စစ်ကိုင်းသတင်း

ဆောမြို့ သက်ငယ်မုဒိန်းကျူးလွန်သူမှာ လွန်ခဲ့သည့် ၃ လ က သက်ငယ်မုဒိန်းကျူးလွန်ခဲ့သောကြောင့် ပအဖနှင့်တပ်ရင်း ပူးပေါင်းဖမ်းဆီး ထိန်းသိမ်းထားစဉ် ထွက်ပြေးသွားသူဖြစ်နေ

အီသာရမ်/MFP ၊အောက်တိုဘာ-၂၇

ယောဒေသ၊ ဆောမြို့နယ်မှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ပြီး အလောင်း ဖျောက်ဖျက်ခဲ့တဲ့ တရားခံ မင်းမင်းစိုးဟာ ယခုနှစ်ဇူလိုင်တုန်းက အလားတူ သက်ငယ် မုဒိန်းမှု ကျူးလွန်တာကြောင့် မြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့နဲ့ သက်ဆိုင်ရာတပ်ရင်းတို့ ပူးပေါင်း ဖမ်းဆီးထိန်းသိမ်းထားရာကနေ ထွက်ပြေးသွားသူဖြစ်တယ် လို့ ဒေသခံသတင်းရင်းမြစ်က MFP ကို ပြောပါတယ်။

အောက်တိုဘာလ ၂၁ ရက်နေ့က အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်ကို မင်းမင်းစိုးဆိုသူက ဆေးရုံအဆောက်အဦးဟောင်းတစ်ခုမှာ အဓမ္မပြုကျင့်ပြီး အလောင်းဖျောက်ဖျက်ခဲ့ တာကြောင့် အောက်တိုဘာလ ၂၄ ရက်နေ့မှာ သိရှိခဲ့ပြီးဖမ်းဆီးခဲ့ကြပါတယ်။

ကျူးလွန်ခဲ့သူ မင်းမင်းစိုးဟာ အသက် ၂၁ နှစ်ရှိပြီဖြစ်ပြီး ဆောမြို့နယ်ဒေသခံလည်းဖြစ်ပါတယ်၊သူဟာ ဂန့်ဂေါခရိုင်တပ်ရင်း-၃ ရဲဘော်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါသေးတယ်။ လွန်ခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ့မှာ ဆောမြို့က အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို မီးသတ်စခန်းအဆောက်အဦးမှာ အရက်မူးအောင်တိုက်ပြီးအဓမ္မပြု ကျင့်ခဲ့တာကြောင့်မြို့နယ်ပအဖ နဲ့ သက်ဆိုင်ရာတပ်ရင်းတို့ က မင်းမင်းစိုးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

ဒါပေမယ့်အချုပ်ကနေထွက်ပြေးလွတ်မြောက်ကာ ဆောမြို့နဲ့တစ်မိုင်ခန့်အကွာက ကျေးရွာတစ်ရွာမှာ ပုန်းအောင်းနေခဲ့တာဖြစ်ပြီး ယခုအကြိမ်ဆောမြို့ထဲကို ပြန်ဝင်လာကာ ကျူးလွန်တာဖြစ်တယ်လို့ ယုံကြည်ရတဲ့ သတင်းရင်းမြစ်ကဆိုပါတယ်၊

“ပထမ အမှုကို ကျကျနန သေချာမကိုင်တွယ်လို့ နောက်ထပ်အမှုဖြစ်လာရတာပါ၊မြို့နယ် ပအဖ တာဝန်ခံ ပေါ့ဆမှုလို့ ယူဆပါတယ်” လို့ ဆောဒေသကသတင်းရင်းမြစ်က MFP ကိုပြောပါတယ်။

လတ်တလောစုံစမ်းရတဲ့သတင်းတွေအရ မုဒိန်းမှူကျူးလွန်ခဲ့တဲ့တရားခံမင်းမင်းစိုးကို မြို့နယ်ပလဖ က ဖမ်းဆီးထိန်းသိမ်းချိန်မှာ တရားခံ ဖြစ်သူကလည်းအမှုကိုဝန်ခံထားပြီးအခြေအနေအသေးစိတ်ကို တော့ စစ်ဆေးမေးမြန်းနေဆဲဖြစ်ပါတယ်။ ၎င်းနဲ့အတူ ဆက်နွယ်တဲ့အမျိုးသားသုံးဦးကိုလည်း ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းနေပါတယ်။

ယမန်နေ့ အောက်တိုဘာလ ၂၆ မှာတော့ သက်ငယ်မုဒိန်းမှူကျူးလွန်ခံတဲ့တရားခံကို သေဒဏ်စီရင်ပေး ဖို့ ဆောမြို့ပေါ်မှာဒေသခံပြည်သူတွေက ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ကလေးသူငယ်တွေအပေါ်လိင်ပိုင်းဆိုင်ရာကျူးလွန်သူ၊ လိင်စိတ်ရှိသူတွေကို Pedophilia (ပီဒို) လို့ခေါ်ဝေါ်ပြီး လူ့အသိုင်းအဝိုင်းတခုလုံးက အကြီးအကျယ်ပြစ်တင်ရှုံ့ချကြပါတယ်။ သက်ငယ် မုဒိမ်းကျူးလွန်သူများဟာ ပီဒိုဖြစ်နိုင်သလို ပီဒိုမဟုတ်သူများကလည်း ကျူးလွန်တက်ကြတယ်လို့ အမေရိကန်စိတ်ပညာရှင် Judith Herman က ဆွေးနွေးဖူးပါတယ်။

မြန်မာနိုင်ငံမှာစစ်အာဏာသိမ်းပြီးကတည်းက သက်ငယ်မုဒိမ်းကျူးလွန်မှုတွေနဲ့ ကျူးလွန်သူတွေကို စနစ်တကျဖော်ထုတ်တာအပြစ်ပေးအရေးယူတာအားနည်းလာသလို အင်တာနက်၊အွန်လိုင်းများနဲ့ Telegram ချန်နယ်တွေမှာ လိင်ပိုင်းဆိုင်ရာ အကြောင်းအရာတွေကို အလွယ်တကူ ကြည့်ရှု့ နိုင်နေတာက (Pedo) ပီဒို တွေကို အားပေးလှုံ့ဆော်နေတယ်လို့ MFP ရဲ့ သတင်းရင်းမြစ်တဦးက မှတ်ချက်ပေးပါတယ်။

#Mandalay_Free_Press

Related Articles

Back to top button