
ဒေါ်လာ/MFP၊ ဖဖေါ်ဝါရီ – ၆
မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်မြို့မှာ အာဏာသိမ်း စစ်အုပ်စု လက်သပ်မွေးထားတဲ့ ပျူစောထီးနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက နေ့စဉ်နေ့တိုင်း တွေ့သမျှလူ ပေါ်တာဆွဲ ဖမ်းဆီး၊ ငွေညှစ်နေလို့ မြို့ခံတွေက ထိတ်လန့်ကြောက်ရွံ့နေကြရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဇန်နဝါရီလ ရွေးကောက်ပွဲမတိုင်ခင်က လူလိုသလောက်သာ ပေါ်တာဆွဲ ဖမ်းဆီးလေ့ရှိပေမယ့် ယခုရက်ပိုင်း တွေ့သမျှလူကို ပေါ်တာဆွဲ ဖမ်းဆီးနေပြီး စစ်သားသစ်အဖြစ် မလုပ်လိုပါက နီးစပ်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ၊ ပျူတွေကို ငွေပေးကာ ပြန်ရွေးထုတ်နေရတယ်လို့ ဆိုပါတယ်။
“မနက်ခင်းဆို ၆ခွဲ၊ ၇နာရီလောက်ကနေ စပြီး မြို့ပတ်၊ တွေ့သမျှ လူငယ်လူရွယ်တွေကို အတင်းဆွဲတင်ပါတယ်။ ကျောက်ပန်းတောင်းက ရပ်ကွက်အလိုက်ပဲ၊ အရှေ့မြို့ရှောင်လမ်း၊ အနောက်မြို့ရှောင်လမ်း၊ ဈေးမကြီးတွေ၊ ဈေးလာတဲ့ ရွာကားပေါ်က လူငယ်လူရွယ်တွေ အကုန်ဖမ်းတာပါ။ အသက်မပြည့်သေးရင်လည်း ဖမ်းတယ်၊ ပိုက်ဆံနဲ့ ပြန်ရွေးခိုင်းတယ်။ ရွေးနိုင်တဲ့လူရဲ့ သားသမီးတွေကျ ပြန်လွှတ်ပြီး သူတို့အစား တခြား အောက်ခြေလူတန်းစားလေးတွေကို ပြန်ဖမ်းပြီး သူတို့နေရာ လူစားထိုးပါတယ်” လို့ ကျောက်ပန်းတောင်းမြို့ခံတစ်ဦးက MFP ကို ပြောပါတယ်။
ပေါ်တာလိုက်ဆွဲတဲ့ ကားပေါ်ပါသွားပါက တစ်ဦးကို ကျပ်သိန်း ၉၀၊ ၁၀၀ လောက်နဲ့ ပြန်ရွေးထုတ်ရပြီး ငွေညှစ်မရသူတိုင်းကို အသေခံစစ်သားအဖြစ် အသုံးချဖို့အတွက် စစ်သင်တန်းတွေဆီ ချက်ချင်းပို့လွှတ်နေတာလို့ ဆိုပါတယ်။
“အရင်ကလည်း အဖမ်းအဆီး နာမည်ထွက်ပေမဲ့ အခု ၂၀၂၆ အစပိုင်းမှာ တော်တော်ကြီး ဆိုးလာပါတယ်။ ဘာမှ လုပ်ကိုင်မစားရဲလောက်အောင်ကို ဖမ်းဆီးကြမ်းနေပါတယ်။ တကယ်ကို ဆိုးဆိုးရွားရွားကြီး ဖမ်းဆီးနေတာပါ”
စစ်အုပ်စုက ပေါ်တာအဆွဲကြမ်းနေလို့ ကျောက်ပန်းတောင်း နယ်ခံတွေအနေနဲ့ ကူးသန်းသွားလာ လုပ်ကိုင်စားဖို့ကိုပင် စိုးရိမ်ကြောက်ရွံ့နေကြတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ကြက်ကလေး၊ ငှက်ကလေး ဖမ်းသလိုကို ဖမ်းနေတော့ တနေ့ကို ကျောက်ပန်းတောင်းနယ်တဝိုက် လူဦးရေ ၅၀ကျော်၊ ၁၀၀နီးပါး အဖမ်းအဆီးခံနေရပါတယ်”
ကျောက်ပန်းတောင်းမြို့ကို အုပ်စီးကြီးစိုးထားတဲ့ ပျူစောထီးတွေဟာ လောင်းကစား ဝိုင်းတွေလည်း ဖွင့်လှစ်ထားပြီး လောင်းကစားဝိုင်းအနီးက နေအိမ်တွေလည်း မကြာခဏ ခိုးယူ၊ လုယက်၊ ဓားပြတိုက်ခံနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ အောက်တိုဘာလက ပျူစောထီး လောင်းကစားဝိုင်းရှိရာ ကျောက်ပန်းတောင်းမြို့၊ ပြည်တော်သာ ရပ်ကွက်အတွင်းရှိ နေအိမ်တစ်အိမ်ကို ဧည့်စာရင်းစစ်မယ်လို့ဆိုပြီး လူတစုက ဝင်ရောက် ဓားပြတိုက်မှု ဖြစ်ပွားခဲ့ပါသေးတယ်။
တချိန်တည်းမှာပဲ စစ်အုပ်စုနဲ့ ပျူတွေဟာ ကျောက်ပန်းတောင်းနယ်ထဲ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေပြီး ဇန်နဝါရီ ၂၃ရက်က ပွေးကျစ်တိုက်နယ်၊ ဘုရားကြီးကုန်းကျေးရွာကို စီးနင်းလုယက်ကာ အိမ်ခြေ ၂၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။



ကျောက်ပန်းတောင်းမြို့ အပါအဝင် မန္တလေးတိုင်းအတွင်းရှိ လူငယ်တွေကို အသေခံ စစ်သားအဖြစ် အသုံးချဖို့ စစ်အုပ်စုက ပေါ်တာဆွဲ စုဆောင်းကာ သင်တန်းပေးနေစဉ်/Photo – စစ်အုပ်စု
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



