မြိုင် ပကဖနဲ့ ပခုက္ကူခရိုင်ပကဖ တာဝန်ခံ ဗိုလ်လက်ယာ မကွေး ကာကွယ်ရေးဝန်ကြီး ဖြစ်လာ၊

အီသာရမ်/MFP ၊ မတ်-၁၂
မကွေးဖက်ဒရယ်ယူနစ် ကြားကာလ အစိုးရ ကာကွယ်ရေးဝန်ကြီးအဖြစ် ပခုက္ကူခရိုင် ပကဖနဲ့ မြိုင် ပကဖ တာဝန်ခံ ဗိုလ်လက်ယာ ကို အတည်ပြု ခန့်အပ်လိုက်တယ်လို့ မကွေးဖက်ဒရယ်ယူနစ် လွှတ်တော် က မတ်လ ၁၂ ရက် ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
မကွေးဖက်ဒရယ်ယူနစ် ကြားကာလ အစိုးရရဲ့ ကာကွယ်ရေးဝန်ကြီး ဖြစ်လာတဲ့ ဗိုလ်လက်ယာ ဟာ ကျောင်းဆရာ အဖြစ်ကနေ ၂၀၀၁ မှာ ရဲဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၁ စစ်အာဏာသိမ်းချိန်မှာ ရှမ်းပြည်နယ် တောင်ပိုင်းကနေ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကာ မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း တော်လှန်ရေးတာဝန်တွေ ထမ်းဆောင်နေတာ ဖြစ်ပါတယ်။
မကွေးယူနစ်အစိုးရ ကာကွယ်ရေးဝန်ကြီး ဖြစ်လာတဲ့ ပခုက္ကူခရိုင် ပကဖ တာဝန်ခံ ဗိုလ်လက်ယာ က သူ့အနေနဲ့ တိုက်ခိုက်ဖို့၊ စည်းရုံးဖို့နဲ့ တပ်အနေနဲ့ စနစ်ကျဖို့၊ ညီညွတ်ဖို့ ဦးစားပေး လုပ်ဆောင်ဖို့ ရည်မှန်းထားတယ်လို့ MFP ကို ပြောပါတယ်။
“အရင်ဆုံးကတော့ တိုက်ခိုက်ဖို့ထက် စည်းရုံးဖို့၊ တပ်အနေနဲ့ စနစ်ကျဖို့၊ အပြန်အလှန် တစ်ဖွဲ့နဲ့တစ်ဖွဲ့ အမြင်စောင်းတာ မရှိအောင်၊ အချင်းချင်း ညီညွတ်သွားအောင် ကျွန်တော်တို့ Local (ဒေသကာကွယ်ရေးတပ်)တွေ ရှိမယ်၊ ကျွန်တော်တို့ ဖြတ်သန်းလာခဲ့တဲ့ ခေါင်းဆောင်လုပ်ခဲ့တဲ့ ပကဖ ရှိမယ်၊ မြိုင်ရှိမယ်၊ ပခုက္ကူရှိမယ်၊ ဒီလို ဖြတ်သန်းလာတာ ရှိမယ်၊ ကျွန်တော်တို့ ဝန်ကြီး ဖြစ်လာတဲ့အခါမှာ ပကဖတွေ၊ Local တွေ ဘယ်လိုသွားကြမလဲဆိုတာ ၂၅ မြို့နယ်လုံးက ခေါင်းဆောင်တွေနဲ့ ခရိုင်အသီးသီးမှာ တာဝန်ယူထားတဲ့ ခေါင်းဆောင်တွေ၊ စစ်ဘက်ရေးရာတွေ တာဝန်ယူထားတဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး အကျယ်တဝံ့ လုပ်မယ်”
ဒီကနေ့ ကျင်းပတဲ့ မကွေးဖက်ဒရယ်ယူနစ် လွတ်တော် ၁၁ ကြိမ်မြောက် ပုံမှန် အစည်းအဝေးမှာ မကွေး ဖက်ဒရယ်ယူနစ် ကြားကာလ အစိုးရအဖွဲ့ ဒုတိယ ဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးနဲ့ ပညာရေးဝန်ကြီ စတဲ့ ဝန်ကြီး ကိုးဦးနဲ့ ရှေ့နေချုပ်တို့ကို အတည်ပြုခန့်အပ်ပေးဖို့ ယူနစ်အစိုးရ ဝန်ကြီးချုပ် ဒေါက်တာရဲထွန်းဇော်က နာမည်စာရင်းနဲ့တကွ လွှတ်တော်ထံ တင်သွင်းခဲ့တာ ဖြစ်ပြီး ဒု-ဝန်ကြီးချုပ် အပါအဝင် ဝန်ကြီး ခုနှစ်ဦးနဲ့ ရှေ့နေချုပ်တို့ကို လွှတ်တော်က အတည်ပြုခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။
မကွေးဖက်ဒရယ်ယူနစ် အစိုးရအဖွဲ့ဝင်ဖြစ်လာသူတွေဟာ ဒုတိယဝန်ကြီးချုပ်အဖြစ် ဦးချစ်ဝင်းမောင်၊ ကာကွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးလက်ယာ(ခ) ဖိုးကျော်၊ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ကျော်ထွန်း၊ စီမံကိန်း၊ ဘဏ္ဍာရေး၊ သယံဇာတနှင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ကိုလတ်၊ ပညာရေးဝန်ကြီးဌာန ဝန်ကြီး ဦးကျော်သူရ၊ ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာမိုးမင်း၊ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန ဝန်ကြီး ဆလိုင်းအောင်ဝင်း(ခ) ဦးဆလိုင်းနဲ့ ရှေ့နေချုပ် ဒေါ်မေရီ တို့ ဖြစ်ပါတယ်။
မကွေးဖက်ဒရယ်ယူနစ် အစိုးရအဖွဲ့မှာ တာဝန်ထမ်းဆောင်မဲ့ ဝန်ကြီးချုပ်၊ ဒု-ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေကို ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲက အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့၊ နိုင်ငံရေးပါတီများ အစုအဖွဲ့၊ ချင်းတိုင်းရင်းသားများ အစုအဖွဲ့၊ တောင်သားနဲ့ ယောလူမျိုးများ အစုအဖွဲ့၊ သမဂ္ဂများ၊ အမျိုးသမီးများနဲ့ လူငယ်ဆိုင်ရာ အဖွဲ့အစည်းများ၊ လူထုသပိတ်လှုပ်ရှားမှု ဆိုင်ရာ အဖွဲ့အစည်းများ အစုအဖွဲ့၊ CDM နိုင်ငံ့ဝန်ထမ်းများ အစုအဖွဲ့နဲ့ ခုခံတွန်းလှန်ရေး အဖွဲ့များက ထောက်ခံ အဆိုပြုတဲ့ ကိုယ်စားလှယ်များ အစုအဖွဲ့ဆိုတဲ့ အစုအဖွဲ့ ခြောက်ခုက ရွေးချယ်တင်မြောက်ခဲ့ကြတာ ဖြစ်ပြီး လွှတ်တော်က အတည်ပြု ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။


မကွေဒဖက်ဒရယ်ယူနစ် အစိုးရ ကာကွယ်ရေးဝန်ကြီး ဗိုလ်လက်ယာ/Photo – ထင်လင်း
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #မကွေး #ယူနစ်အစိုးရ #ဝန်ကြီး #ဗိုလ်လက်ယာ



