MN/MFP ၊ နိုဝင်ဘာ – ၁၉
စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နဲ့ လွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဌအဖြစ် တာဝန်ပေးအပ်ခံထားရတဲ့ ဦးမြင့်ထွေးက စစ်ကိုင်းတိုင်းအတွင်းက ပသုံးလုံးအဖွဲ့တွေနဲ့ တော်လှန်ရေးပြဿနာတွေကို အနီးကပ်ကိုင်တွယ်ဖြေရှင်းသွားမယ်လို့ MFP ကို ပြောပါတယ်။
လက်ရှိ စစ်ကိုင်းတိုင်းအထဲက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်မှာရှိတဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့စတဲ့ ပသုံးလုံးအဖွဲ့တွေနဲ့ပတ်သက်တဲ့ ပြဿနာတွေကို အနီးကပ်ကိုင်တွယ်ဖြေရှင်းသွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ရေးနဲ့ နိုင်ငံရေးကို ချိတ်ဆက်ဆောင်ရွက်တာနဲ့ လေလွင့်ပြန့်ကြဲနေတဲ့ အခွန်ကောက်ခံမှုတွေအထိပါ ဖြေရှင်းဆောင်ရွက်သွားမယ်လို့လည်း စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နဲ့ လွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဌ ဦးမြင့်ထွေးက ပြောပါတယ်။
“စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းမှာရှိနေတဲ့ ပသုံးလုံးပြဿနာတို့ တော်လှန်ရေးပြဿနာတို့ကို အနီးကပ်ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ကျွန်တော်တို့ဦးတည်နေတာဖြစ်ပါတယ်။ နောက်ပြီး ကျွန်တော်တို့ စစ်ကိုင်ဖက်ဒရယ်ယူနစ်အတွင်းမှာရှိတဲ့ စစ်ရေးနဲ့ နိုင်ငံရေးကို အချိတ်ဆက်မိမိ အကောင်ထည်ဖော်ဆောင်ရွက်နိုင်ဖို့၊ လေလွင့်နေတဲ့ အခွန်အခတွေရော ဒီလိုပြဿနာတွေ ဖြေရှင်းရတာအခါ မြေပြင်မှာရှိနေတာဖြစ်တဲ့အတွက် တာဝန်ယူ၊ တာဝန်ခံမှုနဲ့ဖြေရှင်းရတဲ့အခါမှာ ဗဟိုအစိုးရဖြစ်တဲ့ NUG အတွက်လည်း ပိုပြီးတော့သွက်လက်မြန်ဆန်လာလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ စကားလုံးတစ်လုံးတည်း ပြန်ချုပ်ရရင် တော်လှန်ရေး အမြန်ပိုမိုရှေ့ရောက်နိုင်ဖို့ ဦးဆောင်မှုကဏ္ဍ၊ တာဝန်ယူမှုတာဝန်ခံမှုကဏ္ဍနဲ့ အစိုးရကနေ မြန်မြန်အကောင်ထည်ဖော်နိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်”
စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် ဆဌမပုံမှန်အစည်းအဝေးကနေ လွှတ်တော်ဥက္ကဌ၊ ဒုဥက္ကဌနဲ့ စစ်ကိုင်းတိုင်း ကြားကာလအစိုးအရအဖွဲ့ ဝန်ကြီးချုပ်တို့ကို နိုဝင်ဘာ ၁၇ ရက်မှာ ရွေးချယ်တင်မြှောက်ခဲ့ပြိးနောက် လွှတ်တော်ကိုယ်စားပြုကော်မတီကိုပါ ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။
အဲဒီလို စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် ဥက္ကဌအဖြစ် ဦးမြင့်ထွေး၊ စစ်ကိုင်းဖယ်ဒရယ် ကြားကာလအစိုးအရအဖွဲ့ ဝန်ကြီးချုပ်အဖြစ် ဦးစိုးဦး၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် ကိုယ်စားပြုကော်မတီ ဥက္ကဌအဖြစ် ဦးမြင့်ထွေး စတဲ့အသီးသီးတာဝန်တွေကို လွှတ်တော်က ရွေးချယ်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်မှာ လွှတ်တော်ဥက္ကဌ ဦးမြင့်ထွေးနဲ့ ဒုဥက္ကဌအပါဝင် တက်ရောက်ပိုင်ခွင့်ရှိသူ ယူနစ်လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၇၂ ဦးရှိတာဖြစ်ပြီး ထပ်မံဖွဲ့စည်းလိုက်တဲ့ လွှတ်တော်ကိုယ်စားပြုကော်မတီအဖွဲ့ထဲမှာတော့ လွှတ်တော်ကိုယ်စားလှယ် ၂၉ ဦးနဲ့ ဖွဲ့စည်းထားတာပါ။
စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲ့မှာတော့ ဝန်ကြီးချုပ်အဖြစ် ဦးစိုးဦးက တာဝန်ယူထားပြီး ကျန်တဲ့ အစိုးရအဖွဲ့တာဝန်ရှိသူတွေကို ဝန်ကြီးချုပ်နဲ့ စိစစ်ရွေးချယ်ရေးကော်မရှင်တို့က ပူးပေါင်းပြီး ထပ်မံအတည်ပြုထုတ်ပြန်သွားဖို့ရှိတယ်လို့ လွှတ်တော်ဥက္ကဌ ဦးမြင့်ထွေးက ဆက်ပြောပါတယ်။
“မကြာခင်မှာ စစ်ကိုင်းဖက်ဒရယ်ယူနစ်ဝန်ကြီးချုပ်နဲ့ စိစစ်ရွေးချယ်ရေးကော်မရှင်တို့ ပူးပေါင်းပြီး အစိုးရတဖွဲ့လုံးကို ထပ်ပြီးတော့ အတည်ပြုထုတ်ပြန်နိုင်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်”
စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဌဖြစ်တဲ့ ဦးမြင့်ထွေးဟာ ၂၀၁၅ ခုနှစ်နဲ့ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွေမှာ ရေဦးမြို့နယ် မဲဆန္ဒနယ်မြေ အမှတ်-၂ ကနေ NLD ပါတီရဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွှေးချယ်တင်မြောက်ခံခဲ့ရသူဖြစ်ပြီး တိုင်းဒေသကြီးလွှတ်တော် အထူးကိစ္စရပ်များ စုံစမ်းရေးနှင့်သုတေသန ကော်မတီဥက္ကဌ၊ ဥပဒေကြမ်း ကော်မတီအဖွဲ့ဝင်၊ လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီအဖွဲ့ဝင်၊ လွှတ်တော်စာကြည့်တိုက် ကော်မတီအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။
စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲ့ဖြစ်တဲ့ ဝန်ကြီးချုပ် ဦးစိုးဦးဟာ ၂၀၁၅ ခုနှစ်နဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွေမှာ စစ်ကိုင်းမြို့နယ် မဲဆန္ဒနယ်မြေ အမှတ်(၁)ကနေ NLD ပါတီရဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးတာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



