စစ်ကိုင်းသတင်း

မင်းကင်း ရွှေမျှောစီမံကိန်း ကန့်ကွက်ဆန္ဒပြသူတွေ လေးရက်ကြာအထိ မလွတ်မြောက်သေး

ပုဒ်မ -၅၀၅က နဲ့ တရားစွဲဆိုခံထားရပြီး ၊အသက်အန္တရာယ်စိုးရိမ်ရတာကြောင့် မိသားစုဝင်တွေတိမ်းရှောင်နေရ

ကိုသူ/MFP ၊ နိုဝင်ဘာ – ၁၄

စစ်ကိုင်းတိုင်း ၊မင်းကင်းမြို့နယ်မှာ တော်လှန်ရေးအင်အားစုတွေ ဦးစီးလုပ်ကိုင်မဲ့ လောင်းပြည့်ကျေးရွာအနီးက ရွှေမျှောစီမံကိန်းကို ကန့်ကွက်ဆန္ဒပြသူတွေအထဲက ဖထားမ်းဆီးခံရသူ သုံးဦး လေးရက်ကြာတဲ့အထိ ပြန်လည်လွတ်မြောက်လာတာ မရှိသေးဘဲ ရာဇသတ်ကြီး ဥပဒေပုဒ်မ -၅၀၅ (က)နဲ့ တရားစွဲဆိုခွထားရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ တိုက်နယ် -၂ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ခေါင်းဆောင် ဦးဇော်ဝမ်း၊ တိုက်နယ် -၂ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ခေါင်းဆောင် ဦးကျော်စိုးလင်းနဲ့ အုန္နဲဘုတ်ကျေးရွာဒေသခံ ဦးဉာဏ်ဦးတို့ ဖြစ်ပါတယ်။

သူတို့သုံးဦးကို ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ မင်းကင်းမြို့နယ်တပ်ရင်း – ၁နဲ့၄ တပ်ဖွဲ့ဝင်တွေက နိုဝင်ဘာ ၁၁ ရက်နေ့မှာ အင်အား ၁၀၀ ခန့်နဲ့ နေအိမ်တွေမှာ ဝင်ရောက်ဖမ်းဆီးသွားတာ ဖြစ်ပြီးရာဇသတ်ကြီး ဥပဒေပုဒ်မ -၅၀၅(က) နဲ့ တရားစွဲဆိုခံထားရတယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“တပ်ရင်း -၁ က ဦးဆောင်တာပါ၊ သူတို့ကတော့ NUG ကို တော်လှန်ပုန်ကန်တယ်ဆိုပြီး ပြောတာပါ၊ ဆန္ဒပြတာကို အဓိကပေါ့လေ။ လောင်းပြည့်ကျေးရွာ ရွှေမျှောမလုပ်ဖို့ရာ ဆန္ဒပြတာဗျ ။သူတို့အနေနဲ့ -၅၀၅ စွပ်စွဲပြီးတော့ ဖမ်းတာပါ။ ကျနော်တို့ကနေ ဘာကြောင့် ဖမ်းတာလဲ၊ ဘယ်သူက ဖမ်းခိုင်းတာလဲ၊ ဘယ်သူ့ အမိန့်နဲ့ ဖမ်းတာလဲ 

မေးတဲ့ အခါကြတော့ ရင်း -၁ ရင်းမှုးကနေပြီးတော့မှ အထက်အမိန့်ကြောင့် ဖမ်းရပါတယ်ဆိုပြီး ပြောလိုက်ပါတယ်ဗျ”

တော်လှန်ရေးအင်အားစုတွေ  ဦးဆောင်ပြီး ရွှေတူးဖော်မဲ့ မင်းကင်းမြို့နယ် လောင်းပြည့်ကျေးရွာအနီးက ရွှေတူးဖော်ရေးစီမံကိန်း အစီအစဉ်ကို ဒေသခံရာနဲ့ချီက  အောက်တိုဘာလအတွင်း မှာပဲ သုံးကြိမ်တိုင် ကန့်ကွက်ဆန္ဒပြမှု ဖြစ်ပွားခဲ့ပြီးနောက် ဆန္ဒပြရာမှာပါဝင်သူသုံးဦး ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။

