
နေ့စဉ် လုယက်ခံရပြီး ထွက်ပြေးနေရတာကြောင့် ပြည်သူတွေ ဒုက္ခကြုံ၊
မောင်သက်/MFP၊ အောက်တိုဘာ – ၃၀
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ပေါ် အထိုင်ချတပ်စွဲထားတဲ့ အာဏာသိမ်း စစ်အုပ်စုဟာ မြို့အနီးဝန်းကျင် ကျေးရွာတွေကို နေ့စဥ် စီးနင်းလုယက် ဓားပြတိုက်ကာ ရသမျှပစ္စည်း စစ်ကားပေါ်ဆွဲတင်ပြီးနောက် အစာရိက္ခာ စုဆောင်းနေတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။
ယင်းမာပင်မြို့တွင်းနေ စစ်အုပ်စုဟာ ယခင်လတွေက ရိက္ခာပြတ်ပြီး ငတ်လာချိန်မှ ကျေးရွာတွေကို စစ်ကြောင်းထိုးကာ အစာရှာထွက်လေ့ရှိပေမယ့် သြဂုတ်လဆန်းပိုင်းက စလို့ ခပ်စိပ်စိပ် စစ်ကြောင်း ထိုးလာပြီး ယခု အောက်တိုဘာမှာတော့ နေ့စဉ် နှစ်ဖွဲ့၊သုံးဖွဲ့ခွဲကာ ဓားပြတိုက်ထွက်နေတာပြီး ပြည်သူကို တွေ့ရင် ဖမ်းဆီးသလို နေအိမ်တွေကို ဖောက်ထွင်းကာ တန်ဘိုးရှိ ပစ္စည်းမှန်သမျှ စစ်ကားပေါ် ဆွဲတင်ကာ ယင်းမာပင်မြို့ထဲ သယ်ယူနေတာလို့ ဆိုပါတယ်။


“စစ်ကြောင်းက နေ့တိုင်းထွက်တာ၊ လည်ငေါက်ရွာဆို အထိုင်ပါ ချထားတယ်။ အများဆုံး စစ်ကြောင်း ရောက်တာက လည်ငေါက်၊ နှောရိုး၊ ရွာသာယာရွာ တွေပဲ” လို့ ဒေသခံ ရပ်ကျေး ပကဖ အဖွဲ့ဝင် တစ်ဦးက MFP ကို ပြောပါတယ်။
စစ်အုပ်စု ရန်ကြောင့် ယင်းမာပင်မြို့ ပတ်လည်ရှိ မြို့သစ်၊ နှောရိုး၊ ကောင်းဆင့်၊ ရွာသာယာ၊ မြေကြက်ဆူ၊ ရွာထောင်မြို့ပေါ်၊ ရုံးလေးပင်၊ လက်လှုပ်၊ ပြောင်းပြာ၊ စားတော်ပြင်၊ တမာပင်ခွ၊ မင်းကံတိုက်၊ လည်ငေါက်၊ သရက်ကန်၊ ငါးမောင်း၊ လက်တောင်းကြီး၊ လက်တောင်းငယ် စတဲ့ ကျေးရွာနေ ပြည်သူတွေ နေ့စဥ်ရက်ဆက် စစ်ဘေးရှောင် နေကြရတယ်လို့ ဆိုပါတယ်။
“နေ့စဉ် ပြေးလွှားနေကြရတော့ စိတ်သောကတွေ ရောက်ရတယ်။ ကုန်စျေးနှုန်းတွေ ကြီးတဲ့ကြားက ဓာတ်ဆီ ဝယ်ရတာတွေလည်း မလွယ်ဘူး။ နေ့စဉ် စစ်ကြောင်းထိုးတာ ဆိုတော့ အထုပ်အပိုးတွေ ကလည်း နေ့စဉ်နဲ့အမျှ ပြင်ဆင်ထားရတယ်။ သူတို့ (စစ်အုပ်စု)က ရွာထဲကို ဝင်လာပြီဆိုရင် ကိုယ်မနိုင်တဲ့ ပစ္စည်းလေးတွေ ထားခဲ့ရင်တောင်မှ သူတို့က သူတို့ လိုချင်တဲ့ပစ္စည်း အကုန်ယူသွားတယ်။ မယူချင်တဲ့ ပစ္စည်းကျတော့ အကုန်လုံး ရိုက်နှက် ဖျက်ဆီးခဲ့တာတွေ ရှိတာပေါ့။ ပြီးတော့ အရင် တုန်းကထက် စားဝတ်နေရေး အကုန်လုံး ပိုပြီးတော့ ခက်ခဲ ကြပ်တည်း လာတာပေါ့ရှင်” လို့ ဒေသခံ စစ်ရှောင် အမျိုးသမီးတစ်ဦးက MFP ကို ပြောပါတယ်။
စစ်အုပ်စုဟာ ယင်းမာမင်မြို့ရဲ့ အရှေ့ဘက်၊ မြောက်ဘက်နဲ့ အနောက်ဘက်အရပ်တွေဘက် သုံးဖွဲ့ခွဲကာ ဓားပြတိုက် ထွက်လေ့ရှိပြီး လည်ငေါက်၊ တမာပင်ခွနဲ့ မင်းကံတိုက်ရွာတွေဘက်ကို တစ်ဖွဲ့၊ နှောရိုးနဲ့ ရွာသာယာ ရွာတွေဘက် တစ်ဖွဲ့၊ မြို့ပေါ်နဲ့ မြေကြက်ဆူရွာတွေဘက်ကို တစ်ဖွဲ့၊ စစ်ကြောင်းထိုးလေ့ ရှိတယ်လို့ ဆိုပါတယ်။
“တခါတလေ ဒုန်းဒုန်းဒိုင်းဒိုင်းနဲ့ ပစ်ခတ်ပြီး ထွက်လာတယ်၊ ချက်ချင်းပြန်ဝင်ချင်တဲ့အခါလည်း ဝင်သွားတာတွေ ရှိတယ်။ သူတို့ ထင်သလိုကို လုပ်နေတာပါ။ ပြည်သူတွေကတော့ အမြဲတန်း ပြေးနိုင်ဖို့ ပြင်ထားရတာ” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
ယင်းမာပင်နယ်ထဲ ဓားပြတိုက်ထွက်တဲ့ စစ်အုပ်စုဟာ ရွာတွေကို စီးနင်းကာ နေအိမ်တွေ ဖောက်ထွင်း ပြီးနောက် စားနပ်ရိက္ခာ၊ ဆိုင်ကယ်၊ ဖုန်း စတဲ့ တန်ဘိုးရှိပစ္စည်းတွေ လုယက်ပြီး ပြည်သူကို တွေ့ရင်တော့ ဖမ်းဆီးတာ၊ သတ်ဖြတ်တာ၊ ငွေနဲ့ပြန်ရွေးခိုင်းတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေအတွင်း ယင်းမာပင်နယ်ကို တော်လှန်ရေးတပ်တွေက စိုးမိုးထားချိန် စစ်အုပ်စု အနေနဲ့ မြို့ပေါ်မှာသာ ခိုအောင်းနေခဲ့ပြီး ရွေးကောက်ပွဲပင် မလုပ်နိုင်ခဲ့ပေမယ့် လက်ရှိမှာတော့ ပေါ်တာဆွဲ စစ်သားသစ်တွေနဲ့ အင်အားဖြည့်ကာ နေ့စဉ် စစ်ကြောင်းပတ်ထိုး ဓားပြတိုက်ကာ အစာရိက္ခာ စုဆောင်းနေသလို ဒေသတွင်း နယ်မြေစိုးမိုးနိုင်ဖို့အတွက် ကြိုးစားနေတာလို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။
စစ်အုပ်စု ရန်ကြောင့် ထွက်ပြေးနေရတဲ့ ယင်းမာပင်နယ်က ပြည်သူတွေ/Photo – ဒေသခံ (ပေးပို့)



