သတင်း

နွေဦးတော်လှန်ရေး အင်အားစုအားလုံး တပ်ပေါင်းစုအနေနဲ့ ဗဟိုကွပ်ကဲမှုအောက်မှာစုစည်းဖို့ ယာယီသမ္မတဒူဝါလရှီးလ တိုက်တွန်း၊

နန်းယု/ MFP ၊ ဇန်နဝါရီ – ၁

နွေဦးတော်လှန်ရေး ၅ နှစ်ကာလအတွင်း နိုင်ငံတစ်ဝန်းမှာရှိနေတဲ့ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေအနေနဲ့ တပ်ပေါင်းစုအဖြစ် ထူထောင်ကာ တစ်ခုတည်းသော ဗဟိုအမိန့်ကွပ်ကဲမှုအောက်မှာ စုစည်းဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက နှစ်သစ်ကူးမိန့်ခွန်းပြောကြားရာမှာ တိုက်တွန်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

“လက်နက်ကိုင်လမ်းစဉ်ကို လျှောက်ကြတဲ့ နွေဦးတော်လှန်ရေးအင်အားစုအားလုံးဟာ ဗဟိုကွပ်ကဲမှု တစ်ခုတည်းအောက်မှာ စုစည်းနိုင်လေလေ၊ စစ်အာဏာရှင်အမြစ်ပြတ် ချုပ်ငြိမ်းရေးကို အမြန်ဆုံး လုပ်ဆောင်နိုင်လေလေဆိုတာ မမေ့ကြဖို့ အထူးလိုအပ်ပါတယ်။ ဒါ့ကြောင့် ပြည်သူလူထုတစ်ရပ်လုံး အနေနဲ့လည်း စစ်ရေးတပ်ပေါင်းစုတွေ စုဖွဲ့မှုကို လေးနက်စွာ ဂုဏ်ပြုကြိုဆိုကြဖို့ လိုသလို၊ ပြည်သူ့ဝန်းရံမှု အစဉ်အမြဲ ရှိနေစေဖို့လည်း တိုက်တွန်းနှိုးဆော်ချင်ပါတယ်။ စစ်ရေးကဏ္ဍမှာ စုဖွဲ့မှု ပိုမိုအားကောင်းလာဖို့၊ ကျွန်တော်တို့အစိုးရအနေနဲ့လည်း ဆက်လက် လုပ်ဆောင်နေမှာ ဖြစ်ပါတယ်။ လက်ရှိမှာ စစ်ရေးအတွက် C3C လို စုဖွဲ့ထားမှုတွေ ရှိထားပြီး ဖြစ်သလို ယခုထက်လည်း ပိုမို အားကောင်းအောင် ဆောင်ရွက်ဖို့ လိုအပ်ကြောင်း၊ ပြည်သူတစ်ရပ်လုံးကို လေးနက်စွာ တင်ပြ လိုပါတယ်” လို့ ယာယီသမ္မတ ဒူဝါလရှီးလ ကပြောပါတယ်။

၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းမှာပေါ်ပေါက်လာတဲ့ နွေဦးတော်လှန်ရေးတပ်ပေါင်းစု (SRA) စုဖွဲ့မှုဟာ ပြည်သူတို့အတွက် ဝမ်းမြောက်စရာ အဖြစ်သာမက တော်လှန်ရေးအင်အားစုတွေ အတွက်လည်း အားထုတ်စရာ အင်အားတစ်ရပ် ဖြစ်လာတယ်လို့ ဆိုပါတယ်။

နွေဦးတော်လှန်ရေးတပ်ပေါင်းစုအပေါ် NUGအစိုးရအနေနဲ့လည်း ချိတ်ဆက်မှုလုပ်ငန်းတွေ၊ ပူးပေါင်းရေးလှုပ်ရှားမှုတွေမှာ ဝန်းရံခဲ့ကြောင်းနဲ့ နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ တော်လှန်ရေးအင်အားစုအားလုံးကို တစ်ခုတည်းသော ဗဟိုကွပ်ကဲရေးအောက် စုစည်းရေး အမြဲကြိုးစားခဲ့ကြောင်း ဖော်ပြထားပါတယ်။

လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေအနေနဲ့ “တစ်ခုတည်းသော ဗဟိုအမိန့်ပေးကွပ်ကဲရေး” အောက်မှာ စုစည်းနိုင်လေလေ စစ်အာဏာရှင်ကို အမြစ်ပြတ်ချုပ်ငြိမ်းနိုင်မယ်လို့ ယာယီသမ္မတက ဆိုပါတယ်။ တစ်ဆက်ထဲမှာပဲ ပြည်သူလူထုအားလုံးနဲ့ ပြည်သူ့ဝန်းရံမှု ဆက်လက် ရှိနေစေဖို့လည်း တိုက်တွန်းထားပါတယ်။

NUGအနေနဲ့ လက်ရှိမှာ စစ်ရေးကဏ္ဍအတွက် C3C စုဖွဲ့တည်ဆောက်ထားပြီး တပ်ပေါင်းစုအင်အားကို ပိုမိုခိုင်မာအောင် ဆက်လက် လုပ်ဆောင်နေတဲ့အကြောင်းလည်း ယာယီသမ္မတ ဆိုပါတယ်။

“ လက်ရှိ အချိန်ဟာ နွေဦးတော်လှန်ရေး (၅) နှစ်တာကာလကို ပြည့်မြောက်တော့မှာ ဖြစ်တာကြောင့် ပြည်သူ့ညီညွတ်ရေးဟာ ပိုပြီးအရေးကြီးလာပါတယ်။ လက်ရှိအချိန်မှာ အကြမ်းဖက် စစ်အုပ်စု အနေနဲ့ ပြည်သူကြားမှာ ဝေဝါးမှုတွေ ဖြစ်အောင်၊ ဝိရောဓိတွေ များပြားအောင် – သွေးထိုးလှုံ့ဆော် နေတာတွေ များပြားလာနေပါတယ်။ ပြည်သူအချင်းချင်း သွေးကွဲအောင်၊ လူမျိုး အချင်းချင်း အမုန်းတရား ကြီးထွားအောင် သွေးထိုးလှုံ့ဆော်နေတာတွေကို နိုင်ငံရေးအသိ၊ တော်လှန်ရေးသတိနဲ့ ဆင်ခြင်ကြဖို့ လိုပါတယ်။ အကြမ်းဖက် စစ်ခေါင်းဆောင်တွေ ဖန်တီးတဲ့ ထောင်ချောက်တွေကို ရှောင်ရှားနိုင်ဖို့ အသိနဲ့ သတိအမြဲရှိကြရမှာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်။ နွေဦးတော်လှန်ရေး ဟာ “ညီညွတ်ရေးကို အခြေခံမူထားပြီး” ရှေ့ဆက်နေတာဖြစ်တာကြောင့် ညီညွတ်ရေးကို အထိခိုက် မခံရအောင် အထူး သတိထားဖို့ ပြောကြားလိုပါတယ်။ တော်လှန်ရေး ဘက်တော်သား အချင်းချင်း အကြား မုန်းတီး ပြစ်တင်ဝေဖန်မှုတွေကို အထူးရှောင်ရှားကြဖို့ တိုက်တွန်းလိုပါတယ်​“လို့ ယာယီသမ္မတက ပြောပါတယ်။

ပြည်တွင်းပြည်ပမှာရှိတဲ့ ပြည်သူလူထုအနေနဲ့ တော်လှန်ရေးအပေါ် ထောက်ပံ့ကူညီဆက်လက်ကြဖို့၊ စစ်ဘေးဒုက္ခသည်တွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို ဆက်လက်ကူညီပံ့ပိုးဖို့ မေတ္တာရပ်ခံထားပြီး စစ်အုပ်စုက ဖန်တီးနေတတ်တဲ့ လူမျိုးရေးသွေးထိုးမှုတွေကို သတိထား ရှောင်ရှားဖို့လည်း ထုတ်ပြန်ချက်ကဆင့် သတိပေးထားပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button