စစ်ကိုင်းသတင်း

ငလျင်ဒဏ်သင့်ခဲ့တဲ့ စစ်ကိုင်းမှာမိုးသည်းထန်နေတာ နှစ်စဉ်မိုးရေချိန်ထက်ကျော်ပြီ၊

မုန်တိုင်းမိုးနဲ့ ရေကြီးရေလျှံမှုကြောင့် ငလျင်ဘေးသင့်သူများ အပူဆင့်နေ၊

ဇူဇူး/MFP – စက်တင်ဘာ ၂၄

မတ်လ ၂၈ နေ့က အလွန်ပြင်းထန်တဲ့ငလျင်ကြီးလှုပ်ခတ်ပြီးတဲ့နောက် ၆လနီးပါးအကြာ စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသတချို့မှာ မိုးသည်းထန်စွာရွာနေတာနှစ်စဉ်ပုံမှန်မိုးရေချိန်ထက် ကျော်လွန်ပါပြီ။

“ ဆရာလေးတသက်တော့ ဒီနှစ်လောက်မိုးများတဲ့ နှစ်မကြုံဖူးဘူး ” လို့ စစ်ကိုင်းတောင်ရိုး မာဃချောင်သီလရှင်စာသင်တိုက်က ဒေါ်ပညာဝတီက MFP ကိုပြောပါတယ်။

မာဃချောင် ကျောင်းတိုက်ဟာ ငလျင်ကြောင့်ပြိုကျခဲ့ပြီး မိုးရွာသွန်းမှုကြောင့် ပစ္စည်းတွေများရွာဆုံးရှုံးပြီး သီလရှင်ငယ်တွေလဲ ဒုက္ခကြုံရတယ်လို့ပြောပါတယ်။

စစ်ကိုင်းမြို့ဟာ နှစ်စဉ် ပုံမှန်မိုးရေချိန် ၇၄၀ မီလီမီတာ ရှိပေမဲ့ ယခုနှစ်မှာ ၇၉၃ မီလီမီတာအထိရွာသွန်းနေကြောင့် ပုံမှန်ထက် ကျော်လွန်နေပါပြီ။ အလားတူ ရွှေဘိုမြို့မှာလည်း နှစ်စဉ် ပုံမှန် ၈၁၇ မီလီမီတာ ရှိရာမှ ယခုနှစ်မှာ ၁၁၀၁ မီလီမီတာ ရှိထားပြီ မုံရွာမြို့မှာလည်း နှစ်စဉ် ပုံမှန် ၈၀၂ မီလီမီတာ ရှိရာကနေ ယခုနှစ်မှာ ၁၀၂၃ မီလီမီတာ ရှိပြီဖြစ်တယ် စက်တင်ဘာလ မိုးလေဝဿတိုင်းထွာချက်တွေနှိုင်းယှဉ်သိရပါတယ်။

စူပါတိုက်ဖွန်းမုန်တိုင်း ရာဆာဂါကြောင့်လည်း ယခုပတ်အတွင်း မိုးသည်းထန်စွာရွာသွန်းနေပြီး စစ်ကိုင်းမြို့က အနိမ့်ပိုင်းရပ်ကွက်တချို့မှာ ရေကြီးရေလျှံမှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုးရွာပြီးတဲ့နောက် ပန်းတော၊ မင်းလမ်း၊ အိုးတန်း၊ နန္ဒဝန်၊ မိုးဇာ စတဲ့ စစ်ကိုင်းမြိုရဲ့အနိမ့်ပိုင်း လူနေရပ်ကွက်တွေမှာ ရေတွေဝပ်နေခဲ့တယ်လို့ ထုံးဘိုအရေးပေါ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။

