
ရွှေဥ/MFP၊ ဇွန်-၁၁
မြန်မာ-အိန္ဒိယနှစ်နိုင်ငံကုန်သွယ်ရေးအတွက် အရေးပါတဲ့လမ်းမကြီးတစ်ခုဖြစ်တဲ့ ကလေး-တမူးလမ်း (အာရှလမ်းမကြီး ) ပြန်လည်ဖွင့်လှစ်နိုင်ဖို့ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေးတစ်ခု (Counter –Terriosm Operation) တိုးမြှင့်လုပ်ဆောင် သွားမယ်လို့ အာဏာသိမ်းစစ်အုပ်စုက မနေ့က ဇွန် (၁၀)ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
အတုယောင်ရွေးကောက်ပွဲကနေ တက်လာတဲ့ အသွင်ပြောင်း ပုဆိုးဝတ်သမ္မတ မင်းအောင်လှိုင် ၊အိန္ဒိယနိုင်ငံက ပြန်ရောက်လာပြီး တစ်ပတ်ကျော်အကြာမှာ ထုတ်ပြန်လိုက်တာပါ။
စစ်အုပ်စုလက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်တဲ့ အဲဒီကြေညာချက်ထဲမှာ အကြမ်းဖက်မှု ‘Terrorism’ ဆိုတဲ့ စကားလုံးကို ‘Terriosm’ ဆိုပြီး စာလုံးပေါင်းမှားကာ ထုတ်ပြန်ထားတာလည်း ဖြစ်ပါတယ်။



“ကလေး-တမူးလမ်းကြောင်းအား အမြန်ဆုံး ပြန်လည်ထိန်းချုပ်ဖွင့်လှစ်နိုင်ရေးအတွက် ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝကို ချွတ်ခြုံကျစေသည့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေသည့် အကြမ်းဖက်သောင်းကျန်းသူများအား အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter – Terriosm Operation) ဖြင့် ဆက်လက်ဆောင်ရွက်သွားမည် “လို့ ရေးသားထားတာပါ။
အဲ့ဒီစစ်ဆင်ရေးကို ဇွန် (၇)ရက်နေ့က စတင်ကာ ကလေးနဲ့ တမူးမြို့နယ်တွေကနေ စစ်ကြောင်းနှစ်ကြောင်းထိုးပြီး လုပ်ဆောင်နေတာဖြစ်တယ်လို့လည်း ဆိုပါတယ်။ အဲဒီ စစ်ဆင်ရေးအရ စစ်အုပ်စုစစ်ကြောင်းတွေက ဇွန်(၁၀)ရက်နေ့မှာတော့ ကလေးမြို့နယ်အတွင်းမှာ ငါးမိုင်ကျေးရွာနဲ့ တမူးမြို့နယ်အတွင်းမှာ ရန်လင်းဖိုင် ကျေးရွာအထိ ရောက်ရှိလာပြီဖြစ်တယ်လို့ ဆိုပါတယ်။
“တပ်မတော်စစ်ကြောင်းများသည် ကလေးမြို့ဘက်မှလည်းကောင်း၊ တမူးမြို့ဘက်မှလည်းကောင်း စစ်ကြောင်းများခွဲကာ ဟန်ချက်ညီညီချီတက်၍ နယ်မြေရှင်းလင်းခြင်းလုပ်ငန်းများကို အဆင့်ဆင့် ဆောင်ရွက်ခဲ့ရာ တမူးမြို့ဘက်မှ နယ်မြေရှင်းလင်း၍ ချီတက်လာသော တပ်မတော်စစ်ကြောင်းသည် ရန်လင်းဖိုင်ကျေးရွာအနီး တစ်ဝိုက်သို့လည်းကောင်း၊ ကလေးမြို့ဘက်မှ နယ်မြေရှင်းလင်း၍ ချီတက်လာသော တပ်မတော်စစ်ကြောင်းသည် ၅ မိုင်ကျေးရွာအနီးတစ်ဝိုက်သို့လည်းကောင်း ရောက်ရှိနေပြီဖြစ်ပြီး ကလေး-တမူးလမ်းကြောင်းအား အလုံးစုံပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိတယ်”လို့ ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်အတွင်းမှာ မိုင်ပေါင်း (၈၃) မိုင်ခန့် ရှည်လျားတဲ့ ကလေး-တမူးလမ်းမကြီးပေါ်က ဝိတုတ်ရွာစစ်အုပ်စုစခန်း ၊ခါမ်းပါတ်မြို့ စစ်အုပ်စုစခန်း ၊ရာ(၁) ၊ရာ (၂) စစ်အုပ်စုစခန်း ၊ရာဇဂြိုဟ် စတဲ့ စစ်အုပ်စုတွေစခန်းတွေကို သိမ်းပိုက်ထားပြီး နှစ်နှစ်ကျော်အကြာ လမ်းမကြီးကို စိုးမိုးထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
ဒီလို ထိန်းချုပ်ထားတဲ့ ကလေး-တမူးလမ်းမကြီးကိုတော့ စစ်အုပ်စုတပ်တွေကပြီးခဲ့တဲ့ ၂၀၂၅ခုနှစ်အတွင်းမှာ အင်အား(၃၀၀၀)ခန့်နဲ့ လေးလကျော်အကြာ စစ်ကြောင်းထိုးခဲ့ပြီးတော့ အခု ၂၀၂၆ ခုနှစ်၊ဇွန်(၇) ရက်နေ့မှာ နောက်တစ်ကြိမ် ထပ်မံပြန်လည်ထိုးစစ်ဆင်လာတာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ ကလေး-တမူးလမ်းပေါ်မှာ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်အုပ်စုတပ်တွေဟာ ဇွန်(၈)ရက်နေ့ကနေ ဒီနေ့အထိ လေးရက်တာ တိုက်ပွဲပြင်းထန်နေပြီး တော်လှန်ရေးအင်အားစုတွေ စိုးမိုးထားတဲ့ တမူးမြို့နယ် နန်းမွန်းတားကျေးရွာကို ယာယီဆုတ်ခွာပေးခဲ့ရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“တိုက်ပွဲက ဆက်ဖြစ်ဦးမှာ။နန်မွန်းတားကိုမဝင်ပဲ ခွန်မွန်းနွမ်ရွာကိုဖြတ်ပြီးဝင်လာတာ၊ အဝိုင်းခံရမှာစိုးလို့ ပြန်ဆုတ်ပေးလိုက်ရတဲ့သဘောပါ”လို့ဆိုပါတယ်။
အလားတူ ကလေးမြို့နယ်မှာလည်း စစ်အုပ်စုတပ်တွေက ကလေး-တမူးလမ်းမကြီးပေါ် မှာ တည်ရှိတဲ့ ကံကြီးကျေးရွာကနေ တမူးမြို့ကို ဦးတည် စစ်ကြောင်းထိုးဝင်ရောက်နေပြီး ကြက်ဖနက် ၊၅၆မိုင် ၊ကြံစက်ကုန်း ၊အနောက်ခုံသာ ၊အရှေ့ခုံသာကျေးရွာတွေကို အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် စစ်အုပ်စုတပ်တွေက အနောက်ခုံသာ ၊အရှေ့ခုံသာ ကျေးရွာအပါအဝင် ကျေးရွာတွေက အရပ်သားခြောက်ဦးထက်မနည်းကို သတ်ဖြတ်ခဲ့ပြီးတော့ ၊လူဒါဇင်ချီကိုလည်း လမ်းပြအဖြစ်ဖမ်းဆီးကာ ဓားစာခံလူသားတံတိုင်းလုပ်ပြီး စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“လေကြောင်းက ဗုံးကြဲလို့ သေတဲ့သူတွေက လမ်းမှာ သုံးယောက်တွေ့ခဲ့ရတယ်။ ဖမ်းတာကတော့ အနောက်ခုံသာရွာနဲ့ အရှေ့ခုံသာ။ကားလမ်းပေါ်သွားတဲ့လူတွေ အကုန်ဖမ်းတာ လူတန်းကြီးကို ရှေ့က တိုးခိုင်းပြီး လမ်းမကြီးအတိုင်း စစ်ကြောင်းထိုးတာ ၊လူဦးရေကတော့ ၁၃ ၊၁၄ ယောက်ရှိတယ်။အမျိုးသမီးတွေက အများဆုံးပဲ ဖမ်းခံရတာက ။သေတာက ခြောက်ယောက်ကျော်ပြီလို့ သိရတယ်”လို့ သူကဆိုပါတယ်။
