သတင်း

“ ရွှေမန်းနဲ့ သစ္စာ” အပါအဝင် မန္တလေးတက္ကသိုလ်ထဲက ငလျင်ဒဏ်သင့်သက်တမ်းရင့် အဆောင်တချို့ဖြိုချ၊

မူလပုံစံ အငွေ့အသက်မပျောက်အောင် ပြန်ဆောက်ပေးဖို့ကျောင်းသား ဟောင်းတွေ မျှော်လင့်နေ

ဇူဇူး/ MFP – အောက်တိုဘာ ၂၉

မြန်မာနိုင်ငံရဲ့ ဒုတိယသက်တမ်းအရင့်ဆုံးဖြစ်တဲ့ မန္တလေးတက္ကသိုလ်မှာ နာမည်ကျော်ကျောင်းသူအဆောင် ရွှေမန်းနဲ့သစ္စာ အဆောင်တွေမရှိတော့ပါဘူး။ 

အဆိုတော်အငဲရဲ့ ၈၅ မန္တလေးညများတမ်းချင်း သီချင်းထဲမှာ “ ကျောင်းသားဘဝရဲ့ ညတွေဟာ ရွှေမန်းနဲ့သစ္စာရှေ့” ဆိုတဲ့ စာသားနဲ့အတူ လွမ်းမောဖွယ် အတိတ်မန္တလေးတက္ကသိုလ်ကို ပုံဖော်ခဲ့ပြီး နာမည်ကျော်ပါတယ်။ အခုတော့ ငလျင်ဒဏ်သင့်ခဲ့တဲ့ ဒီအဆောင်တွေကို ဖြိုချပြီး အသစ်ပြန်ဆောက်နေတယ်လို့ မန္တလေး တက္ကသိုလ်ကျောင်းသားဟောင်းတွေကပြောပါတယ်။  

မတ်လ ၂၈ ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ မန္တလေးငလျင်ကြီးကြောင့် မန္တလေးတက္ကသိုလ်ပင် မဆောင်အပါအဝင်တက္ကသိုလ်ဝင်းထဲရှိ အဆောက်အဦးတချို့ထိခိုက်ပျက်စီးခဲ့ပါတယ်။

ထိခိုက်ပျက်စီးခဲ့တဲ့ အဆောက်အဦးတွေထဲက ကျောင်းသူအဆောင်တွေဖြစ်တဲ့ ရွှေမန်းဆောင်နဲ့ သစ္စာဆောင်၊ကျောင်းသားအဆောင်ဖြစ်တဲ့ အောင်မင်္ဂလာအဆောင်တွေကို အောက်တိုဘာလ အစောပိုင်းတုန်းက ဖြိုချလိုက်ပြီလို့ ကျောင်းသားဟောင်းတွေက MFP ကိုပြောပါတယ်။

“စိတ်မကောင်းတော့ဖြစ်မိတယ်။ ဖြစ်နိုင်ရင်တော့ မဖျက်ဘဲနဲ့ မိန်း(ပင်မဆောင်)လို ပြန်ပြင်စေချင်တာ” လို့မန္တလေးတက္ကသိုလ်ကျောင်းသူဟောင်းတစ်ဦးက ပြောပါတယ်။

ဆယ်စုနှစ်တွေနဲ့ချီ သက်တမ်းကြာပြီဖြစ်တဲ့ မန္တလေးတက္ကသိုလ်က အဆောင်တွေဟာ ကျောင်း သား၊ကျောင်းသူဟောင်းတွေအတွက် အမှတ်တရပေါင်းများစွာနဲ့အတူ ကဗျာတွေ၊ စာတွေ၊ သီချင်းတွေထဲမှာတောင်ထည့်ရေးသားရလောက်တဲ့အထိ အစဉ်အလာကြီးမားခဲ့ပါတယ်။

ဒီအဆောင်တွေကို အသစ်ပြန်လည်တည်ဆောက်တဲ့အခါ မူလအငွေ့အသက်တွေပျောက် မသွားအောင်တည်ဆောက်ပေးဖို့ မန္တလေးတက္ကသိုလ်ရဲ့ အဆောင်နေ ကျောင်းသူ၊ ကျောင်းသားဟောင်းတွေက မျှော်လင့်နေကြပါတယ်။

“မူလပုံစံမဖြစ်နိုင်တော့ဘူးထင်ပါတယ်။ ပုံစံသစ်နဲ့ ကြံ့ခိုင်မှု၊ အခန်းပိုမိုရရှိမှု၊ အထပ်အနည်းဆုံး သုံးထပ် ဒါတွေဦးစားပေးဖို့ များလောက်တယ်။ ကျောင်းသူ၊ ကျောင်းသားဟောင်းတွေကတော့ မူလပုံစံအတိုင်း မြင်ချင်ကြမှာပါပဲ။ ကိုယ်လည်းမြင်ချင်တာပါပဲ။ အမှတ်တရတွေလေ။ သမိုင်းဝင်အဖြစ် ပျက်စီးနေတဲ့အတိုင်းထားလို့မဖြစ်တော့ အသစ်တဖန်ပြန်လည်မွေးဖွား ရတော့မှာပါ” လို့ မန္တလေးတက္ကသိုလ်ကျောင်းသားဟောင်းတစ်ဦးကလည်း ဆိုရှယ်မီဒီယာမှာ မှတ်ချက်ပေးထားပါတယ်။

ငလျင်ဒဏ်ကြောင့် အဆောက်အဦထိခိုက်ပျက်စီးတဲ့အပြင် မီးလောင်မှုပါဖြစ်ပွားခဲ့တဲ့ မန္တလေးတက္ကသိုလ်ပင်မဆောင်ကိုတော့ စစ်အုပ်စုကရာပြည့်ပွဲအမှီပြီးအောင် ပြုပြင်ခဲ့ပါတယ်။

၁၉၂၅ ခုနှစ်မှာ မန္တလေးဥပစာကောလိပ်အဖြစ် စတင်ဖွင့်လှစ်ခဲ့တဲ့ မန္တလေးတက္ကသိုလ်ဟာ  ပြီးခဲ့တဲ့ ဇူလိုင်လ၄ ရက်နေ့မှာ နှစ်ပေါင်း ၁၀၀ သက်တမ်းပြည့်ခဲ့ပြီဖြစ်ပါတယ်။ မန္တလေးတက္ကသိုလ်ရာပြည့်ပွဲကိုတော့ စစ်အုပ်စုက အောက်တိုဘာလ ၄ ရက်နေ့ကနေ ၆ ရက်နေ့အထိ လေးရက်အကြာကျင်းပခဲ့ပြီးစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။

ဓါတ်ပုံ – Mandalay University Friends Facebook Group

Related Articles

Back to top button