စစ်အုပ်စု ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ မြို့နယ် နှစ်မြို့နယ် ထပ်တိုး၊
နိုင်ငံတဝန်း ရွေးကောက်ပွဲ လုံးဝ မလုပ်နိုင်တဲ့ မြို့နယ် ၆၇ ခု အထိ ရှိလာ၊

နိုင်ငံတဝန်း ရွေးကောက်ပွဲ လုံးဝ မလုပ်နိုင်တဲ့ မြို့နယ် ၆၇ ခု အထိ ရှိလာ၊
ဗန်းမော်မှာလည်း မြို့ပေါ်ရပ်ကွက်တွေ ရွေးကောက်ပွဲ မလုပ်နိုင်တော့ဘဲ ကျေးရွာအုပ်စု လေးခုမှာသာ လုပ်နိုင်မယ်လို့ စစ်အုပ်စု ကြေညာ၊
ဂျီဂျီ/MFP ၊ ဇန်နဝါရီ – ၂၂
အာဏာသိမ်း စစ်အုပ်စုက အပိုင်းပိုင်းခွဲ လုပ်နေတဲ့ အတုအယောင် ရွေးကောက်ပွဲ နောက်ဆုံးအကြိမ် မတိုင်မီ ငါးရက်အလို ဇန်နဝါရီ ၂၀ ရက်မှာ ကချင်ပြည်နယ် မန်စီနဲ့ မိုးမောက်မြို့နယ်တွေ ရွေးကောက်ပွဲ မလုပ်နိုင်တော့ဘူးလို့ စစ်အုပ်စုက ကြေညာပါတယ်။
ကချင်ပြည်နယ်ရှိ မံစီမြို့နယ်နဲ့ မိုးမောက်မြို့နယ်တို့မှာ ရွေးကောက်ပွဲ မလုပ်နိုင်တော့ဘူးလို့ စစ်အုပ်စုက ကြေညာတာကြောင့် နိုင်ငံတဝန်း ရွေးကောက်ပွဲ လုံးဝ မလုပ်နိုင်တဲ့မြို့နယ် ၆၇မြို့နယ်အထိ ရှိလာပါတယ်။
ဒါ့အပြင် ဗန်းမော်မြို့နယ်မှာ ရွေးကောက်ပွဲ ဆက်လုပ်မှာ ဖြစ်ပေမယ့် မြို့ပေါ် ရပ်ကွက် ၁၃ ခုလုံးနဲ့ ကျေးရွာအုပ်စု ၄၁ ခုမှာ ရွေးကောက်ပွဲ မလုပ်နိုင်တော့ဘဲ ကျေးရွာ အုပ်စု လေးခုမှာသာ ရွေးကောက်ပွဲ လုပ်နိုင်တော့မယ်လို့လည်း စစ်အုပ်စုက ကြေညာပါတယ်။
ဗန်းမော်မြို့နယ်မှာ မြို့ပေါ် ရပ်ကွက် ၁၃ နဲ့ ကျေးရွာအုပ်စု ၄၅ ခုရှိတဲ့အနက် မြို့ပေါ်ရပ်ကွက် သုံးခုနဲ့ ကျေးရွာအုပ်စု ၄၀ မှာ ရွေးကောက်ပွဲ မလုပ်နိုင်ဘူးလို့ စစ်အုပ်စုက ၂၀၂၅ ဒီဇင်ဘာ ၂၇ရက်မှာ ကြေညာထားပြီး ယမန်နေ့ ဇန်နဝါရီ ၂၀ရက်မှာတော့ ဗန်းမော်မြို့ပေါ် ၁၀ရပ်ကွက်နဲ့ ကျေးရွာအုပ်စု တစ်ခုမှာ ရွေးကောက်ပွဲ မလုပ်နိုင်တော့ဘူးလို့ ထပ်တိုး ကြေညာတာဖြစ်ပါတယ်။
ကချင်ပြည်နယ်မှာ မြို့နယ် စုစုပေါင်း ၁၈ ခု ရှိတဲ့အနက် ရွေးကောက်ပွဲ လုံးဝမလုပ်နိုင်တဲ့ မြို့နယ် ခြောက်ခုအထိ ရှိလာပါတယ်။
စစ်အုပ်စုက ရွေးကောက်ပွဲ အပိုင်း ၁နဲ့ အပိုင်း ၂မှာ ကချင်ပြည်နယ် မြို့နယ် ကိုးခုမှာ ရွေးကောက်ပွဲ လုပ်ခဲ့ပြီး အပိုင်း ၃မှာ ဗန်းမော်မြို့နယ် အပါအဝင် နောက်ထပ် သုံးမြို့နယ်မှာ ရွေးကောက်ပွဲ လုပ်ဦးမှာ ဖြစ်ပါတယ်။
