သတင်း

ရွေးကောက်ပွဲအလွန် မန္တလေးတိုင်းဒေသကြီးကို ကြိုးကိုင်ခြယ်လှယ်မည့် ထိပ်ပိုင်း (၆) ဦး

ရင်းနှီးမြှုပ်နှံမှု၊ ဘဏ်လုပ်ငန်း၊ ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ ကုန်စည်စီးဆင်းရေးနှင့် အုပ်ချုပ်ရေး၊ စစ်ဆင်ရေးများကိုင်တွယ်ထားသော ဤအဖွဲ့သည် တစ်ဖက်တွင် စစ်ခေါင်းဆောင် အလိုကျ အထက်မြန်မာပြည်၏ စီးပွားရေးနှင့် မြေယာ၊ သယံဇာတပိုင်ဆိုင်မှုကို ဝေခြမ်းဖို့ အသင့်ဖြစ်နေလေပြီ။

ဂျီဂျီ/MFP၊ နိုဝင်ဘာ − ၂၉

ကိန်းဂဏန်းတွေကို အရင်ကြည့်ရအောင်။

လာမယ့် ရွေးကောက်ပွဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ (USDP)က လူပေါင်း ၁၀၄၂ ယှဉ်ပြိုင်ပါမယ်လို့ ကြေညာခဲ့ပြီးပါပြီ။ ဒီထဲမှာ ၄၈၉ ယောက်ဟာ စစ်တပ်ကနေ ခပ် သွက်သွက်ထွက်လာခဲ့ပြီး ကြံ့ခိုင်ရေးပါတီထဲကနေ ဝင်ပြိုင်မယ် လို့ ရွေးကောက်ပွဲစောင့်ကြည့်ရေးလုပ်ဆောင်နေတဲ့ IUF-Asia Pacific အဖွဲ့ကဆိုပါတယ်။

မန္တလေးမြို့မှာတော့ လူပေါင်း ၅၃၆ ဦး ရွေးကောက်ပွဲဝင်မယ်။ ကြံ့ခိုင်ရေးအမတ်ပေါင်းက ၉၀ ကျော်ရှိပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲမှာ ကျိန်းသေပေါက်အနိုင်ရပြီး အထက်မြန်မာပြည်ရဲ့ အရေးပါလှတဲ့ အချက်အချာဖြစ်တဲ့ ဒီမြို့ကို နိုင်ငံရေးအရ ကြိုးကိုင်ခြယ်လှယ်မည့်သူက ၆ ဦးသာဖြစ်ပါတယ်။

သူတို့ထဲက ၅ ဦးက စစ်တပ်ရာထူးအမြင့်တွေက လာပါတယ်။အောင်လင်းဒွေး၊ မြထွန်းဦး၊ တေဇကျော်၊ ကျော်မိုးသက်၊ အောင်ကျော်မိုး တို့ဖြစ်ပါတယ်။ ဒီထဲက ၃ ဦးဟာ ဥရောပသမဂ္ဂနဲ့ နိုင်ငံတကာ ရဲ့ ပိတ်ဆို့အရေးယူခြင်း ခံထားရပါတယ်။ နောက် တစ်ဦးကတော့ မဖြေရှင်းနိုင်သေးတဲ့ အဂတိမှုတစ်ခုမှာ နှုတ်ပိတ်နေသူ လက်ရှိဝန်ကြီးချုပ် ဦးမျိုးအောင်တို့ပဲ ဖြစ်ပါတယ်။

(၁) ဦးအောင်လင်းဒွေး၊ဗိုလ်ချုပ်ကြီး(ငြိမ်း)

အာဏာသိမ်းစစ်အုပ်စုမှာ ဒုတိယအာဏာ အကြီးဆုံးဖြစ်တဲ့ အောင်လင်းဒွေးဟာ အာဏာသိမ်း ပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ အတွင်းရေးမှူး (နစက/SAC) တာဝန်ယူခဲ့ပါတယ်။ ဒီရာထူးဟာ စစ်အုပ်စုရဲ့ စီမံကိန်းတွေ၊ ဘဏ္ဍာရေး ဆုံးဖြတ်ချက်တွေနဲ့ အရေးကြီးတဲ့ ခန့်အပ်မှု အားလုံးကို ထိန်းချုပ်ရာ ဗဟိုချက် ဖြစ်ပါတယ်။ ဒါကြောင့် သူဟာ စစ်တပ်နဲ့ ဆက်စပ်တဲ့စီးပွားရေး လုပ်ငန်းကြီးတွေ၊ ခရိုနီတွေနဲ့ တိုက်ရိုက် ဆက်နွှယ်ပြီး အကြီးမားဆုံးသော အကျိုးစီးပွားတွေကို ဖြတ်သန်းသွားလာနိုင်တဲ့ အာဏာရှိသူ ဖြစ်ပါတယ်။

