စစ်ကိုင်းသတင်း

ဝက်လက်မှာ ဓားပြတိုက်၊ အစာလုဖို့ လာတဲ့ စစ်အုပ်စုကို တိုက်ခိုက်ရာ အလောင်းနဲ့ လက်နက် ရ၊

ဝင်းသိန်း/MFP၊ နိုဝင်ဘာ – ၆

​စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ဟန်လင်းကျေးရွာ (ပျူမြို့ဟောင်း)ထဲ စီးနင်းအထိုင်ချ တပ်စွဲနေပြီး ရိက္ခာပြတ်ကာ ငတ်လာလို့ အနီးဝန်းကျင်ရှိ စစ်ရှောင်တဲတွေဆီ ဓားပြတိုက်၊ အစာရှာ ထွက်တဲ့ အာဏာသိမ်း စစ်အုပ်စုကို တိုက်ခိုက်ရာ စစ်အုပ်စု အလောင်းတစ်လောင်းနဲ့ သေနတ် တစ်လက် သိမ်းဆည်း ရမိတယ်လို့ ရွှေဘိုခရိုင် PDF အမှတ် ၂ တပ်ရင်း (People’s Servant Revolution – Wetlet) က ပြောပါတယ်။ ​

နိုဝင်ဘာ ၄ ရက် မနေ့က ညပိုင်း ၈ နာရီအချိန်ခန့်မှာ ဟန်လင်းကျေးရွာထဲ အထိုင်ချတပ်စွဲထားတဲ့ စစ်အုပ်စု စစ်ဘေးရှောင်တဲတွေဘက် အစာရှာ လုယက်ဖို့ ထွက်လာချိန် ရွှေဘိုခရိုင် အမှတ် ၂ တပ်ရင်းရဲ့ လုံခြုံရေး ကင်းလှည့်တပ်စိပ်နဲ့ ထိပ်တိုက်တိုးကာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်အုပ်စု အလောင်း တစ်လောင်းနဲ့ MA-3 သေနတ် တစ်လက် သိမ်းဆည်းရမိတယ်လို့ ​ ရွှေဘိုခရိုင် တပ်ရင်း ၂ တာဝန်ရှိသူ တစ်ဦးက MFP ကို ပြောပါတယ်။

​”စစ်ကောင်စီတပ်တွေက ရိက္ခာရှာဖို့ဆိုပြီး စစ်ဘေးရှောင်တဲတွေကို လုယက်ဖို့ ထွက်လာတာဗျ။ အဲဒီ အချိန်မှာ ကျွန်တော်တို့ရဲ့ လုံခြုံရေး ကင်းလှည့်တပ်စိတ်နဲ့ ထိပ်တိုက် ရင်ဆိုင်တိုးပြီး ထိတွေ့တိုက်ပွဲ ဖြစ်တာပေါ့။ ရန်သူ့ဘက်ကတော့ ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပါတယ်”

ဟန်လင်းရွာ အပါအဝင် ရွှေဘိုနဲ့ ဝက်လက်နယ်ရှိ စစ်စခန်းတွေ၊ ပျူစောထီးစခန်းတွေထဲနေ စစ်အုပ်စုဟာ အစာရိက္ခာအတွက် ပြည်သူပိုင် ပစ္စည်းတွေကို လုယက်ဓားပြတိုက် စားသောက်နေတာ ဖြစ်ပြီး ရိက္ခာပြတ်ကာ ငတ်လာချိန်တိုင်း အနီးဆုံးရှိ ပြည်သူတွေထံက ဓားပြတိုက် လုယက်လေ့ရှိလို့ စစ်စခန်းတွေ၊ ပျူစခန်းတွေရဲ့ အနီးအနားမှာ နေထိုင်ကြရတဲ့ ပြည်သူတွေ အနေနဲ့ အထူးသတိပြုကြဖို့ တော်လှန်ရေး အင်အားစုတွေက တိုက်တွန်းထားပါတယ်။

“ဒီလို အခြေအနေမျိုးမှာ စစ်ကောင်စီ အထိုင်စခန်းအနီးအနားမှာ နေထိုင်ကြတဲ့ မိဘပြည်သူတွေအနေနဲ့ စကစကို အားပေးတာမျိုး လုံးဝမလုပ်ကြဖို့နဲ့ လက်နက်ကြီး၊ လေကြောင်း အန္တရာယ်တွေကို အထူး သတိထား နေထိုင်ကြဖို့ မေတ္တာ ရပ်ခံချင်ပါတယ်ဗျ” လို့ ရွှေဘိုခရိုင် တပ်ရင်း ၂ တာဝန်ရှိသူက MFP ကို ပြောပါတယ်။

ဟန်လင်းရွာဟာ ယူနက်စကို (UNESCO) အသိအမှတ်ပြု ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ရှေးခတ် ပျူ မြို့ ဟောင်း ဖြစ်ပြီး အာဏာသိမ်း စစ်အုပ်စုက ဟန်လင်းရွာထဲ စီးနင်းအထိုင်ချ တပ်စွဲထားတာ ဖြစ်ပါတယ်။

ဟန်လင်းရွာကို စီးနင်းတပ်စွဲထားတဲ့ စစ်အုပ်စုဟာ ဒေသခံ တချို့ကိုလည်း ပျူစောထီးတွေအဖြစ် လက်သပ်မွေးကာ လက်နက်ထုတ်ပေးထားပြီး အနီးအနားရှိ ကျေးရွာတွေနဲ့ စစ်ဘေးရှောင်တဲတွေကို စီးနင်း ဓားပြတိုက်၊ အစာရိက္ခာ လုယက်တာနဲ့ ဖမ်းဆီးငွေညှစ်တာတွေ မကြာခဏ ကျူးလွန်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ နှစ်ဆန်းပိုင်းက ဟန်လင်းရွာအနီး တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပြီးနောက် ဒေသခံတွေ ထွက်ပြေးခဲ့ရကာ စစ်အုပ်စုက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ လက်ရှိမှာ ဟန်လင်းရွာခံ အများစု ကျေးရွာထဲ မဝင်ရဲဘဲ နှစ်နဲ့ချီကြာ ထွက်ပြေးနေကြရပြီး ရွာခံတချို့ကတော့ စစ်အုပ်စု လက်အောက် ပျူစောထီးနဲ့ လူသားဒိုင်းကာအဖြစ် ဆက်လက် နေထိုင်ကြတယ်လို့ ဆိုပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #ဝက်လက် #ဟန်လင်းပျူမြို့ဟောင်း

Related Articles

Back to top button