ပခုက္ကူမှာ စစ်အုပ်စု နှစ်လကြာ စစ်ကြောင်းထိုးနေပြီး ပြည်သူ သုံးဦး သတ်ဖြတ်၊ အိမ်ခြေ ၃၀၀ မီးရှို့၊
စစ်အုပ်စု ရန်ကြောင့် ထောင်သောင်းချီတဲ့ ပြည်သူတွေ ထွက်ပြေးနေရကာ အလုပ်အကိုင် ပျက်စီးဆုံးရှုံး၊
အီသာရမ်/MFP ၊ ဖေဖော်ဝါရီ-၁၆
မကွေးတိုင်း၊ ပခုက္ကူနယ်ထဲ အာဏာသိမ်း စစ်အုပ်စုက ရွေးကောက်ပွဲ လုံခြုံရေး အကြောင်းပြကာ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးနေတာ နှစ်လကြာရှိလာပြီး ပြည်သူသုံးဦးကို သတ်ဖြတ်ပြီးဖြစ်သလို အိမ်ခြေ ၃၀၀ ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး ဖြစ်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
၂၀၂၅ ဒီဇင်ဘာလက စတင်ကာ စစ်အုပ်စုက အင်အား အများအပြားနဲ့ ပခုက္ကူနယ်ထဲ ရွာစဉ်ပတ်မွှေ စီးနင်းကာ လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပြီး စစ်အုပ်စု ရန်ကြောင့် ထောင်သောင်းချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရကာ အလုပ်အကိုင် အခွင့်အလမ်းတွေ ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။
“စစ်ကြောင်းက မပြတ်ဘူး၊မပြတ်ဘူး။ လုပ်ကိုင် မစားရဘူး၊ ကျွန်တော်တို့ ပြည်သူတွေက ဒီ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက ပြေးလွှားနေကြရတာ၊ အိမ်မှာ အိပ်ရလို့ရှိရင် ငါးရက်ပြည့်အောင် အိပ်ရတဲ့ရက်ကို နည်းတယ်” လို့ ပခုက္ကူနယ်ခံတစ်ဦးက MFP ကို ပြောပါတယ်။
ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူမြို့နယ်နဲ့ မြိုင်နယ်တောင်ပိုင်းတို့ကို အဓိက ပစ်မှတ်ထားကာ စစ်အုပ်စုက ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးနေတာ ဖြစ်ပြီး နှစ်လတာအတွင်း ပခုက္ကူနဲ့မြိုင်နယ်အစပ်ရှိ နှောပင်၊ ကိုင်းနဲ့ ကံရပ်ကြီးကျေးရွာတို့ကို စစ်အုပ်စု စီးနင်းလုယက် မီးရှို့ဖျက်ဆီးလို့ အိမ်ခြေ ၃၀၀ ခန့် မီးလောင်ပြာကျကာ မြေပဲ၊ စပါး စတဲ့ တောင်သူတွေ ရိတ်သိမ်းထားတဲ့ ကောက်ပဲသီးနှံနဲ့ ခိုးယူမသယ်နိုင်တဲ့ တန်ဘိုးရှိ ပစ္စည်းတွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
ပခုက္ကူနယ် အနောက်ခြမ်းရှိ ကမ္မမြို့ကိုလည်း စစ်အုပ်စု စီးနင်းကာ လူသတ်၊ လုယက်၊ မီးရှို့နေလို့ မြို့လုံးကျွတ် ထွက်ပြေးနေကြရတယ်လို့ ကမ္မမြို့ခံတစ်ဦးက ပြောပါတယ်။