သူက မန္တလေးတိုင်း မဲဆန္ဒနယ် အမှတ်(၂)ကနေ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအနေနဲ့ ဝင်ပြိုင်ပါမယ်။ မဲဆန္ဒနယ် အမှတ်(၂)မှာ ရမည်းသင်းနဲ့ နေပြည်တော်ခရိုင်တစ်ခုလုံး ပါဝင်တယ်။ ၂၀၂၅ ခုနှစ် ဇူလိုင်မှာ စစ်တပ်ကနေ အလွန် အရေးပါတဲ့ရာထူးကို စွန့်လွှတ်ပြီး ဦးအောင်လင်းဒွေးအဖြစ် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံ‌ရေးကောင်စီ၊ အမှုဆောင်ချုပ် လုပ်နေပါတယ်။

သူဟာ လာမည့်ရွေးကောက်ပွဲမှာ စစ်တပ်ကခန့်တဲ့ ဒုတိယသမ္မတနေရာ ရဖို့ တစ်ပြေးနေသူ လည်းဖြစ်တယ်လို့ နိုင်ငံရေးလေ့လာ သုံးသပ်သူတွေက ဆိုပါတယ်။ ဒါမှမဟုတ် ပြည်ထောင် စုဝန်ကြီးအဆင့် နေရာတစ်ခုကို အလွယ်တကူပဲရနိုင်တဲ့ အောင်လင်းဒွေးအတွက် ရွေးကောက်ပွဲနဲ့ နိုင်ငံရေးတရားဝင်မှုရဖို့ဟာ ထွက်ပေါက်တစ်ခုပါပဲ။

ဥရောပသမဂ္ဂအပါအဝင် နိုင်ငံတကာရဲ့ပိတ်ဆို့အရေးယူမှုရဲ့ ဒဏ်ကနေ အသက်ရှူချောင်မည့် ထွက်ပေါက်တစ်ခုပဲ ဖြစ်ပါတယ်။
မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအတွက်နဲ့ လူ့အခွင့်အရေးချိုးဖောက်တာတွေကို ဆယ်စုနှစ်များစွာ ကျူးလွန်ခဲ့တဲ့ စစ်အုပ်စုရဲ့ ထိပ်တန်းပုဂ္ဂိုလ်တွေနဲ့ အကျိုးစီးပွားတွေကို အမေရိကန်၊ ယူကေ၊ ကနေဒါ၊ အီးယူနဲ့ ဩစတြေးလျက ပိတ်ဆို့အရေးယူတာတွေ အဆင့်ဆင့်ချမှတ်ခဲ့ရာမှာ ဦးအောင်လင်းဒွေးနဲ့ သူ့ရဲ့ မိသားစုတွေကလည်း အမေရိကန်၊ ယူကေ၊ ကနေဒါ၊ အီးယူနဲ့ နယူးဇီလန်နဲ့ ဩစတြေးလျက ပိတ်ဆို့အရေးယူတာ ခံထားရပါတယ်။

အထက်မှာ ဆိုခဲ့သလိုပါပဲ။
ဦးအောင်လင်းဒွေးတင်မကပါဘူး၊ မိသားစုလိုက် နိုင်ငံတကာရဲ့ ပိတ်ဆို့မှုခံထားရတဲ့ မြထွန်းဦး(ဗိုလ်ချုပ်ကြီး)၊ တေဇကျော်(ဒုတိယဗိုလ်ချုပ်ကြီး) တို့ဟာ မန္တလေးတိုင်းဒေသကြီးရဲ့ မဲဆန္ဒနယ်က တစ်ဆင့် နိုင်ငံရေးထဲဝင်လာခဲ့ပြီးရင် ဘာဖြစ်လာနိုင်ပါသလဲ။

