ပုလဲမြို့ပေါ် စစ်အုပ်စု ရဟတ်ယာဉ် လေးကြိမ်ဆင်း အင်အားဖြည့်၊ မြေပြင် စစ်ကြောင်း ပြန်ထိုး၊
ဘက်ပြောင်းလာတဲ့ BNRA ငါးဦးကို ခေါ်ထုတ်ကာ နမခ ပို့၊

သုထက်/MFP၊ ဖေဖေါ်ဝါရီ – ၂၀
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့ပေါ်ကို အာဏာသိမ်း စစ်အုပ်စုက ဒီကနေ့ မနက်ပိုင်း ရဟတ်ယာဉ် လေးကြိမ်ဆင်းသက်ကာ အင်အားဖြည့်ခဲ့သလို မွန်းလွဲပိုင်းက စတင်ကာ တကျော့ပြန်စစ်ကြောင်းထိုးတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။
ဖေဖေါ်ဝါရီ ၂၀ရက် ဒီကနေ့ မနက်ပိုင်း မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ ကတဆင့် ပုလဲမြို့ပေါ် MI-17 သယ်ပို့ရဟတ်ယာဉ် လေးကြိမ် ဆင်းသက်ကာ အင်အားဖြည့်ခဲ့သလို စစ်အုပ်စုထံ လက်နက်ချ ဘက်ပြောင်းတဲ့ ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် – BNRA အဖွဲ့ဝင် ငါးယောက်ကိုလည်း ရဟတ်ယာဉ်နဲ့ တင်ခေါ်သွားတယ်လို့ ဆိုပါတယ်။
ဒီကနေ့ မနက် ၁၁နာရီမှာ ရဟတ်ယာဉ်နဲ့ စစ်အင်အားဖြည့်ပြီးနောက် မွန်းတည့် ၁၂နာရီလောက်က စတင်ကာ ပုလဲမြို့ရဲ့ အနောက်အရပ် သေတ္တရာရွာဘက်ဆီ ဦးတည်ကာ အင်အား ရာဂဏန်းနဲ့ စစ်ကြောင်းစထိုးတယ်လို့ ဒေသခံ တော်လှန်ရေး ရဲဘော်တစ်ဦးက MFP ကို ပြောပါတယ်။
“အင်အားက များတယ်၊ သေတ္တရာရွာထဲ ဝင်နေတယ်၊ နိုင်လင်း (ဗိုလ်နဂါး) အရင်က ဝှက်ထားတဲ့ ပစ္စည်းတွေ ဝင်သယ်တာလို့ သိရတယ်”
စစ်အုပ်စု စစ်ကြောင်းထိုးလို့ မြကုန်း၊ ကုက္ကိုကုန်း၊ စေတီရုံ၊ သေတ္တရာ စတဲ့ ကျေးရွာတွေက ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုဟာ ပုလဲမြို့ပေါ်ကနေ အနီးဝန်းကျင် ကျေးရွာတွေကို စစ်ကြောင်းထိုးလိုက်၊ ဝင်လိုက်ထွက်လိုက် လုပ်နေပြီး ဒီကနေ့ စစ်ကြောင်းရဲ့ အခြေအနေကို စောင့်ကြည့်ရဦးမယ်လို့ ဆိုပါတယ်။
စစ်အုပ်စုဟာ ဖေဖေါ်ဝါရီ ၁၉ရက် မနေ့ကလည်း မုံရွာ နမခ ကတဆင့် ပုလဲမြို့ပေါ် MI-17 သယ်ပို့ရဟတ်ယာဉ် နှစ်စီးနဲ့ ခြောက်ကြိမ်၊ ၁၂ ခေါက် ဆင်းသက်ကာ အင်အားဖြည့်တင်းခဲ့သလို ပုလဲမြို့ကနေ မင်းတိုင်ပင်ရွာဆီ စစ်ကြောင်းထိုးပြီးနောက် ဘက်ပြောင်းလာတဲ့ BNRA အဖွဲ့ဝင်တွေကို ပုလဲမြို့ပေါ် ခေါ်ထုတ်ခဲ့ပါသေးတယ်။
ဒီကနေ့ ဖေဖေါ်ဝါရီ ၂၀ရက်မှာ BNRA အဖွဲ့ဝင် ငါးယောက် လက်နက်ခဲယမ်းနဲ့အတူ ဘက်ပြောင်း ခိုဝင်လာတယ်လို့ စစ်လော်ဘီ ချန်နယ်တွေကနေ သတင်းဖြန့်ပါတယ်။
ပုလဲမြို့နဲ့ မင်းတိုင်ပင်ရွာကြားရှိ မြကုန်း၊ ကုက္ကိုကုန်း၊ စေတီရုံ၊ စပါးစေ့၊ နွယ်ရှောက်စတဲ့ ကျေးရွာတွေရှိ ဒေသခံ ပြည်သူတွေထဲက တချို့ဟာ စစ်အုပ်စု စစ်ကြောင်းထွက်လာပြီဆို ထွက်ပြေးလိုက်၊ အန္တရာယ် ကင်းပြီထင်ရင် ရွာထဲပြန်ဝင်လိုက်နဲ့ နေထိုင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စုဟာ ပုလဲနယ်ထဲ စစ်ကြောင်းထိုးတိုင်း ကျေးရွာတွေကို စီးနင်းဝင်မွှေကာ တွေ့သမျှလူ ဖမ်းဆီး၊ သတ်ဖြတ်၊ ဓားစာခံလူသားဒိုင်းအဖြစ် အသုံးချ၊ နေအိမ်တွေ ဖောက်ထွင်းခိုးယူ၊ ရွာမီးရှို့တာတွေ ကျူးလွန်လေ့ ရှိပါတယ်။
ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၁၇ရက်မှာ အမျိုးသား ညီညွတ်ရေးအစိုးရ – NUG က ပုလဲနယ် အခြေပြု BNRA တပ်ဖွဲ့ဝင်တွေ ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေကို အရေးယူဖို့အတွက်လို့ဆိုကာ BNRA ဂိတ်စခန်းတွေကို အင်အားသုံး စီးနင်းတိုက်ခိုက်ခဲ့ြီးနောက် ဖေဖေါ်ဝါရီ ၁၈ရက်မှာ BNRA ခေါင်းဆောင် ဗိုလ်နဂါး ခေါ် ထင်လင်း ဆိုသူ စစ်အုပ်စုဘက် ဘက်ပြောင်းခိုလှုံသွားသလို BNRA အဖွဲ့ဝင်တချိုပလည်း စစ်အုပ်စုထံ ဘက်ပြောင်းခိုလှုံတာ ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ NUG ထံ ပူးပေါင်းလာတဲ့ BNRA အဖွဲ့ဝင် ၁၅၀ ဝန်းကျင် ရှိတယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

စစ်အုပ်စုထံ ဘက်ပြောင်းတဲ့ BNRA အဖွဲ့ဝင်တွေကို တွေ့ရစဉ်/Photo – စစ်အုပ်စု
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