စစ်အုပ်စုဟာ ဇန်နဝါရီ ၁၅ ရက်က နှောပင်ကျေးရွာကို စီးနင်း မီးရှို့ချိန် စစ်ဘေးရှောင် မပြေးနိုင်ဘဲ နေအိမ်ကျန်ခဲ့တဲ့ အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦးကို သတ်ဖြတ်ခဲ့သလို ကမ္မမြို့ပေါ်က ပြည်သူ အမျိုးသမီးတစ်ဦးနဲ့ ကံရပ်ကြီးကျေးရွာက ပြည်သူတစ်ဦးတို့လည်း စစ်အုပ်စု လက်ချက်နဲ့ သေဆုံးခဲ့ပါတယ်။
စစ်အုပ်စု စစ်ကြောင်းဟာ ပခုက္ကူနယ် အနောက်ခြမ်းရှိ ကျေးရွာတွေကို စီးနင်းဝင်မွှေ လုယက်ခိုးယူကာ မြိုင်နယ်တောင်ပိုင်းရှိ တွင်းမရွာ ပျူစောထီးစခန်းနဲ့ သရက်ကန်ရွာ ပျူစောထီးစခန်းတွေအတွက် ရိက္ခာ စုဆောင်းတာ၊ အဲ့ဒီ ပျူစခန်းတွေ အနီးအနားရှိ ကျေးရွာတွေ ဖြစ်တဲ့ အိုရင်းနဲ့ မြေရင့်ကျေးရွာတို့ကိုလည်း မကြာခဏ စီးနင်းလုယက် ခိုးယူတာတွေ ကျူးလွန်နေတယ်လို့ ပခုက္ကူနယ်ခံတစ်ဦးက ပြောပါတယ်။
“သူတို့ စစ်ကြောင်းကြီးက ဒီလိုလေ ပခုက္ကူကနေ ထွက်လာတယ်၊ ဒီကနေ တွင်းမ(ရွာ)ကို ဝင်လိုက်၊ အနားနားရှိတဲ့ ကျေးရွာတွေက ရိက္ခာတွေ သယ်ပို့၊ ပို့ပြီးသွားလို့ရှိရင် သရက်ကန်(ရွာ)ဘက်ကို ထွက်၊ တိုက်ပွဲ နည်းနည်းပါးပါး ဖြစ်ပြီးသွားရင် သရက်ကန်အရှေ့ဘက်က မြေရင့်(ရွာ)တို့က ပြည်သူတွေရဲ့ ပစ္စည်းတွေ ဆွဲရမ်းယူပြီးပို့၊ ပြီးရင် စစ်ကြောင်းပတ်ထိုး၊ အရှေ့ကနေ ပတ်ပြန်ပြီး မြို့ကို ကွင်းသွားပြီး နောက်ရက်ကျ မြို့ကို ပြန်ဝင်နဲ့ အခေါက်ခေါက်အခါခါကို ရှိပေါ့”
လက်ရှိမှာ ကမ္မမြို့ကို စီးနင်းထားတဲ့ စစ်အုပ်စုထဲက အင်အား ၈၀ ခန့်ဟာ မြို့အရှေ့ဘက် တစ်မိုင်ခန့်အကွာရှိ ညောင်ဂျစ်ပင်ရွာ ပျူစခန်းမှာ အထိုင်ချတပ်စွဲဖို့အတွက် ဘန်ကာတွေ တည်ဆောက်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စု ရန်ကြောင့် စစ်ဘေးရှောင်ထွက်ပြေးနေရတဲ့ သောင်းနဲ့ချီတဲ့ ဒေသခံပြည်သူတွေဟာ စီးပွားရေးလုပ်ငန်းနဲ့ တောင်သူလယ်ယာလုပ်ငန်းတွေ မလုပ်နိုင်ကြဘဲ စားဝတ်နေရေး ကြပ်တည်းနေကြတယ်လို့ ဆိုပါတယ်။
ပခုက္ကူမှာ စစ်အုပ်စုက နေအိမ်နဲ့ ကောက်ပဲသီးနှံတွေ မီးရှို့ဖျက်ဆီးခဲ့မှုနဲ့ စစ်ဘးရှောင် ထွက်ပြေးနေရတဲ့ ပြည်သူတွေ/Photo – CJ၊ မြိုင်ဒေါင်းမင်း၊ ဗိုလ်နီတိုး
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



