စစ်ကိုင်းသတင်း

ပျော်ပွဲရွှင်ပွဲများနောက်ကွယ်ပေါ်တာဆွဲမှုမြင့်တက်နေသည့်မုံရွာ

ဘုန်းစိုး/MFP၊ မတ် ၁

စစ်ကိုင်းတိုင်းရဲ့ မြို့တော် မုံရွာမြို့ပေါ်မှာ စစ်အုပ်စုလက်အောက်ခံ တိုင်းအစိုးရက နယ်မြေအေးချမ်းတဲ့အသွင်နဲ့ ပျော်ပွဲရွှင်ပွဲတွေ ပုံမှန်ကျင်းပနေပြီး တစ်ဖက်မှာလည်း ပွဲလာသူတွေကို အဓမ္မပေါ်တာဆွဲမှု မြင့်တက်လာတယ်လို့ ဒေသခံတွေက MFP ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်ကနေ ၁၇ ရက်နေ့အထိ မုံရွာ ကျောက္ကာလမ်း၊ပြည်သူ့ဥယျာဉ်အတွင်း (၅) ရက်ကြာ ပြုလုပ်ခဲ့တဲ့ ဈေးရောင်းပွဲတော်နဲ့ ဖျော်ဖြေရေးပွဲမှာ လူငယ် (၁၀၀) ဝန်းကျင်ခန့်ကို စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့ MFP ရဲ့သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။

“Non-CDM တွေနဲ့ ဝန်ထမ်းကတ်ပါတဲ့သူတွေက ပျော်စရာကောင်းတယ်၊ သွားလို့ လာလို့ရပါတယ်ဆိုတဲ့ သဘော လိုင်းပေါ်တင်ကြတာ။ စစ်တပ်နဲ့ ပိုင်တဲ့ မိသားစုတွေကလည်း အဲလိုပဲ၊ သူတို့ကတော့ လွတ်တာပေါ့။ အဲဒါကို တကယ်ထင်ပြီး သွားကြတဲ့သူတွေက ပေါ်တာဆွဲကားနဲ့ ကြုံတာနဲ့ ပါတော့တာပဲ” လို့ မုံရွာမြို့ခံ ပြည်သူတစ်ဦးက ပြောပါတယ်။

မုံရွာမြို့ပေါ်မှာ ပြည်သူ့ဥယျာဉ်ဖွင့်ပြီးခဲ့တဲ့ အောက်တိုဘာလ သီတင်းကျွတ်လပြည့်ညကစပြီး စတိတ်ရှိုးတွေ၊ ဖျော်ဖြေပွဲတွေနဲ့ပျော်ပွဲရွှင်ပွဲတွေကို စစ်တပ်လက်အောက်ခံ တိုင်းအစိုးရက ဦးဆောင်ပြီး လစဉ်နီးပါးကျင်းပပြုလုပ်နေတာပါ။

၂၀၂၅ ခုနှစ်သတင်းကျွတ်လပြည့်နေ့က မုံရွာမြို့ပြည်သူ့ဉယျာဉ်တွင် ကျင်းပခဲ့သည့်ဖျော်ဖြေပွဲ (ဓာတ်ပုံ- အင်တာနက်)

“မုံရွာက စစ်တပ်လုပ်တဲ့ ပွဲတွေကို အများဆုံး သွားကြတာ စစ်တပ်နဲ့ ပိုင်တဲ့လူတွေ၊ Non-CDM နဲ့ မိသားစုဝင်တွေပဲ။ အပြန်စောင့်ဖမ်းလည်း သူတို့က အေးဆေးပဲ၊ ဝန်ထမ်းကတ် ပြလိုက်လို့ ရတယ်” လို့ မုံရွာမြို့ခံ Non-CDM တစ်ဦးက ပြောပါတယ်။

“မုံရွာမှာက စစ်တပ်က လွှတ်ပေးထားတဲ့ လူသိများတဲ့ လူတွေကို သုံးပြီး လိုင်းပေါ်ကနေ ပျော်ပွဲရွှင်ပွဲတွေကို လွတ်လွတ်လပ်လပ်ပဲ ဆိုတဲ့သဘောမျိုး တင်ကြတာ။ သူတို့ သုံးတဲ့ လူတွေက အများကြီးပဲ၊ စည်ပင်ဝန်ထမ်းတွေလည်း ကတ်ထုတ်ပေးပြီး ပွဲစည်အောင် လုပ်တာ။ အဲဒါကို တကယ်ထင်ပြီး သွားတဲ့ လူငယ်တွေ ပေါ်တာဆွဲခံရတာပဲ” လို့ မြို့ခံပြည်သူတစ်ဦးက ပြောပါတယ်။

