နွေဦး/MFP၊ အောက်တိုဘာ – ၃၁
မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကျီကုန်းရပ်ကွက်မှာရှိတဲ့ ဘုန်းကြီးကျောင်းအပါအဝင် နေအိမ် သုံးရာကျော်ကို ကျူးကျော်နေထိုင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်အုပ်စုတပ်တွေက အောက်တိုဘာ ၃၀ ရက်နေ့မှာ ဖျက်ဆီးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာလ ၂၈ ရက်က ငွေတော်ကျီကုန်းရပ်ကွက်မှာ နေထိုင်သူတွေကို ကျူးကျော်နေထိုင်နေတာကြောင့် ပြောင်းရွှေ့ပေးဖို့ စစ်အုပ်စုလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေက လိုက်လံ အသိပေးခဲ့ပြီးနောက် အောက်တိုဘာ ၃၀ မှာ နေအိမ်တွေကို စက်ယန္တရားကြီးတွေနဲ့ ထိုးဖျက်သွားတယ်လို့ ပြောပါတယ်။
အလုပ်သမားနဲ့ ကျောင်းတက်နေသူတွေရှိတာကြောင့် လတ်တလော ပြောင်းရွှေ့ရာမှာ အခက်အခဲရှိတဲ့အတွက် တစ်လလောက် ဆိုင်းငံ့ပေးဖို့တောင်းဆိုခဲ့ပေမဲ့ စစ်အုပ်စုက ခွင့်မပြုခဲ့ဘူးလို့ အမည်မဖော်လိုတဲ့ မန္တလေးမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
” ကျွန်တော့်ညီမ မိသားစုတော့ မနေ့ကနဲ့ ဒီနေ့ မနက်အထိ ပစ္စည်းတွေပြောင်းနေတုန်းပဲ။ အိမ်တွေလည်း ဖျက်ပြီး အကုန်ယူရတာပေါ့။ အုတ်တွေကတော့ ဒီအတိုင်းထားခဲ့ရတယ်။ ရတဲ့ သွပ်တွေ တိုင်တွေပဲ ဖြုတ်တာ။ အိမ်ရှိရာကနေ နေ့ချင်းညချင်း အိမ်ဌားဘဝရောက်တာပေါ့ဗျာ။ ဘယ်ကျေနပ်လိမ့်ကြမလဲ။ ပျုစောထီးတွေကလည်း တုတ်တကိုင်ကိုင်နဲ့ အိမ်ဖျက်တဲ့နေရာတွေမှာ ဖုန်းကိုင်တာနဲ့ ဓာတ်ပုံရိုက်မှာလားဆိုပြီး သူတို့က ရန်ရှာကြတာ။ မင်းအောင်လှိုင် အုပ်ချုပ်နေသရွှေ့ကတော့ ဒီလိုနင်းပြင်းတွေ ပြည်သူတွေကတော့ ဒီထက်ပိုအဖိနှိပ်ခံရမှာပဲ”
ငွေတော်ကျီကုန်းရပ်ကွက်အနီးမှာ တပ်မတော်ပရိဘောဂစက်ရုံနဲ့ ဆောက်လုပ်ရေး ယန္တရားတပ်တွေရှိတဲ့အပြင် အိမ်ခြေ ၃,၂၀၀ ကျော် လူဦးရေ တစ်သောင်းကျော်နေထိုင်ပါတယ်။
ရပ်ကွက်မှာ နေထိုင်သူတွေကို မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီက ၂၀၂၄ ခုနှစ် ဒီဇင်ဘာလနဲ့ ၂၀၂၅ခုနှစ် အောက်တိုဘာ ၁ ရက်နေ့တို့မှာ နေအိမ်တွေကို ဖျက်သိမ်းဖို့ သတိပေးစာတွေ ပေးပို့ခဲ့ပြီးနောက် အောက်တိုဘာ ၃၀ ရက်နေ့မှာ စက်ယန္တရားကြီးတွေနဲ့ လာရောက်ဖျက်ဆီးသွားတာလို့ ဒေသခံတွေက ဆိုပါတယ်။
ကျုးကျော် စွပ်စွဲချက်နဲ့ နေအိမ်တွေ ဖျက်ဆီးခံရသူတွေဟာ ၁၀ နှစ်ကနေ နှစ် ၃၀ အတွင်း နေထိုင်ကြသူတွေ ဖြစ်တာကြောင့် စစ်အုပ်စုအနေနဲ့ ထိုက်သင့်တဲ့ လျှော်ကြေးပေးဖို့ အိမ်ဖျက်ခံရလို့ နစ်နာသူတွေက တောင်းဆိုနေကြပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



