
လှိုင်း / MFP၊ နိုဝင်ဘာ – ၇
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ ညောင်ပင်လယ်ကျေးရွာ စာသင်ကျောင်းနဲ့ နေအိမ်တွေပေါ် အာဏာသိမ်း စစ်အုပ်စုက ဂျိုင်ရိုကော်ပတာ(Gyrocopter) သုံးစီးနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ကလေးသူငယ်တွေ အပါအဝင် ရွာခံအရပ်သားပြည်သူ ရှစ်ဦး သေဆုံးကာ ခုနှစ်ဦး ထိခိုက်ဒဏ်ရာ ရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
နိုဝင်ဘာ ၇ ရက် ဒီကနေ့ မနက် ၁၁ နာရီဝန်းကျင်မှာ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) ကနေ ပျံတက်လာတဲ့ ဂျိုင်ရိုကော်ပတာ သုံးစီးနဲ့ ကနီမြို့နယ် အနောက်တောင်ခြမ်း၊ ညောင်ပင်လယ်ကျေးရွာ စာသင်ကျောင်းနဲ့ နေအိမ်တွေပေါ် ဗုံးပတ်ကြဲတာလို့ ဆိုပါတယ်။
“ညောင်ပင်လယ်မှာက စစ်ရေးလှုပ်ရှားတာတွေ မရှိပါဘူးဗျာ။ ထိကုန်ကြတာက ရွာထဲ ကြဲတာ ထိတာဗျ။ ခုချိန် ကျောင်းပိတ်နေချိန်၊ ကျောင်းဖွင့်ရင် ကလေးတွေ တော်တော်များမှာ။ စာသင်ကျောင်းကတော့ အဆောက်အဦပဲ ပျက်စီးတာပါ။ ရွာထဲကို နှစ်လုံးကြဲသွားတာပါ။ ထိကုန်တာက ဒေသခံ ရွာသားတွေရော စစ်ရှောင်တွေရောပါ” လို့ ဒေသခံအမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။

ညောင်ပင်လယ်ကျေးရွာမှာ တိုက်ပွဲ ဖြစ်ပွားတာမျိုး၊ စစ်ရေးလှုပ်ရှားတာမျိုး မရှိဘဲ ဒေသခံတွေနဲ့ စစ်ဘေးရှောင် ပြည်သူတွေ နေထိုင်ကြချိန် ဗုံးကြဲခံရတာလို့ ဆိုပါတယ်။
စစ်အုပ်စုရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွာခံပြည်သူတွေဖြစ်တဲ့ ဦးဉာဏ်ဝေ (၆၅နှစ်)၊ ဦးဝင်းဘို (၅၀ နှစ်)၊ ကိုဇော်လင်းဦး (၄၀ နှစ်)၊ မကြူကြူအေး (၃၃ နှစ်)၊ ကိုမြင့်ဝင်း (၃၁ နှစ်)၊ ကိုမြင့်ထွန်း (၃၀ နှစ်)၊ မခင်မျိုးလှိုင် (၂၅ နှစ်)နဲ့ မစပယ်ဖြူ (၁၇ နှစ်) တို့ သေဆုံးပြီး အသက် ၅၀ ကျော် အမျိုးသားတစ်ဦး၊ အသက် ၃၀ ကျော် အမျိုးသမီးတစ်ဦး၊ အသက် ၁၃ နှစ်၊ ခုနှစ်နှစ်၊ ငါးနှစ်၊ လေးနှစ်နဲ့ နှစ်နှစ်အရွယ် ကလေးသူငယ်တွေ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်ကလည်း ကနီမြို့နယ်၊ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းမှာရှိတဲ့ နတ်လာပို့ (တောင်)နဲ့ နွားခြံကုန်း ကျေးရွာတွေကို စစ်အုပ်စုက ဂျိုင်ရိုကော်ပတာ၊ ပါရာမော်တာ (Paramotor) တွေနဲ့ ဗုံးကြဲတာကြောင့် အရပ်သားနှစ်ဦး သေဆုံးကာ နေအိမ်တွေ ပျက်စီးခဲ့ပါတယ်။
လက်ရှိမှာ စစ်အုပ်စုက ကနီမြို့နယ်အတွင်းမှာရှိတဲ့ မုံရွာ – ယာကြီး – ကလေးဝ ကားလမ်းကို စိုးမိုး ထိန်းချုပ်နိုင်ရေး ကြိုးစားနေပြီး သင်္ကြန်ကာလကစလို့ ကနီမြို့၊ အလယ်ကျွန်း၊ ဘန့်ဘွေးကျေးရွာ တို့အပြင် ချောင်းမ၊ မုဌောနဲ့ အောင်မင်္ဂလာကျေးရွာတွေမှာပါ အထိုင်ချ တပ်စွဲကာ ရွာစဥ့်လှည့်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့တာတွေ ကျူးလွန်နေလို့ ကနီမြို့နယ် ကျေးရွာ ၃၀ နီးပါးက ထောင်သောင်းချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေး နေကြရပါတယ်။

စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖေါ်ဝါရီကနေ ၂၀၂၆ ဇွန်လကုန်အထိ ငါးနှစ်ကျော်အတွင်း အာဏာသိမ်း စစ်အုပ်စုက နိုင်ငံတဝန်းရှိ စစ်ရေးပစ်မှတ် မဟုတ်တဲ့ အရပ်သားပြည်သူ နေထိုင်ရာ နေရာတွေကို လေကြောင်းဗုံးကြဲ ပစ်ခတ်မှု ၁၂,၈၉၆ ကြိမ် ကျူးလွန်ခဲ့ပြီး ဗုံးထိမှန်လို့ အရပ်သား ပြည်သူ ၅,၈၄၆ ဦး သေဆုံးကာ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ ဘာသာရေး အဆောက်အအုံနဲ့ အရပ်သားပိုင် အဆောက်အအုံ ၁,၄၄၈ ခု ပျက်စီးတယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ – NUG၊ လူ့အခွင့်အရေဆိုင်ရာ ဝန်ကြီးဌာန- MOHR က ဇူလိုင်လဆန်းမှာ ထုတ်ပြန်ထားပါတယ်။

ကနီနယ် ကျေးရွာနဲ့ စာသင်ကျောင်းပေါ် စစ်အုပ်စု ဗုံးကြဲလို့ ထိခိုက်သေဆုံးတဲ့ ပြည်သူတွေ/Photo – ဒေသခံ (ပေးပို့)
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#စစ်ကိုင်း #ကနီ #ညောင်ပင်လယ်ကျေးရွာ #စစ်ဘေးရှောင်ပြည်သူ