◾အထက်မြန်မာပြည် စီးပွားရေးကွန်ရက် နှင့် နိုင်ငံတကာက ဒဏ်ခတ်သည့် အမတ်များ၊

မန္တလေးဟာ ယဉ်ကျေးမှု မြို့တော်ထက် ပိုပါတယ်။ မန္တလေးရဲ့ စီးပွားရေးကို ကျောက်စိမ်း ကုန်သည်တွေ၊ ဆောက်လုပ်ရေးကုမ္ပဏီတွေ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေနဲ့ နယ်စပ်ဖြတ်ကျော် စီးပွားရေးတွေက လွှမ်းမိုးထားပါတယ်။ ဒီလုပ်ငန်းတွေအများစုက အရင် ဆယ်စုနှစ်တွေအတွင်း ချမ်းသာလာခဲ့ကြတဲ့ အငြိမ်းစား စစ်အရာရှိတွေနဲ့ သမိုင်းကြောင်းအရ ချိတ်ဆက်မှုရှိခဲ့တာပါ။

ဒါဟာ စစ်ဗိုလ်ဟောင်းတွေအတွက် ဒေသခံ ထောက်ပံ့မှု ကွန်ရက်တွေကနေတစ်ဆင့် အများ ပြည်သူဆိုင်ရာ ရာထူးနေရာတွေဆီ ပြန်ဝင်ဖို့ သဘာဝကျတဲ့ လမ်းကြောင်းတစ်ခု ဖြစ်လာစေပါတယ်။
စီးပွားရေး နဲ့လုံခြုံရေးအရ အရေးယူ ပိတ်ဆို့ခံရခြင်းဟာ နိုင်ငံတကာ ဘဏ်စနစ်နဲ့ ကမ္ဘာ့ စီးပွားရေးလမ်းကြောင်းတွေနဲ့ အဆက်ဖြတ်လိုက်တာပါပဲ။တိုင်းပြည်ပြင်ပက ရင်းနှီးမြုပ်နှံ့မှု နဲ့ ပိုင်ဆိုင်မှုတွေကို ကာကွယ်ဖို့ မလွယ်ကူတော့တဲ့သဘောဖြစ်ပါတယ်။

ဒါပေမဲ့ မန္တလေးရဲ့ စီးပွားရေးဟာ အဓိကအားဖြင့် ကျောက်စိမ်း၊ ဆောက်လုပ်ရေး၊ သစ်နဲ့ နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေး တွေပေါ်မှာ မှီခိုနေပါတယ်။ ဒီကဏ္ဍတွေဟာ စစ်တပ်နဲ့ ဆက်စပ်သူတွေက လွှမ်းမိုးထားပြီး အရေးယူမှုကို ရှောင်ကွင်းနိုင်တဲ့ လမ်းကြောင်းတွေရှိနေပါတယ်။ နိုင်ငံရေး အရရာထူးရယူခြင်းဖြင့် ဒီစီးပွားရေး လုပ်ငန်းတွေကို ဥပဒေရဲ့ ဘောင်ထဲကနေ ဆက်လက်ထိန်းချုပ်ပြီး သူတို့ရဲ့ စည်းစိမ်၊ ဥစ္စာတွေကို ကာကွယ် နိုင်မှာပါ။

(၂) ဦးမြထွန်းဦး ၊ ဗိုလ်ချုပ်ကြီး(ငြိမ်း)

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဦးမြထွန်းဦးဟာ ပြင်ဦးလွင်မြို့နယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအနေနဲ့ ဝင်ပြိုင်ပါမယ်။

စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်၊ ဝန်ထမ်းလေ့ကျင့်ရေးတက္ကသိုလ်(ဇီးပင်ကြီး) တည်ရှိသလို စစ်သားမိသားစု နေထိုင်ရာ တပ်နယ်မြေအများအပြားလည်း ရှိတာကြောင့် စစ်တပ်မြို့လို့ ခေါ်ကြတဲ့ ပြင်ဦးလွင်ဟာ မန္တလေးတိုင်းအတွင်း အရေးကြီးတဲ့ စစ်ရေးနေရာတစ်ခုလည်း ဖြစ်ပါတယ်။

ဦးမြထွန်းဦးကတော့ “အနာဂတ်ပြင်ဦးလွင်ကို ခရီးသွားဖွံ့ဖြိုးတိုးတက်သော၊ မဟာဗျူဟာမြောက် အရေးပါသော၊ နိုင်ငံတော်အတွက် ထူးခြားပြောင်းလဲမှုများ ဖော်ဆောင်ပေးနိုင်သော မြို့တော်အဖြစ် တည်ဆောက်ပေးသွား ပါမည်”လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မဲဆွယ်ပါတယ်။


