စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

ဆားလင်းကြီးမှာ စစ်အုပ်စုက တရုတ်စက်ရုံထဲ မဲရုံဖွင့်ပြီး ရွာတွေကို လက်နက်ကြီးထု၊ စစ်ကြောင်းထိုး၊

မဲထည့်တဲ့ တရုတ်ကုမ္ပဏီဝန်ထမ်းတွေကို မုန့်ကျွေး၊ကော်ဖီတိုက်၊

သုထက်/MFP၊ ဇန်နဝါရီ – ၂၅

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် တနယ်လုံးမှာ တရုတ်ပိုင် ယန်စီကုမ္ပဏီ ကြေးနီစီမံကိန်းဧရိယာ မိုင်းမြို့ တစ်နေရာတည်းမှာသာ မဲရုံဖွင့်နိုင်တဲ့ စစ်အုပ်စုက အနီးဝန်းကျင် ကျေးရွာတွေကို လက်နက်ကြီးထု၊ စစ်ကြောင်းထိုးနေလို့ ပြည်သူတွေ ထွက်ပြေးနေရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဇန်နဝါရီ ၂၅ရက် ဒီကနေ့ မနက်ပိုင်း တရုတ်စီမံကိန်းထဲက မဲရုံမှာ တရုတ်စက်ရုံဝန်ထမ်းတွေကို မုန့်ကျွေး၊ ကော်ဖီတိုက်ကာ မဲပေးခိုင်းနေတဲ့ တချိန်တည်းမှာပဲ တရုတ်စီမံကိန်း ပတ်လည်ရှိ ကျေးရွာတွေကို စစ်အုပ်စုက လက်နက်ကြီးနဲ့ထု၊ စစ်ကြောင်းထိုးတာတွေ လုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

“လက်နက်ကြီးကတော့ မနက်ကလည်း ထုတယ်။ အခု ၁၀ နာရီလောက်မှာလည်း ယန်စီထဲကနေ လှမ်း ထုနေတယ်။ သူတို့ စစ်ကြောင်းထိုး တပ်စွဲထားတဲ့ တယ်ပင်ကန်ရွာထဲကနေလည်း လက်နက်ကြီးတွေ ထုနေတယ်” လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

ဇန်နဝါရီ ၂၄ရက် မနေ့က ညပိုင်းမှာလည်း အဲ့ဒီ ယန်စီကုမ္ပဏီထဲကနေ အနီးဝန်းကျင် ကျေးရွာတွေဘက် လက်နက်ကြီးတွေ ရှစ်ချက် ပစ်ခတ်ခဲ့သလို ပွိုင့်ဖိုက်လို့ ယူဆရတဲ့ စက်သေနတ်တွေနဲ့လည်း ညလုံးပေါက် ရမ်းကားပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

“မနေ့က ညဦးပိုင်းမှာ ယန်စီထဲကနေ လက်နက်ကြီး ရှစ်ချက်ထုတယ်၊ ပွိုင့်ဖိုက်နဲ့လည်း ပစ်တယ်၊ ည ၉နာရီကနေ ၁၂ နာရီလောက်အထိ ပစ်တယ်။ ၁၀မိနစ်လောက် နားလိုက်၊ ပစ်လိုက်ပဲ”

စစ်အုပ်စုဟာ တရုတ်စီမံကိန်းဧရိယာထဲ မဲရုံဖွင့်နိုင်ဖို့ ဇန်ဝါရီ ၂၁ရက်က စတင်ကာ တရုတ်ပိုင် ယန်စီကုမ္ပဏီ ပတ်လည် အနီးဝန်းကျင် ကျေးရွာတွေကို နှစ်ဖွဲ့ခွဲ စစ်ကြောင်းထိုးကာ လက်နက်ကြီး ထုနေတာလို့ ဒေသခံတွေ ပြောပါတယ်။

အဲ့ဒီ နှစ်ဖွဲ့ခွဲ စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုထဲက အင်အား ၁၀၀ ကျော်ဟာ တရုတ်ယန်စီကုမ္ပဏီ မိုင်းမြို့ရဲ့ အနောက်တောင်ဘက်ရှိ ရာဇာကျော်ရွာထဲမှာ တစ်ဖွဲ့နဲ့ မိုင်းမြို့ရဲ့အနောက်ဘက် တယ်ပင်ကန်ရွာထဲမှာ အင်အား ၇၀ လောက်နဲ့ တစ်ဖွဲ့၊ စီးနင်းနေရာယူထားတယ်လို့ ဆိုပါတယ်။

