button