အသက်(၆၄)နှစ်အရွယ်ရှိတဲ့ဦးမြထွန်းဦးဟာ စစ်တက္ကသိုလ် အပတ်စဉ်(၂၅) ဗိုလ်လောင်းသင်တန်းဆင်း ဖြစ်ပါတယ်။ မဟာဝိဇ္ဇာဘွဲ့(ကာကွယ်ရေးပညာ)ကို ရရှိခဲ့သလို တပ်မမှူး၊ စစ်တက္ကသိုလ် ကျောင်းအုပ် ကြီး၊ တိုင်းမှူး၊ စစ်ဦးစီးအရာရှိချုပ်(ကြည်း)၊ စစ်ဆင်ရေးအထူးအဖွဲ့မှူး၊ စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း/ရေ/လေ) တာဝန်တွေကို ထမ်းဆောင်ခဲ့ပြီး တစ်ဖက်မှာလည်း We Love Mya Tun Oo ဆိုတဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာဖွင့်ပြီး မဲဆွယ်နေပါတယ်။

စစ်အုပ်စုရဲ့ လက်အောက်မှာ သူဟာရာထူးပေါင်းများစွာလုပ်ကိုင်ခဲ့ပါတယ်။ စစ်ကောင်စီရဲ့ ဒုတိယဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီးလည်းဖြစ်ခဲ့သလို လက်ရှိမှာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးတာဝန်ယူထားပါတယ်။
ပို့ဆောင်ရေး၊ ဆက်သွယ်ရေး(Telecommunications)၊ ဆိပ်ကမ်းနဲ့ ဆောက်လုပ်ရေး စတဲ့ အစိုးရရဲ့ အကြီးမားဆုံး စီမံကိန်းတွေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ကိုင်တွယ်တဲ့ ဝန်ကြီးဌာနကို ဦးဆောင်ခဲ့ တာပါ။ ဒါ့အပြင် သူဟာ နိုင်ငံခြား သုံးငွေကြီးကြပ်မှု ကော်မတီလို အရေးပါတဲ့ ကော်မတီ (၂၅) ခုမှာ နာယက၊ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ စတဲ့ တာဝန်တွေ ထမ်းဆောင်ခဲ့ဖူးပါတယ်။

ဦးမြထွန်းဦးဟာလည်း အမေရိကန်၊ ယူကေ၊ ကနေဒါ၊ အီးယူနဲ့၊ နယူးဇီလန်နဲ့ ဩစတြေးလျက ပိတ်ဆို့အရေးယူခံထားရတာဖြစ်ပါတယ်။

(၃) ဦးတေဇကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း)

ဦးတေဇကျော်ဟာ အောင်မြေသာစံမြို့နယ်ကနေ ဝင်ပြိုင်မယ့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လောင်းဖြစ်ပါတယ်။

“၁၉၈၇ ခုနှစ်မှာ တပ်မတော်ကို ရောက်ရှိတဲ့အချိန် ကျွန်တော့်ရဲ့ ပထမဆုံး mother unit က မန္တလေးတောင်ခြေမှာရှိတဲ့ ခလရ(၉၅)ဖြစ်ပါတယ်”လို့ အောင်မြေသာစံမြို့နယ်ကိုယ်စားပြုပြီး ဝင်ပြိုင်ဖြစ်တဲ့ အကြောင်း သူ့ရဲ့မဲဆွယ်စည်းရုံးရေးမှာ ပြောခဲ့တာပါ။ အဲဒါကလွဲလို့ ထူးခြားတဲ့ မဲဆွယ်စကားမျိုးမတွေ့ရပါဘူး။

အသက်(၆၁)နှစ်အရွယ်ရှိတဲ့ ဦးတေဇကျော်ဟာ ထိပ်တန်းစစ်ဗိုလ်ချုပ်တစ်ဦးဖြစ်သလို ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဝါရင့် စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထမှူး) လည်းဖြစ်ပါတယ်။

စစ်အုပ်စုက အာဏာသိမ်းပြီးတဲ့နောက် စစ်ကိုင်းတိုင်း၊ ကချင်နဲ့ ချင်းပြည်နယ်မှာရှိတဲ့ စစ်ဆင်ရေးတွေကို တိုင်းမှူးတွေအထက်ကနေပြီး ကွပ်ကဲရတဲ့ ကစထ (၁)မှူး၊ ၂၀၂၃ ခုနှစ်မှာ နေပြည်တော်ကို တာဝန်ယူရတဲ့ ကစထ(၆)မှူး၊ ၂၀၂၄ ခုနှစ်မှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို တာဝန်ယူရတဲ့ ကစထ(၃)မှူးအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့တယ်လို့ ဧရာဝတီသတင်းဌာနမှာ ရေးသားဖော်ပြဖူးပါတယ်။

