မြင်းခြံနယ် စစ်ရှောင်ပြည်သူတွေ ကျန်းမာရေး ထိခိုက်ပြီး ဆေးဝါးအကူအညီ လိုအပ်နေ၊
စစ်အုပ်စု ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့နေလို့ သောင်းနဲ့ချီတဲ့ ပြည်သူတွေ ထွက်ပြေးနေရကာ ဖြစ်သလို နေထိုင်ကြရ၊
MN/MFP ၊ ဖေဖော်ဝါရီ – ၇
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ထဲ အာဏာသိမ်း စစ်အုပ်စုက ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေလို့ သောင်းနဲ့ချီတဲ့ ပြည်သူတွေ စစ်ဘေးတိမ်းရှောင်နေရပြီး သဲသောင်ပြင်မှာ မိုးကာတဲ ထိုး နေထိုင်ကြရကာ အပူအအေး မမျှလို့ ဖျားနာသူတွေ ရှိနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဇန်နဝါရီ လလယ်ပိုင်းက စတင်ကာ မြင်းခြံနယ် အနောက်ခြမ်း၊ ဧရာဝတီမြစ်ရိုးတလျှောက်ရှိ ကျေးရွာတွေကို စစ်အုပ်စုနဲ့ သီတာယုမွန် ဦးဆောင်တဲ့ ပျူစောထီးတွေက ရွာစဉ်ပတ်မွှေကာ ငါးတန်းကျောင်းသူ ကလေးငယ်တစ်ဦးကို ပစ်သတ်၊ ဒေသခံ ၁၀ ဦးကျော် ဖမ်းဆီးခဲ့သလို ကျေးရွာ ခြောက်ရွာက အိမ်ခြေ ၁၀၀၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
စစ်အုပ်စု ရန်ကြောင့် မြင်းခြံနယ်အနောက်ခြမ်းရှိ ပတ္တာ၊ နတ်ညွှန်း၊ ဒါးကျွန်း၊ သဲဖြူဝ၊ ပြည်တော်သာ၊ တန်ဆောင်း၊ သင်္ဘောတင်၊ ဒေါင့်သစ်၊ လေးဖြတ်ခုံ၊ အောင်ပြည်စိုး၊ ရွှေညောင်ပင် စတဲ့ ကျေးရွာ ၁၅ ရွာ က သောင်းနဲ့ချီတဲ့ ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေဟာ ဧရာဝတီမြစ်ရိုးတလျှောက် သဲသောင်ခုံတွေနဲ့ ကိုင်းတောတွေထဲမှာ ဖြစ်သလို နေထိုင်ကြရပြီး အပူအအေး မမျှလို့ နာမကျန်းသူတွေ အများအပြား ရှိကာ စားနပ်ရိက္ခာ၊ အမိုးအကာ၊ စောင်၊ အနွေးထည်၊ ဆေးဝါး စတဲ့ အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။
“စစ်ရှောင်တွေကို မနေ့က ကျွန်တော်တို့ ဆေးအဖွဲ့နဲ့သွားပြီးတော့ ဆန်၊ဆီ စားနပ်ရိက္ခာတွေနဲ့ ဆေးဝါး ကုသ ပေးတာတွေ လုပ်ပေးခဲ့ပါတယ်။ စစ်ရှောင်တွေက ကျန်းမာရေး မကောင်းတဲ့သူတွေ အတော်များများ တွေ့ရတယ်။ အဖိုးကြီးတွေ၊ အဖွားကြီးတွေက မဖြစ်လို့သာ သူတို့ ပြေးလာကြရတာ။ သူတို့ ကိုလည်း ဒေသခံတွေက ထမ်းခေါ်လာကြရတာ။ မပြေးလို့ကလည်း မရဘူးလေ။ ပြီးခဲ့တဲ့လက ပတ္တာရွာကို မီးရှို့တဲ့အချိန်မှာ သင်္ဘောတင်ရွာက ငါတန်းကျောင်းသူ ကလေးကိုပါ သူတို့(စစ်အုပ်စု)က ပစ်သတ်ခဲ့တာ ဆိုတော့ ကလေးတောင်မှ ပစ်သတ်သေးတာဆိုတော့ လူကြီးတွေလည်း ပြေးကြ၊ ရှောင်ကြ ရတာပေါ့။ အဲဒီတော့ ပြည်သူတွေက သူတို့နဲ့ ဝေးရာကင်းရာမှာ နေကြရတာပေါ့။ စစ်ရှောင်တွေက အပူအအေးမမျှတော့ ဖျားတာ နေမကောင်းတာတွေ ဖြစ်ကြတယ်။ ရောဂါအခံရှိတဲ့ သွေးတိုးတို့ ဆီးချိုတို့ ဖြစ်တဲ့သူတွေလည်း ပါတယ်။ အစုံပါပဲ။ လိုအပ်တာကတော့ စားနပ်ရိက္ခာ၊ ဆေးဝါး၊ အမိုးအကာပေါ့။ စစ်ရှောင်တွေက သောင်ပြင်တွေမှာနေကြရတော့ အပူအအေးက မမျှဘူး” လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
စစ်ဘေးရှောင်ပြည်သူတချို့မှာ မြင်းခြံနယ်ထဲ မနေရဲဘဲ မြစ်တဖက်ကမ်း မကွေးတိုင်း ရေစကြိုနယ်နဲ့ စစ်ကိုင်းတိုင်း မြောင်မြို့နယ်ထဲအထိ ထွက်ပြေးခိုလှုံနေကြရတယ်လို့ ဆိုပါတယ်။