သေဆုံးသူဟာ လေကြောင်း ဗုံးကြဲလို့ ဒဏ်ရာရရှိကာ သေဆုံးသူတွေနဲ့ ဖမ်းဆီးရိုက်နှက်သတ်ဖြတ်တာကြောင့် သေဆုံးသူတွေ ဖြစ်ပြီး လက်ရှိအချိန်မှာတော့ အဲဒီနေရာမှာ လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်တာနဲ့ လေကြောင်းက ဗုံးကြဲတိုက်ခိုက်နေတာကြောင့် အလောင်းကောက်ယူလို့ မရသေးဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် ဖမ်းဆီးခံရသူ ဒေသခံ ဒါဇင်ချီနဲ့လည်း သုံးရက်ကြာတဲ့အထိ သတင်းအစအနမရဘဲ ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။
ကလေး-တမူးလမ်းပိုင်းမှာ စစ်ရေးပြင်းထန်နေတာကြောင့် ခွန်မွန်းနွမ် ၊နန်းမွန်းတား၊ ရန်ငြိမ်းအောင်၊ မင်းသမီး၊ ကနန်၊ဘုက္ကန်၊ ခါမ်းပါတ် ၊ဖက်ယားရေရှင် ၊ကျွန်းတောရေရှင် ၊ဝိတုတ် ၊စော်ဘွားရေရှင် ၊ရန်မျိုးအောင် ၊ကြံစက်ကုန်း ၊ကြက်ဖနက် ၊ကံသာယာ ၊ကံကြီး ၊ ၊နန်းစောင်းပု ၊၅၆ မိုင် ၊အရှေ့ခုံသာ ၊အနောက်ခုံသာစတဲ့ ကျေးရွာ (၅၀) ကျော်က ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ကလေးမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်လာသူ ၅၆ မိုင်ကျေးရွာက အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“လမ်းတွေမှာက လူတွေမရှိတော့ဘူး ၊ကားလမ်းမကြီးအတိုင်းအဝတ်တစ်ထည်နဲ့ ပြေးကြရတာ၊ ဆည်ကြီးလမ်းကနေ ဝင်ကြရတာ ၊လမ်းမှာက ကားတွေပိတ်နေတာလဲမြင်ခဲ့တယ်။တမူးဘက်ကတော့ အိန္ဒိယပြေးကြတာပေါ့ ။တို့ကတော့ ကလေးမြို့နဲ့ နီးလို့ကလေးမြို့လာကြတယ်။လမ်းမကြီးအတိုင်းမလာရဲလို့ ဆည်ကြီးလမ်းအတိုင်းလာတာ ၊ဘုန်းကြီးတွေလဲ ပါတော့ ဖြတ်လို့ရတယ်”လို့သူက ပြောပါတယ်။
ကလေး-တမူးလမ်းမကြီးဟာ အိန္ဒိယနိုင်ငံကနေ ဦးဆောင် ဖောက်လုပ်မယ့် မိုင်(၈၀၀)ကျော်ရှည်လျားတဲ့ အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်းမကြီးစီမံကိန်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အိန္ဒိယငွေ ရူပီ ခန့်မှန်း ၁၂ဘီလျံ အကုန်အကျခံကာ ဆောက်လုပ်သွားမယ်လို့ အိန္ဒိယ အာဏာပိုင်တွေက ထုတ်ဖော်ပြောဆို ထားပါတယ်။
ဇွန်လဆန်းပိုင်းအတွင်း ကလေး-တမူးလမ်းမကြီးပေါ်မှာ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်အုပ်စု/ ဓာတ်ပုံ- စစ်အုပ်စုတယ်လီဂရမ်