မုံရွာမြို့မှာ ပုံမှန် ပေါ်တာဆွဲလေ့ရှိတဲ့ ရက်တွေက လတစ်လရဲ့ လဆန်းပိုင်းရက်တွေနဲ့ လကုန်ရက်ပတ်တွေ ဖြစ်တယ်လို့ မြို့ခံတွေကြား အချင်းချင်း သတိပေးနေကြောင်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ကတည်းက မုံရွာမြို့ပေါ်နဲ့ အနီးတစ်ဝိုက်မှာ စစ်အုပ်စုက အင်အားစု ပေါ်တာဆွဲတာတွေ တရစပ်ပြုလုပ်နေပြီး နေ့ညမပြတ် လူသစ်စုဆောင်းနေကြောင်း ပြည်တွင်း သတင်းမီဒီယာတွေကလည်း ထောက်ပြရေးသားနေကြပါတယ်။

မြို့အဝင်၊ အထွက်မှာရှိတဲ့ စစ်ဆေးရေးဂိတ်တွေမှာ စစ်တပ်က စောင့်ပြီး အလုပ်သွား၊ အလုပ်ပြန်တွေကို ပေါ်တာဆွဲလေ့ရှိသလိုအိမ်စီးကားတွေနဲ့ လှည့်ပတ်ပြီး ပေါ်တာဆွဲတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဒါ့ပြင် စတိတ်ရှိုးနှင့် ပျော်ပွဲရွှင်ပွဲများအပြီး ညပိုင်းအပြန်တွင် ရပ်ကွက်လမ်းကြားတွေမှာ စောင့်ပြီး ဖမ်းဆီးတာတွေ ရှိနေတာဖြစ်ပါတယ်။

မုံရွာမြို့မှာ လစဉ် လူငယ် (၁၀၀) ထက်မနည်း အဓမ္မ စစ်မှုထမ်း အပတ်စဉ်သင်တန်းတွေ အတွက် ပေါ်တာဆွဲဖမ်းဆီးခံနေရပြီးလိုက်လံထုတ်ယူဖို့၊ တိုင်ကြားဖို့ အခွင့်အရေးလည်း မရှိဘူးလို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့က ပြည်သူ့ဥယျာဉ်မှာ စတိတ်ရှိုးပွဲကြည့်ပြီး ပြန်လာတဲ့ လူငယ် ၃၂ ဦးကို စစ်အုပ်စုက ပေါ်တာဆွဲပြီး စစ်မှုထမ်းစုဆောင်းခဲ့ပါတယ်။ ဒီဇင်ဘာ ၁၄ ရက်နေ့ မနက်ပိုင်းက မုံရွာပညာရေးကောလိပ်အနီးမှာ ပေါ်တာဆွဲတဲ့ကားကို မြင်လို့ လှည့်ပြန်တဲ့ လူငယ်တစ်ဦးကို စစ်အုပ်စုက သေနတ်နဲ့ လှမ်းပစ်ခဲ့ပါတယ်။

“စစ်တပ်နဲ့ ပိုင်တဲ့လူတွေက ပွဲကနေ အိမ်ပြန်လို့ ပေါ်တာဆွဲကားနဲ့ တွေ့လည်း ရှင်းနိုင်တယ်။ အဲလိုလူတွေကို စစ်တပ်က ပေါ်တာမဆွဲဘူး။ ဆွဲရင်လည်း သူ့အချိတ်နဲ့သူ ဖုန်းဆက်လို့ ရတယ်” လို့ မုံရွာမြို့ခံ လူငယ်တစ်ဦးက ပြောပါတယ်။

လာမယ့် မတ်လ (၆၊ ၇၊ ၈) ရက်မှာလည်း မုံရွာမြို့ ကန်သာယာကန်၊ ရွှေလိမ္မော်ကျွန်းမှာ မုံရွာ ညဈေးတန်း ဖွင့်ပွဲနဲ့ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပပြုလုပ်သွားမယ်လို့ ကြေညာထားပါတယ်။

၂၀၂၅ ခုနှစ်သတင်းကျွတ်လပြည့်နေ့က မုံရွာမြို့ပြည်သူ့ဉယျာဉ်တွင် ကျင်းပခဲ့သည့်ဖျော်ဖြေပွဲ (ဓာတ်ပုံ- အင်တာနက်)

မုံရွာမြို့ခံ လူငယ်တွေအနေနဲ့ အာဏာသိမ်းစစ်တပ်နဲ့ နီးစပ်သူတွေ၊ Non-CDM မိသားစုဝင်တွေ မဟုတ်ခဲ့ရင် စစ်တပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးခံရနိုင်ခြေ မြင့်မားတဲ့အတွက် စစ်တပ်က ဦးဆောင်ကျင်းပတဲ့ ပျော်ပွဲရွှင်ပွဲတွေကို သတိထား သွားလာကြဖို့ လိုအပ်တယ်လို့ မုံရွာမြို့နယ် လူထုသပိတ်ဦးဆောင်သူတွေ နဲ့ တော်လှန်ရေးအဖွဲ့တွေကလည်း တိုက်တွန်းထားပါတယ်။

Related Articles

Back to top button