“ပန်းတောဆိုရင် ရပ်ကွက်တစ်ခုလုံးပဲလေ။ သူတို့ဆီကကျတော့ ဘယ်လိုလဲဆိုတော့ မိုးရွာရင် အနိမ့်ပိုင်းဖြစ်တဲ့အတွက် ရေမြှုပ်သွားတာပေါ့။ (ရေဝပ်တာ) လူ့ရင်ခေါင်းလောက်ထိကို ရောက်သွားတာလေ။ အဲ့တာကို ကျွန်တော်တို့က သွားစုပ်ထုတ်ပေးတာ။ ကျန်တာတွေက (ရေအမြင့်)အဲ့လောက်မရှိဘူး၊ နှစ်တောင် သုံးတောင်ပဲ။ တချို့ကျတော့လည်း အိမ်တွေ ငလျင်လှုပ်ပြီးတော့ မြေသားတွေက ပုံမှန်မဟုတ်တော့ အောက်က ရေတွေ၊ မြောင်းတွေတို့ ပိတ်ပြီးတော့ ပိုက်တွေကွဲတာတွေရှိတော့ ရေတွေက မြုပ်ကုန်ရော၊ မြစ်ထဲကိုပြန်မထွက်နိုင်ဘူးဖြစ်နေတာ”အဆိုပါကယ်ဆယ်ရေးအဖွဲ့က ရေစုပ်စက် နှစ်လုံးသုံးပြီး အဖွဲ့သုံးဖွဲ့ခွဲကာ စစ်ကိုင်းမြို့တွင်းက ရေဝပ်နေတဲ့အိမ်တွေဆီ ရေစုပ်ထုတ်ဖို့ကူညီပေးနေတယ်လို့ ပြောပါတယ်။

အခုလို မိုးရွာသွန်းမှုတွေကြောင့် စစ်ကိုင်းတိုင်း၊ ကနီမြို့ရှိ ဒေသခံစစ်ဘေးရှောင် ထောင်နဲ့ချီဟာလည်း အမိုးအကာ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေလိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကိုကူညီပေးနေသူတွေက ပြောပါတယ်။

ငလျင်ဘေးသင့် မန္တလေးမြို့မှာလည်း ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၃ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် မြို့အတွင်း အဓိကလမ်းမကြီးတချို့နဲ့ ချောင်း၊မြောင်းတွေမှာ ရေကြီးရေလျှံမှုတွေဖြစ်ပွါးခဲ့ပြီး မန္တလေးမြို့ရဲ့ တန်ခိုးကြီးဘုရားတွေထဲက တစ်ဆူဖြစ်တဲ့ အောင်တော်မူဘုရားကိုလည်း ဘုရားဖူးခွင့် ယာယီပိတ်ထားခဲ့ပါတယ်။

အလားတူ မန္တလေးတိုင်း၊ မတ္တရာမြို့မှာလည်း ငလျင်ကြီးလှုပ်ခတ်ပြီးတဲ့နောက်မှာ မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် ရေကြီးရေလျှံမှုတွေဖြစ်ခဲ့ပြီး လယ်၊ယာစိုက်ခင်းတချို့ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ငလျင်လှုပ်တာ ဘာမှမပျက်စီးဘူး။ ရေကြီးမှ ပျက်စီးတာ။ မိုးတွေဆက်တိုက်ရွာလို့ ဟိုတလောက ရေကြီးလို့ပျက်စီးသွားသေးတယ်” လို့ မတ္တရာဒေသခံအမျိုးသမီးတစ်ဦးက MFPကိုပြောပါတယ်။

စက်တင်ဘာလ ၂၅ ရက်နေ့ကနေ အောက်တိုဘာလ ၁ရက်နေ့အထိ ခုနစ်ရက်အတွင်း မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတွေမှာ မိုးများနိုင်ပြီး ရေကြီးရေလျှံမှုတွေလည်း ဖြစ်ပေါ်လာနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က သတိပေးထားပါတယ်။

ဒါ့အပြင် ဖိလစ်ပိုင်ပင်လယ်ပြင်မှာ ဖြစ်ပေါ်လာပြီး အလွန်အားကောင်းတဲ့ စူပါတိုင်ဖွန်းမုန်တိုင်း ရာဂါဆာရဲ့ အကြွင်းအကျန်အနေနဲ့ မြန်မာတစ်နိုင်ငံလုံးမှာလည်း စက်တင်ဘာလ ၂၅ ရက်ကနေ ၂၇ ရက်နေ့အထိ မိုးအသင့်အတင့်ရွာသွန်းနိုင်မယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။

Related Articles

Back to top button