အာဆီယံ အနေနဲ့ စစ်အုပ်စုနဲ့ ဆက်ဆံရာမှာ မြန်မာပြည်သူတွေရဲ့ မျှော်လင့်ချက်ကို ထင်ဟပ်ဖို့ မြန်မာ့ နိုင်ငံရေး အဖွဲ့အစည်း ၁၆ ဖွဲ့က တိုက်တွန်း၊

ဝင်းသိန်း/MFP၊ နိုဝင်ဘာ – ၃
အရှေ့တောင်အာရှ နိုင်ငံများအသင်း – အာဆီယံ (ASEAN) ခေါင်းဆောင်တွေအနေနဲ့ မြန်မာ အာဏာသိမ်း စစ်အုပ်စုနဲ့ ထိတွေ့ ဆက်ဆံရာမှာ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီဆန္ဒနဲ့ မျှော်မှန်းချက်တွေကို ထင်ဟပ်ဖို့ လိုအပ်ပြီး စစ်အုပ်စုကို တရားဝင်မှုပေးနိုင်ဖို့ ဦးတည်ရည်ရွယ်တာမျိုး ဖြစ်မှာကို စိုးရိမ်တယ်လို့ မြန်မာ့နိုင်ငံရေး အဖွဲ့အစည်း ၁၆ဖွဲ့က အိတ်ဖွင့်ပေးစာ ပေးပို့လိုက်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် – NLD ပါတီ အပါအဝင် မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်း လွှတ်တော် ကိုယ်စားပြု အဖွဲ့တွေ၊ ဖက်ဒရယ်ယူနစ် လွှတ်တော်တွေနဲ့ ကြားကာလ အစိုးရတွေ ပါဝင်တဲ့ အဖွဲ့အစည်း ၁၆ ခုက အာဆီယံ ခေါင်းဆောင်တွေထံ ဒီကနေ့ နိုဝင်ဘာ ၃ရက် ရက်စွဲနဲ့ အိတ်ဖွင့်ပေးစာ ပေးပို့ရာမှာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံတွေရဲ့ စစ်အာဏာသိမ်း ခေါင်းဆောင်နဲ့ ထိတွေ့ ဆက်ဆံမှုတွေရဲ့ ဦးတည်ချက်အပေါ် စိုးရိမ်မိကြောင်း ဖော်ပြထားပါတယ်။
“အာဆီယံက စစ်အာဏာသိမ်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆက်ဆံတာကို နိုင်ငံရေးအရ အသိအမှတ် ပြုမှုလို့ မမြင်သင့်ဘူး။ ပြည်သူတွေအတွက် စစ်ရပ်၊ အကျဉ်းသားလွတ်၊ ဒီမိုကရေစီ ပြန်လည် ထူထောင်ရေး ဆိုတဲ့ ရလဒ်တွေ မရှိသရွေ့ ဒါဟာ ပြည်သူတွေရဲ့ ကြိုးပမ်းအားထုတ်မှုကို ဘေးဖယ်ပြီး အာဏာသိမ်း အဖွဲ့ကို အားပေးသလို ဖြစ်သွားနိုင်တယ်။ အာဆီယံက ဒီအချက်ကို သတိထားသင့်တယ်” လို့ အိတ်ဖွင့်စာ ပေးပို့ရာမှာ ပါဝင်တဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလ အစိုးရ တာဝန်ရှိသူတစ်ဦးက MFP ကို ပြောပါတယ်။
အာဆီယံနိုင်ငံ ခေါင်းဆောင်တွေ အနေနဲ့ မြန်မာအာဏာသိမ်း စစ်အုပ်စုနဲ့ ထိတွေ့ ဆက်ဆံမှုတွေဟာ အကြမ်းဖက်မှု ရပ်တန့်ရေး၊ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး၊ ဒီမိုကရေစီ ပြန်လည် ထူထောင်ရေးနဲ့ အားလုံး ပါဝင်နိုင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ် ပေါ်ပေါက်လာရေးတို့အတွက် တကယ့် ရလဒ်တွေ ထွက်လာမှသာ အဓိပ္ပာယ်ရှိမယ်လို့ အိတ်ဖွင့်စာမှာ ဖော်ပြပါတယ်။
“မြန်မာ့အကျပ်အတည်းကို ဖြေရှင်းနိုင်ရေး ကြိုးပမ်းကြရာတွင် ထိတွေ့ဆက်ဆံမှု ကိုယ်တိုင်သည် ရည်မှန်းချက် တစ်ခု မဖြစ်သင့်သကဲ့သို့ အဓိပ္ပာယ်ရှိသော တိုင်းတာနိုင်သည့် တိုးတက်မှုများ မရရှိဘဲ နိုင်ငံရေး တရားဝင်မှုကို ပေးအပ်သကဲ့သို့လည်း မဖြစ်သင့်ပါ။ စစ်အာဏာသိမ်း ခေါင်းဆောင်များနှင့် မည်သည့် ထိတွေ့ဆက်ဆံမှုမျိုးကို မဆို အကြမ်းဖက်မှု ရပ်တန့်ရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး၊ ဒီမိုကရေစီ ပြန်လည် ထူထောင်ရေးနှင့် အားလုံးပါဝင်နိုင်သော နိုင်ငံရေး လုပ်ငန်းစဉ် တစ်ရပ် ပေါ်ပေါက်လာရေးတို့အတွက် အမှန်တကယ် အထောက်အကူပြုမှုရှိ၊ မရှိ အပေါ် အခြေခံ၍ အကဲဖြတ်သင့်ပါသည်”