စစ်အုပ်စု ရန်ကြောင့် ဖောင်းကားတောင်ရွာ၊ အလယ်ရွာနဲ့ မြောက်ရွာ၊ မိုးကြိုးပြင် တောင်ရွာ၊ အလယ်ရွာနဲ့ မြောက်ရွာ၊ ဝါးတန်း၊ တယ်ပင်ကန်နဲ့ ရာဇာကျော် စတဲ့ ကျေးရွာတွေက ပြည်သူ ၁၀,၀၀၀ ဝန်းကျင် ဇန်နဝါရီ ၂၁ရက်က စတင်ကာ အရေးပေါ် စစ်ဘေးရှောင်နေကြရပါတယ်။

တချိန်တည်းမှာပဲ စစ်အုပ်စဟာ ယန်စီကုမ္ပဏီ မိုင်းမြို့ပတ်လည်ရှိ ကံကုန်းရွာကနေ တယ်ပင်ကန်ရွာအထိ၊ ပုသိမ် – မုံရွာလမ်းကနေ ညောင်ပင်ကြီး – ယင်းမာပင် လမ်းပိုင်းအထိ ကားခြောက်စီးနဲ့ မနားတမ်း ကင်းပတ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

“အတုအယောင် ရွေးကောက်ပွဲ ယန်စီမှာ လုပ်ဖို့ စစ်ကောင်စီက အင်အား အတော်သုံးပြီး ကာကွယ်တာ တွေ့ရတယ်၊ လက်နက်ကြီး ထုသလို မြေပြင်စစ်ကြောင်းလည်း အင်အားသုံး ထိုးတယ်” လို့ ဒေသခံ အမျိုးသားက ပြောပါတယ်။

တရုတ်ပိုင် ယန်စီကုမ္ပဏီအတွင်းရှိ မိုင်းမြို့၊ စာသင်ကျောင်းမှာ စစ်အုပ်စုက မဲရုံဖွင့်ထားပြီး တရုတ်ကုမ္ပဏီ ဝန်ထမ်းမိသားစုတွေ မဲပေးနေတာ တွေ့ရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

“မဲပေးတဲ့သူတွေ ရှိတယ်၊ ဝန်ထမ်းအိမ်ယာမှာ နေထိုင်သူတွေ များတယ်၊ ဝန်ထမ်းတွေ အားလုံး မဲပေး၊ မပေးတော့ မသိရဘူး” လို့ ဒေသခံအမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။

မိုင်းမြို့မှာ တရုတ်ကြေးနီစီမံကိန်း ဝန်ထမ်းနဲ့ ဝန်ထမ်းမိသားစုတွေ နေထိုင်ကြတာ ဖြစ်ပြီး စုစုပေါင်း လူဦးရေ ၁၂၀၀ ဝန်းကျင်ရှိကာ အဲ့ဒီ မဲလာပေးသူတွေကို စစ်အုပ်စုက ကော်ဖီတိုက်၊ မုန့်ကျွေးနေတယ်လိုလည်း ဆိုပါတယ်။

မိုင်းမြို့ဟာ ဆားလင်းကြီးနယ် ဒုံးတောကျေးရွာအုပ်စုထဲ ပါဝင်ပြီး ဒုံးတော၊ ဂုဏ်တော၊ ရွာသာ စတဲ့ ဒုံးတောကျေးရွာအုပ်စု ကျေးရွာတွေက ပြည်သူတွေ မဲမပေးဘဲ မိုင်းမြို့က တရုတ်စက်ရုံ ဝန်ထမ်းတွေသာ မဲပေးကြတာလို့ ဒေသခံတွေက ပြောပါတယ်။

ဆားလင်းကြီးမြို့နယ်မှာ မြို့ပေါ်ရပ်ကွက် သုံးရပ်ကွက်နဲ့ ကျေးရွာ အုပ်စု ၃၉ ခုရှိတဲ့အနက် အာဏာသိမ်း စစ်အုပ်စု အနေနဲ့ တရုတ်ပိုင် ယန်စီကုမ္ပဏီဝန်းထမ်းတွေ နေထိုင်ရာ ဒုံးတောကျေးရွာအုပ်စုရှိ မိုင်းမြို့မှာသာ မဲပုံးထောင်နိုင်တာ ဖြစ်ပါတယ်။

ဆားလင်းကြီးနယ်ထဲ တစ်ခုတည်းသော မဲရုံဖြစ်တဲ့ တရုတ်ပိုင် ယန်စီကုမ္ပဏီ မိုင်းမြို့ရှိ မဲရုံမှာ စစ်အုပ်စု လုပ်တဲ့ အတုအယောင် ရွေးကောက်ပွဲ မဲထည့်နေတဲ့ တရုတ်ကုမ္ပဏီ ဝန်ထမ်းတွေ/Photo – စစ်အုပ်စု

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button