သပိတ်ကျင်းမှာ ဆက်လက် တိုက်ပွဲပြင်းထန်၊
ဒရုန်းတွေနဲ့ အပြင်းအထန် ဗုံးကြဲလို့ အရပ်သားတွေပါ ထိခိုက်သေဆုံးနေ၊

တကောင်းမြို့ဘက် ဦးတည်တဲ့ စစ်အုပ်စု ရွာတချို့ သိမ်းယူပြီး ၁၅ရက်အတွင်း ခြောက်မိုင်ရှေ့တိုးနိုင်၊
ထင်လင်း/MFP၊ ဖေဖေါ်ဝါရီ – ၂၂
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ရွာအနီးကနေ တကောင်းမြို့ဘက် ဦးတည်ကာ စစ်အုပ်စု ဆက်လက် စစ်ကြောင်းထိုးလို့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပြီး စစ်အုပ်စုm ရွှေကျွန်းပင်ကျေးရွာအထိ ရှေ့တိုးလာနိုင်တယ်လို့ ဒေသခံ စစ်ရေး သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဖေဖေါ်ဝါရီ ၆ရက်က စတင်ကာ သပိတ်ကျင်းနယ် တွင်းငယ်ရွာအနီးရှိ တတက ၁၃ ခေါ် အမှတ် ၁၃ စစ် တန်းမြှင့်လေ့ကျင့်ရေးကျောင်းကနေ တကောင်းမြို့ဘက် ဦးတည်ကာ အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာ ဖြစ်ပြီး ၁၅ရက်အတွင်း ခြောက်မိုင် ရှေ့တိုးနိုင်ကာ ရွှေကျွန်းပင်ရွာအထိ ရောက်လာတာလို့ ဆိုပါတယ်။
“ဒီနေ့ ရွှေကျွန်းပင်(ရွာ)အထိ ရောက်နေပြီ”လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အတည်ပြုပါတယ်။
စစ်အုပ်စုဟာ ဖေဖော်ဝါရီ ၁၄ရက်မှာ တွင်းငယ်ရွာရဲ့ မြောက်ဘက် နှစ်မိုင်ခန့်အကွာရှိ ရှားတောကျေးရွာကို သိမ်းယူသွားပြီး ဖေဖော်ဝါရီ ၂၁ရက်မှာ နောက်ထပ် လေးမိုင်ခန့် ရှေ့တိုးနိုင်ကာ တွင်းငယ်နဲ့ ပေါက်တပင်ရွာကြားရှိ ရွှေကျွန်းပင်ကျေးရွာကို သိမ်းယူသွားတာလို့ ဆိုပါတယ်။
စစ်အုပ်စု စစ်ကြောင်းထိုးရာမှာ လက်နက်ကြီးနဲ့ ဒရုန်း အလွန်အကျွံ အသုံးပြုနေပြီး ကျေးရွာတွေနဲ့ အရပ်သားတွေ သွားလာနေတဲ့ လမ်းမပေါ်ကိုပါ ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်တာကြောင့် အရပ်သားပြည်သူ ထိခိုက် သေဆုံးမှု ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၁၈ရက်က ပေါက်တပင်ကျေးရွာ အရှေ့ဘက်၊ မန္တလေး-ဗန်းမော် ဗျူဟာလမ်းမပေါ်ကို စစ်အုပ်စုက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် တကောင်းမြို့ဘက်ကနေ စျေးရောင်းဖို့ သွားလာနေတဲ့ ဆိုင်ကယ်နဲ့ စျေးသည်တချို့ သေဆုံး ထိခိုက်ခဲ့ရတယ်လို့ ဆိုပါတယ်။
“၁၈ရက်နေ့ မနက် ၉နာရီ ဒရုန်းလွှတ်တာတဲ့၊ ဒရုန်း ချခံရတာတဲ့၊ မိန်းမက ဗိုက်ပွင့်သွားတာတဲ့၊ ယောက်ျားက လက်ပြတ်သွားတာတဲ့၊ သေတယ် ရှင်တယ် မသိသေးဘူး၊ ညနေပိုင်းကလည်း ရွာတွေရဲ့ အရှေ့ကို လှမ်းပစ်တာ၊ ထိတဲ့ လူတွေ ရှိတယ်တဲ့” လို့ သပိတ်ကျင်းနယ်ခံတစ်ဦးက MFP ကို ပြောပါတယ်။
ဒါ့အပြင် လက်နက်ကြီး ရမ်းကား ပစ်ခတ်မှုတွေလည်း ရှိပြီး စစ်အုပ်စုက ဒရုန်းနဲ့ဗုံးကြဲ၊ လက်နက်ကြီး ပတ်ထုနေလို့ တိုက်ပွဲဖြစ်ပွါးရာ ဒေသတဝိုက်ရှိ ကျေးရွာတွေက ပြည်သူတွေ စစ်ဘေးတိမ်းရှောင် ထွက်ပြေး နေကြရတယ်လို့ သပိတ်ကျင်းဒေသခံတွေက ပြောပါတယ်။
တွင်းငယ်နဲ့ တကောင်းမြို့ကြား မိုင် ၃၀ ဝန်းကျင် ကွာဝေးပြီး လက်ရှိမှာ စစ်အုပ်စုက တကောင်းမြို့ဘက် ဦးတည်ကာ ဆက်လက် စစ်ကြောင်းထိုးနေတာလို့ ဆိုပါတယ်။