သူဟာ နိုဝင်ဘာလ ၉ ရက်နေ့ မန္တလေးမြို့က မဲဆွယ်စည်းရုံးရေးပွဲတခုမှာ နိုင်ငံအတွက် အဓိကလုပ်ဆောင်သွားမယ့်အချက်က စီးပွားရေးဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ကုန်ထုတ်လုပ်မှုတွေ နိုင်ငံခြားနဲ့ ကုန်သွယ်မှုတွေမှာ ပိုမိုကောင်းမွန်အောင်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ တဖက်မှာတော့ ဦးတေဇကျော်ကလည်း အီးယူရဲ့ ပိတ်ဆို့အရေးယူခံထားသူတစ်ဦးဖြစ်ပါတယ်။

(၄) ဦးကျော်မိုးသက်၊ ဗိုလ်မှုးချုပ်(ငြိမ်း)

တံတားဦးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းနေနဲ့ ဝင်ပြိုင်မယ့် ဦးကျော်မိုးသက်ကတော့ ဗိုလ်မှူးချုပ်တစ်ဦးပါ။ စစ်တက္ကသိုလ်ကျောင်းဆင်းတစ်ဦးဖြစ်ပြီး ကာကွယ်ရေးပညာနဲ့ မဟာဝိဇ္ဇာဘွဲ့ကို ရရှိထားသလို ဥပဒေ(ဒီပလိုမာဘွဲ့)ကိုလည်း ရရှိထားပါတယ်။ တပ်မတော်(လေ)မှာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး လက်ရှိမှာတော့ ပြည်ခိုင်ဖြိုးပါတီရဲ့ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဌာနကြီးမှာလည်း ဌာနကြီးမှူးအနေနဲ့ တာဝန်ယူထားတယ်လို့ သူ့ရဲ့မဲဆွယ်စည်းရုံးရေးကြော်ငြာမှာ ဖော်ပြထားပါတယ်။

ဦးကျော်မိုးသက်ဟာ ရွေးကောက်ပွဲမှာ ဝင်မပြိုင်ခင် နှစ်လအလိုခန့်က ငလျင်နဲ့ပတ်သက်တဲ့မဂ္ဂဇင်းတစ်အုပ်ကို ထုတ်ဝေခဲ့ဖူးပါတယ်။ အဲ့ဒီမဂ္ဂဇင်းမှာ ရေးသားကြသူတွေဟာ အများစုက မန္တလေးမြို့ခံ စာရေးဆရာတွေဖြစ်ကြပြီး ထုတ်ဝေသူ ဘယ်သူမှန်းမသိဘဲ စာမူပို့ခဲ့ကြတာဖြစ်တယ်လို့ MFP က စုံစမ်းသိရပါတယ်။ စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားထဲရောက်မှသာ ပြည်ခိုင်ဖြိုးပါတီက (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း) ဒေါက်တာ မောင်သင်းကို တွေ့ရသလို ဦးကျော်မိုးသက်ကိုလည်း ဗိုလ်မှူးတစ်ဦးအနေနဲ့ သိရတာဖြစ်တယ်လို့ ဆိုပါတယ်။

(၅) ဦးအောင်ကျော်မိုး၊ဗိုလ်မှူးကြီး(ငြိမ်း)

မန္တလေးတိုင်း လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဦးအောင်ကျော်မိုးဟာ ဗိုလ်မှူးကြီးတစ်ဦးဖြစ်ပါတယ်။ ရွေးကောက်ပွဲတွေနဲ့ မစိမ်းတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သလို ပြိုင်ခဲ့တဲ့ ရွေးကောက်ပွဲတိုင်းမှာလည်း မိတ္ထီလာမြို့နယ်ကနေပဲ ဝင်ပြိုင်ခဲ့တာပါ။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်သလို ၂၀၂၀ မှာလည်း ဝင်ပြိုင်ခဲ့ပါတယ်။