မြန်မာအာဏာသိမ်း စစ်အုပ်စုဟာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်တယ်လို့ စွပ်စွဲခံထားရပြီး အာဆီယံ ခေါင်းဆောင်တွေ အနေနဲ့ စစ်အုပ်စုနဲ့ ထိတွေ့ဆက်ဆံတာကြောင့် စစ်အုပ်စု ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေ အပေါ် တာဝန်ခံမှု အားနည်းစေတာ ဒါမှမဟုတ် အပြစ်ပေး အရေးယူခံရမှုကနေ ကင်းလွတ်ခွင့် ရစေတာမျိုး မဖြစ်စေသင့်ဘဲ အဲ့ဒီလို အထင်အမြင်မျိုး ဖြစ်ပေါ်လာပါက အာဆီယံရဲ့ ယုံကြည် စိတ်ချရမှု၊ အဖွဲ့အစည်း ဆိုင်ရာ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်တယ်လို့လည်း အိတ်ဖွင့် ပေးစာမှာ ထောက်ပြထားပါတယ်။
“မြန်မာနိုင်ငံ၏ အနာဂတ်ကို မြန်မာပြည်သူများ၏ ဆန္ဒအပေါ် အခြေခံ၍ ပုံဖော်ရမည် ဖြစ်ပါသည်။ အာဆီယံ အဖွဲ့ဝင် နိုင်ငံများ၏ ထိတွေ့ဆက်ဆံမှုများသည် မြန်မာပြည်သူများ၏ ဒီမိုကရေစီဆန္ဒ နှင့် စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုကို ဦးတည်သည့် လက်တွေ့နိုင်ငံရေး တိုးတက်မှုများ အဖြစ် ဖော်ဆောင် ပေးနိုင်သည့် အခါမှသာ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုး တိုးတက်မှုတို့ ရရှိမည် ဖြစ်ပါသည်”
အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေး အတွင်းဝန် တေရီဆာ လာဇာရိုကတော့ မြန်မာကို အာဆီယံ အစည်းအဝေးတွေမှာ အပြည့်အဝ ပြန်ပါဝင်ခွင့်ရဖို့ အချိန်ကြာနိုင်သေးတယ်လို့ ပြောထားပြီး၊ မကြာသေးခင်က မြန်မာကို လာရောက်ရာမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှု မရှိခဲ့ပါဘူး။
အာဆီယံ ခေါင်းဆောင်တွေထံ လိပ်မူတဲ့ အိတ်ဖွင့်ပေးစာကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ကယား ပြည်နယ် လွှတ်တော် သုံးရပ် ကိုယ်စားပြုကော်မတီ၊ ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားပြု ကော်မတီ၊ ချင်းပြည် (Chinland) လွှတ်တော်၊ ချင်းပြည်(Chinland) အစိုးရ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်၊ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရ၊ တနင်္သာရီတိုင်းလွှတ်တော်၊ ပဲခူး ဖက်ဒရယ်ယူနစ် လွှတ်တော်၊ မွန်ပြည်နယ်လွှတ်တော် ကိုယ်စားပြုကော်မတီ၊ မကွေး ဖက်ဒရယ်ယူနစ် လွှတ်တော်၊ ကြားကာလ မကွေးဖက်ဒရယ်ယူနစ် အစိုးရ၊ မန္တလေးဒေသ လွှတ်တော်၊ မန္တလေးဒေသ ကြားကာလ အုပ်ချုပ်ရေး ကောင်စီ၊ ရန်ကုန်ဖက်ဒရယ်ယူနစ် လွှတ်တော်၊ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားပြု ကော်မတီနဲ့ ဧရာဝတီဖက်ဒရယ်ယူနစ် လွှတ်တော်တို့က ပေးပို့တာ ဖြစ်ပါတယ်။



MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #စစ်ကိုင်း #မန္တလေး #အာဆီယံ