“အရင်တစ်ပတ်က စစ်ကြောင်းထိုးလာတုန်းက ဧရာဝတီမြစ် အနောက်ဖက်ကမ်းကို သွားပြီးတော့ ရှောင်ကြတယ်။ အခု တစ်ကြိမ် စစ်ကြောင်းထိုး လာချိန်မှာတော့ ကျွန်းခုံတွေ သဲသောင်ပြင်တွေနဲ့ ကိုင်းတောတွေ ထဲမှာ ရှောင်နေကြရတယ်။ တချို့ကတော့ မြို့ပေါ် တက်ရှောင်ကြတယ်။ တချိုကျတော့ ရှောင်စရာ နေရာမရှိသလို မြစ်ကူးဖို့ကလည်း စက်လှေမရှိတော့ အဆင်ပြေသလို ရှောင်နေရတာ။ အခုက သောင်ပြင်မှာက ဆောင်းနေဆိုပေမဲ့ နေ့လယ်ပိုင်းဆိုရင် တအားကိုပူတာ။ တချို့ စစ်ရှောင်တွေ နေမကောင်း ဖြစ်ကြတာတွေလည်း ရှိတယ်။ စစ်ရှောင်ပြည်သူတွေက စားနပ်ရိက္ခာက အခက်ခဲရှိတယ်။ ဘေးနားက ရွာတွေကလည်း မီးရှို့ခံထားရတော့လေ။ စစ်ကြောင်းထွက်သွားရင်ကို အိမ်ပြန်ဖို့က သစ်၊ဝါး ဝယ်ဖို့က အဆင်မပြေဘူး။ မီးရှို့သွားလို့ ကျန်ခဲ့တဲ့ ပြာတွေရှင်းရမှာနဲ့ အခက်ခဲတွေက အများကြီးပဲ”လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ မြင်းခြံနယ်ခံတစ်ဦးက ပြောပါတယ်။
စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း မြင်းခြံမြို့အနောက်ခြမ်းရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးချိန် ကလေးငယ်တစ်ဦးကို ပစ်သတ်၊ ဒေသခံတွေကို ဖမ်းဆီးကာ အိမ်ခြေ ၄၀၀ ကျော်ရှိတဲ့ ပတ္တာရွာကို စာသင်ကျောင်းပါ မချန် မီးရှို့လို့ နေအိမ် ၂၇၇ လုံး မီးလောင်ပြာကျပြီး နတ်ညွှန်းရွာရှိ အိမ်ခြေ ၆၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
ယမန်နေ့ ဖေဖေါ်ဝါရီ ၄ရက်မှာ နတ်ညွှန်းရွာ အပါအဝင် ဒါးကျွန်း(တောင်ရွာ-မြောက်ရွာ)၊ တန်ဆောင်း၊ ပြည်တော်သာ စတဲ့ ကျေးရွာ ငါးရွာက အိမ်ခြေ ၁၀၀၀ ကျော်ကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
စစ်အုပ်စုဟာ ဖေဖေါ်ဝါရီ ၄ရက် တစ်နေ့တည်း နတ်ညွှန်း (တောင်နဲ့မြောက်)၊ ဒါးကျွန်း(တောင်နဲ့မြောက်)၊ ပြည်တော်သာ၊ တန်ဆောင်းကျေးရွာ၊ စုစုပေါင်း ရွာငါးရွာ မီးရှို့တာဖြစ်ပြီး အိမ်ခြေ ၁၂၀၀ နီးပါး မီးလောင် ပျက်စီးတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“စာသင်ကျောင်းတွေရော၊ ဘုန်းကြီးကျောင်းတွေပါ ရှို့သွားတယ်လို့ ပြောတယ်။ နောက်ပြီးတော့ ဘုန်းကြီးကျောင်းတွေမှာ ရှေးဟောင်းလှေကြီးတွေ ရှိတယ်။ အရင်တုန်းက လှေပြိုင်ပွဲတွေ ဧရာဝတီ မြစ်ထဲမှာ လုပ်ခဲ့တော့ လောင်းလှေကြီးတွေ ရှိတယ်။ အဲဒီ ရှေးဟောင်းလှေတွေပါ မီးလောင်တဲ့ထဲ ပါသွားတယ်လို့တော့ ကြားရတယ်။ စစ်ကြောင်းက ရှိနေသေးတော့ အသေးစိတ် မသိရသေးဘူး”
စစ်အုပ်စုဟာ မြင်းခြံနယ် အပါအဝင် နိုင်ငံတဝန်း လက်နက်အားကိုးနဲ့ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက် စစ်အုပ်စု မီးရှို့ဖျက်ဆီးလို့ နိုင်ငံတဝန်း အရပ်သား နေအိမ် ၁၁၀,၀၀၀ မီးလောင်ပြာကျခဲ့တယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့ တစ်ခုဖြစ်တဲ့ Data For Myanmar က ထုတ်ပြန်ထားပါတယ်။
မြင်းခြံနယ်ထဲ စစ်အုပ်စု ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေလို့ အိုးအိမ်စွန့်ခွာ ထွက်ပြေးကာ မြစ်ရိုးသောင်ပြင်မှာ ဖြစ်သလို နေထိုင်ကြရတဲ့ ပြည်သူတွေကို ကျန်းမာရေး စောင့်ရှောက်ပေးနေစဉ်/Photo – MSN
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



