စစ်ကိုင်းသတင်း

ဝက်လက်နယ် အနောက်ခြမ်းက ရွာတွေကို  စစ်အုပ်စုတပ်တွေ စီးနင်းပြီးနောက် နေအိမ်နဲ့ ဈေးဆိုင်ခန်းတွေကို မီးရှို့ဖျက်ဆီးနေ

နန်းယု/MFP၊နိုဝင်ဘာ – ၅

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် အနောက်ခြမ်းက ကျေးရွာတွေကို နိုင်ဝင်ဘာလ ၅ ရက် ဒီနေ့နေ့လယ်ပိုင်းမှာ အင်အား ၄၀၀ ခန့်ပါတဲ့ စစ်အုပ်စုတပ်တွေ စစ်ကြောင်းသုံးကြောင်းခွဲကာ ဝင်ရောက်နေပြီး နေအိမ်နဲ့ ဈေးဆိုင်တချို့ကို မီးရှို့ဖျက်ဆီးနေတယ်လို့ ‌မြေပြင်သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ဝက်လက်မြို့နယ် အနောက်ခြမ်းမှာရှိတဲ့ ရွာတော်ကုန်းရွာ၊ တမာကုန်းရွာ၊ တံတားဦးရွာ၊ ထုံးဘိုရွာ တို့ကိုဝင်ရောက်ကာ နေအိမ်တွေမျာရှိတဲ့ ဒေသခံတွေပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို မွှေနှောက်ခိုးယူနေပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာ ဖြစ်ပါတယ်။ 

ဝက်လက်နယ်အနောက်ခြမ်း ရွာသာကြီးရွာ​က ထွက်လာတဲ့ အင်အား ၁၅၀ ခန့်ပါ စစ်အုပ်စုတပ်ဟာ ဒီနေ့နေ့လည်ပိုင်းမှာ တမာကုန်းရွာနဲ့ ရွာတော်ကုန်းရွာကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ကာ  မီးရှို့ဖျက်ဆီးနေတယ်လို့ ဆိုပါတယ်။

” ဝက်လက်မြို့နယ် ရွာသာကြီးရွာက ထွက်လာတဲ့ စစ်ကြောင်းက တမာကုန်းရွာနဲ့ ရွာတော်ကုန်းရွာကို သုံးလေးနေရာ ခွဲပြီး မီးရှို့နေတယ်။” လို့ Wetlet Informational Network က တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ဝက်လက်မြို့နယ် ‌အနောက်မြောက်ခြမ်း စိုင်နိုင်လေးရွာထဲကိုရောက်ရှိနေတဲ့ စစ်အုပ်စစ်ကြောင်းကလည်း ပြည်သူပိုင်ကားတစ်စီးကို ဖမ်းဆီးခေါ်ဆောင်ထားပြီး ရွှေဘို-မန္တလေး လမ်းမဘေးက ထားပြီ ထမင်းဆိုင်တစ်ဆိုင်ကို မီးရှို့နေတယ်လို့ Wetlet Informational Network က တာဝန်ရှီသူတစ်ဦးက ပြောပါတယ်။

“ စစ်ကြောင်းက ရွာသာကြီးကနေ သုံးကြောင်း ခွဲထွက်တယ်လို့ ပြောတယ်။ လောလောဆယ်တော့ ရွာသာကြီး အရှေ့ဘက်မှာ တစ်ကြောင်းရှိတယ်။ ရွာသာကြီးရဲ့ မြောက်ဘက်မှာ တစ်ကြောင်း နှစ်ကြောင်းရှိမယ်။ အဲဒါက ဝက်လက်မြို့နယ်။ ဝက်လက်မြို့နယ် အနောက်မြောက်ခြမ်း စိုင်းနိုင်လေး ရွာမှာရှိတဲ့ ခွေးကလည်း ပြည်သူပိုင် ဖောကားတစ်စီးကို ချောဆွဲပြီးတော့မှ အဲဒီမှာရှိတဲ့ ထမင်းဆိုင်ကို မီးရှို့တယ်လို့ သိရတယ် ။ ထမင်းဆိုင်နာမည်တော့ မသိရဘူး။ ရွှေဘို မန္တလေး လမ်းမဘေးကပဲ။ ရွှေဘိုဘက်ကလာတဲ့ အင်အားက ၂၀၀ ကျော်လောက်ရှိတယ်။ ဝက်လက်မြို့နယ် ရွာသာကြီး ရွာထဲမှာ ရှိတာက အင်အား ၁၅၀ ပတ်လည်း ရှိတယ်။ အခုဆို ဝက်လက်နယ်ထဲ စစ်ကြောင်း နှစ်ကြောင်းလုံး ဝင်လာပြီပြောရမယ်။ “Wetlet Informational Network က တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

လက်ရှိအချိန်အထိ စစ်အုက်စုတပ်တွေက ကျေးရွာတွေမှာ ရှိနေသေးတာကြောင့် နေအိမ်တွေ မီးလောင်ပျက်စီးသွားတဲ့ အခြေအနေ အသေးစိတ်ကိုတော့ အတိအကျ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်ကလည်း ဆားတောင်မြို့ကနေ ဝက်လက်နယ်တောင်ခြမ်းကို စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုတပ်က လှထွေရွာအနီးမှာ စပါးခင်းရေသွင်းနေတဲ့ ဒေသခံအမျိုးသားတွေကို ပစ်ခတ်ရာမှာ တစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ရွေးကောက်ပွဲ ကျင်းပသွားမဲ့ မြို့နယ်အထဲမှာ ဝက်လက်မြို့နယ် မပါဝင်ပေမဲ့ မြို့တောင်ဘက်ခြမ်းက စစ်ကိုင်းမြို့နယ်မှာ ရွေးကောက်ပွဲကျင်းပသွားမှာ ဖြစ်တာကြောင့် စစ်အုပ်စုတပ်က စစ်ကြောင်းထိုးကာ နယ်မြေရှင်းလင်းရေးတွေ ဆက်တိုက်လုပ်ဆောင်နေတာလို့ ဆိုကြပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button