အခု စစ်အုပ်စုက စီစဉ်တဲ့ ၂၀၂၅ အထွေထွေရွေးကောက်ပွဲမှာလည်း ဦးအောင်ကျော်မိုးရဲ့အောင်မြေလို့ ဆိုရမယ့် မိတ္ထီလာမြို့နယ်ကနေပဲ တိုင်းဒေသကြီးလွှတ်တော်အတွက် ဝင်ပြိုင်မှာဖြစ်ပါတယ်။ လက်ရှိမှာတော့ တိုင်းပါတီဥက္ကဋ္ဌအနေနဲ့ တာဝန်ယူထားသူလည်းဖြစ်တယ်လို့ ပါတီထုတ်ပြန်ချက်အရ သိရပါတယ်။

(၆) ဦးမျိုးအောင် (ဝန်ကြီးချုပ်)

စစ်တပ်လူထွက်တွေကြားက စည်ပင်လူထွက်တစ်ဦးက လက်ရှိ မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးမျိုးအောင်ဖြစ်ပါတယ်။ တိုင်းဒေသကြီးလွှတ်တော်အတွက် အောင်မြေသာစံမြို့နယ်ကနေ ဝင်ပြိုင်မှာပါ။

စစ်အုပ်စုခန့် မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင်ဟာ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှာ ၂၀၀၀ ခုနှစ်ကတည်းက တာဝန်ထမ်းဆောင်ခဲ့တဲ့ သက်တမ်းရင့်ဝန်ထမ်းတစ်ဦးဖြစ်ပါတယ်။ သူရဲ့ ဖခင်ဟာလည်း ယခင်ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်မှာ မန္တလေးတိုင်းကောင်စီဝင် လူကြီးတစ်ဦးဖြစ်တာကြောင့် ဝန်ထမ်းမျိုးရိုးက ဆင်းသက်လာသူပါ။

အစိုးရဝန်ထမ်းကြော နောကျေသူဖြစ်ပြီး အမိန့်နာခံအားကောင်းတဲ့ ဦးမျိုးအောင်ကို အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီမှာ ဝန်ကြီးချုပ်အဖြစ် နေရာပေးခဲ့ပါတယ်။ ခရိုနီ ဦးမောင်ကိုကို ရာထူးက ဖြုတ်ပြီး စည်ပင်ဝန်ထမ်းဟောင်း ဦးမျိုးအောင်ကို အာဏာသိမ်း စစ်ခေါင်းဆောင်ကရာထူးပေးလိုက်တာပါ။
အာဏာသိမ်း စစ်ခေါင်းဆောင်အပေါ် ရိုကျိုးတဲ့ ဦးမျိုးအောင်ဟာ စီးပွားရေးမှာရော နိုင်ငံရေးအတွက်ပါ အားကိုးရတာကြောင့် အာဏာသိမ်း စစ်ခေါင်းဆောင်အတွက် လူရွေးမှန်ခဲ့တယ်လို့ ဆိုရမှာပါ။

ဒါ့ကြောင့်လည်း မန္တလေးမြို့က ပြားပြားဝပ်သွားတဲ့ အဆင့်မြင့်ကွန်ဒိုကြီးပြိုကျမှုမှာ အဓိက အင်ဂျင်နီယာ အဖြစ် ပါဝင်ခဲ့တဲ့ ဦးမျိုးအောင်ဟာ သူနဲ့မဆိုင်သလို နှုတ်ဆိတ်နေနိုင်တာ ဖြစ်ပါတယ်။

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးကြောင့် လူတွေ ရာနဲ့ချီသေဆုံးခဲ့တဲ့ မန္တလေးမြို့က Sky Villa ကွန်ဒိုဆောက်လုပ်စဉ်က ဦးမျိုးအောင်ဟာ PE (Professional Engineer) အနေနဲ့ တာဝန်ယူခဲ့တာဖြစ်တယ်လို့ MFP ရဲ့ သတင်းရင်းမြစ်က အခိုင်အမာဆိုပါတယ်။ ဒီလိုပြိုကျမှုတွေ ကြောင့်အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ပေမယ့် ဝန်ကြီးချုပ်ဦးမျိုးအောင်က နှုတ်ဆိတ်နေခဲ့ပါတယ်။

ဒီလူ ၆ ဦးဟာ လာမည့် ရွေးကောက်ပွဲမှာအနိုင်ရပြီး စစ်သားလူထွက်တွေ၊ တပ်မတော်သား ကိုယ်စားလှယ်တွေ အုံနဲ့ကျင်းနဲ့အုပ်စီးထားတဲ့ အစိုးရအဖွဲ့ကို ဦးဆောင်မောင်းနှင်မဲ့ ကြိုးကိုင်သူ တွေဖြစ်လာမှာပါ။

Related Articles

Back to top button