စစ်အုပ်စုစာ ကချင်ပြည်နယ် ၁၂ မြို့နယ်မှာ ရွေးကောက်ပွဲ လုပ်တယ်ဆိုပေမယ့် ဗန်းမော်မြို့ပေါ် ရပ်ကွက်တွေ အပါအဝင် ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၁၁၂ နေရာမှာ ရွေးကောက်ပွဲ မလုပ်နိုင်ဘဲ နေရာတချို့မှာသာ မဲပုံးထောင်ပြီး အယောင်ပြ ရွေးကောက်ပွဲ လုပ်ခဲ့တာလည်း ဖြစ်ပါတယ်။
စစ်အုပ်စုဟာ သူတို့ စိတ်ကြိုက် နေရာတချို့မှာသာ မဲပုံးထောင်ကာ ရွေးကောက်ပွဲ လုပ်ပြတာဖြစ်လို့ တရားဝင်မှုမရှိတဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ Shem Election Tracker (အတုအယောင် ရွေးကောက်ပွဲ ခြေရာခံခြင်း) လုပ်ငန်းအဖွဲ့ဝင် ကိုထင်ကျော်အေးက MFP နဲ့ တွေ့ဆုံမေးမြန်းတဲ့ အစီအစဉ်မှာ ပြောပါတယ်။
“ဒါကလည်း ဒီ ရွေးကောက်ပွဲရဲ့ တရားဝင်မှု အားနည်းစေတဲ့၊ ရွေးကောက်ပွဲက နိုင်ငံကို မလွှမ်းမိုးနိုင်၊ မထိန်းချုပ်နိုင်ဘဲနဲ့ လုပ်ရတယ်ဆိုတဲ့ အနေအထားမျိုးလည်း ဖော်ပြနေပါတယ်” လို့ ကိုထင်ကျော်အေး က ပြောပါတယ်။
နိုင်ငံတဝန်း မြို့နယ် ၃၃၀ ရှိတဲ့အနက် ရွေးကောက်ပွဲ လုံးဝမလုပ်နိုင်တဲ့ မြို့နယ် ၆၇ ခု ရှိတာကြောင့် ဒါဟာ ၂၀၁၀ ရွေးကောက်ပွဲ နောက်ပိုင်း စံချိန်တင်လောက်အောင် အများဆုံး မလုပ်နိုင်တဲ့ မြို့နယ် အရေအတွက် ဖြစ်တယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့ တစ်ခုဖြစ်တဲ့ Data for Myanmar က ဖော်ပြပါတယ်။
စစ်အုပ်စုက ရွေးကောက်ပွဲ လုပ်တယ်ဆိုတဲ့ ၂၆၃ မြို့နယ်မှာလည်း ၁၂၈ မြို့နယ်မှာသာ နယ်လုံးကျွတ် မဲပုံးထောင်နိုင်ပြီး တမြို့နယ်လုံးကို မလွှမ်းခြုံနိုင်ဘဲ စစ်အုပ်စု စိတ်တိုင်းကျ နေရာတချို့မှာသာ မဲပုံးထောင်ကာ ရွေးကောက်ပွဲလုပ်တဲ့ မြို့နယ်က ၁၃၅ ခု ရှိတာ ဖြစ်ပါတယ်။
စစ်အုပ်စုဟာ အယောင်ပြ ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်က စတင်ကာ အပိုင်းသုံးပိုင်းခွဲ လုပ်နေတာ ဖြစ်ပြီး နောက်ဆုံးအပိုင်းကို ဇန်နဝါရီ ၂၅ ရက်မှာ လုပ်မှာ ဖြစ်ပါတယ်။

မန္တလေးမြို့မှာ စစ်အုပ်စုက အယောင်ပြ ရွေးကောက်ပွဲ လုပ်နေစဉ်/Photo – စစ်အုပ်စု
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