သပိတ်ကျင်းမြို့နဲ့ တကောင်းမြို့ အပါအဝင် သပိတ်ကျင်းနယ် စစ်စခန်း အများအပြားကို ပြီးခဲ့တဲ့ ၂၀၂၄ နှစ်လယ်ပိုင်းမှာ တော်လှန်ရေးတပ်တွေက သိမ်းပိုက်နိုင်ခဲ့ပေမယ့် အဲ့ဒီ တွင်းငယ်ရွာအနီးရှိ တတက ၁၃ ကိုတော့ အမြစ်ပြတ် မသိမ်းယူနိုင်ဘဲ ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
တကောင်း၊ သပိတ်ကျင်း စတဲ့ စစ်ရှုံးနယ်မြေတွေကနေ ထွက်ပြေးတဲ့ စစ်အုပ်စုဟာ တတက ၁၃ ထဲ ခိုအောင်းနေခဲ့ပြီး လွန်ခဲ့တဲ့ တစ်နှစ်ကျော်အတွင်း တွင်းငယ်ရွာဘက် ဖောက်ထွက်နိုင်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် ထွက်ပေါက်မရဘဲ တွင်းငယ်ရွာအရှေ့ဘက်ခြမ်းရှိ ရေညှာဦး၊ ဗနွဲစတဲ့ ကျေးရွာတွေ အနီးလောက်သာ တိုးကပ်နိုင်ခဲ့ကာ ဖောက်မထွက်နိုင်ဘဲ ပိတ်မိနေခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်း ငလျင်ကြောင့် တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်ရပ်နားတာကို အခွင့်ကောင်းယူကာ စစ်အုပ်စုက စစ်ရေးပြင်ဆင်ခဲ့သလို တရုတ်အားကိုး၊ လေကြောင်းအားကိုး၊ ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းထားသူတွေကို အသေခံရှေ့ကတက်ခိုင်းကာ ၂၀၂၅ နှစ်လယ်ပိုင်းမှာ မန္တလေးတိုင်းထဲက စစ်ရှုံးနယ်မြေတွေ ပြန်ရရေးအတွက် တန်ပြန် ထိုးစစ်ဆင်နိုင်ခဲ့ပါတယ်။
မန္တလေးမြို့ကနေ စတင်ကာ မန္တလေး – မတ္တရာ – စဉ့်ကူး – သပိတ်ကျင်း – မိုးကုတ် – တကောင်း – ထီးချိုင့် – ဗန်းမော်ကားလမ်းအတိုင်း စစ်အုပ်စုက ထိုးစစ်ဆင်နေတာ ဖြစ်ပြီး လွန်ခဲ့တဲ့ လတွေအတွင်း စဉ့်ကူး၊ သပိတ်ကျင်း၊ မိုးကုတ် စတဲ့ မြို့တွေနဲ့ စစ်စခန်းတွေကို စစ်အုပ်စု ပြန်လည် သိမ်းယူနိုင်ခဲ့ပါတယ်။
မန္တလေးကနေ သပိတ်ကျင်းအထိ ပြန်လည် သိမ်းယူနိုင်တဲ့ စစ်အုပ်စုက သပိတ်ကျင်းရဲ့ အထက်ဘက် တကောင်းမြို့ဘက် ဦးတည်ကာ ဆက်လက် စစ်ကြောင်းထိုးနေတာလို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။
တကောင်းမြို့ဟာ မန္တလေးတိုင်းအတွင်း တော်လှန်ရေးတပ်တွေ သိမ်းပိုက် ထိန်းချုပ်ထားတဲ့ နောက်ဆုံး မြို့ ဖြစ်ပြီး ဧရာဝတီမြစ်ကမ်းမှာ တည်ရှိကာ မန္တလေး – ထီးချိုင့် – ဗန်းမော် ဗျူဟာလမ်းပေးမှာ တည်ရှိတာ ဖြစ်ပါတယ်။



သပိတ်ကျင်းနယ် ရွှေကျွန်းပင်ရွာကို ပြန်လည် ထိန်းချုပ်နိုင်ပြီးနောက် အောင်ပွဲခံနေတဲ့ စစ်အုပ်စုနဲ့ ၂၀၂၄ နှစ်ကုန်ပိုင်းက ရွှေကျွန်းပင်ရွာကို စစ်အုပ်စု ဗုံးကြဲလို့ နေအိမ်တွေပျက်စီးကာ ပြည်သူတွေ ထိခိုက် သေဆုံးခဲ့စဉ်/Photo – စစ်အုပ်စု၊ နွေဦးရောင်နီ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