ဆန္ဒပြမှုကိုတော့ ဘင်၊ အုန္နဲဘုတ်၊ ဇင်ကလဲ၊ ‌ညောင်ပင်သာ၊ လောင်းပြည့်၊ သင်တော၊ အနောက်တော၊ ကျောက်ခဲတက်စတဲ့ မင်းကင်းနယ်အထဲက ချင်းတွင်းမြစ်ရိုးတလျှောက်မှာ ရှိနေတဲ့ ကျေးရွာတွေက ဒေသခံပြည်သူ နှစ်ထောင်ကျော် ပါဝင်ခဲ့တာ ဖြစ်ပြီး စီမံကိန်းကြောင့်  လယ်ဧကတစ်သောင်းကျော် ပျက်စီးသွားနိုင်တာကြောင့် ကန့်ကွက်ခဲ့​ကြောင်းကို  ဆန္ဒပြသပိတ်

ဦးဆောင်သူတွေက အောက်တိုဘာ ၅ ရက်နေ့မှာ MFP ကို မှာဖြေဆိုထားပါတယ်။

ဖမ်းဆီးခံရသူတွေဟာ လေးရက်ကြာတဲ့အထိ မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရသလို ဘယ်နေရာမှာ ချုပ်နှောင်ထားတယ်ဆိုတာ မသိရဘူးလို့ မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးက ဆက်ပြောပါတယ်။

“ဘယ်ကို ဖမ်းသွားတယ်ဆို မသိရသေးဘူး ၊မေးတဲ့ အခါကြတော့ ကောင်းကောင်းမွန်မွန်ထိန်းသိမ်းထားပါတယ်ပြောတယ်၊။တွေ့ခွင့် တော့ မပေးဘူး ။ရိုက်တာ နှက်တာတွေ ရှိတယ်လို့ သိရတယ်ဗျ၊မိသားစုဝင်နဲ့ တော့ မတွေ့ခဲ့ ရပါဘူး “

ဦးဇော်ဝမ်း၊ ဦးကျော်စိုးလင်းနဲ့ဦးဉာဏ်ဦးတို့ သုံးဦးဟာ ဖမ်းဆီးချုပ်နှောင်ခံရတဲ့နေရာမှာ ရိုက်နှက်စစ်ဆေး ခံနေရပြီး ကျန်ရှိခဲ့တဲ့ မိသားစုဝင်တွေဟာ သက်ကြီးရွယ်အိုတွေနဲ့ မိသားစုဝင်တွေလည်း အသက်အန္တရာယ် စိုးရိမ်ရတာကြောင့်  တိမ်းရှောင်နေရတယ်လို့ ဒေသခံတစ်ဦးက  ပြောပါတယ်။

“သူတို့ (ဖမ်းဆီးခံရသူသုံးဦး)အပြင် ဘယ်ရွာက ဘယ်နှစ်ယောက်ကို ဖမ်းအုံးမယ်ဆိုတာ ကောလဟာလတော့ကြားရတယ်။ နောက်ထပ်တော့ မဖမ်းသေးပါဘူး။ မိသားစုဝင်တွေကို တော့ အန္တရာယ် ပြုတာတော့မရှိဘူး။ ဒါပေမဲ့ ညောင်ပင်သာကျေးရွာမှာဆိုရင်လဲ ရင်း -၁ က ရဲဘော်တွေ တခြားတိုက်က ရဲဘော်တွေ ညတိုင်းမှာတော့ ညလုံးပေါက် ကင်းလှည့်တယ်။ ရင်း-၁ ရင်းမှုး ကိုကိုလွင်ကဆန္ဒမပြနဲ့ ဆန္ဒပြတဲ့သူတွေ ထပ်ဖမ်းအုံးမှာ ဆန္ဒပြရင် ဒီလူတွေကိုလွှတ်ပေးဖို့ရာလဲ ကြာမယ်လို့ ပြောလိုက်ပါတယ်ဗျ “

လက်ရှိအချိန်မှာ တော့ မင်းကင်းမြို့နယ် လောင်းပြည့် ကျေးရွာအနီးက ချင်းတွင်းမြစ်မှာ ရွှေမျောတူးဖော် လုပ်ကိုင်နေတာတွေ့ မရှိသေးပေမဲ့ ရွှေမျောလုပ်ကွက် ၂၀၀ခန့် တူးဖော်ဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button