မကွေးသတင်းအညာမြေ တော်လှန်ရေး

ပခုက္ကူနယ် တိုက်ပွဲ စစ်အုပ်စု အသေအပျောက် ရှိပြီး ခဲယမ်းတချို့ ရရှိ၊

အီသာရမ်/MFP၊ မတ် – ၁၆

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် အနောက်ခြမ်း၊ ကန်တော်ရွာ ပျူစောထီးစခန်းက အာဏာသိမ်း စစ်အုပ်စု လက်နက်ကိုင်တွေကို ကြားဖြတ်တိုက်ခိုက်ရာ စစ်အုပ်စု ငါးယောက် သေပြီး ခဲယမ်းတချို့ ရရှိတယ်လို့ ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် – PLA က သတင်း ထုတ်ပြန်ပါတယ်။

မတ်လ ၁၅ရက် မနေ့က မနက်ပိုင်း ပခုက္ကူမြို့နယ် အနောက်ခြမ်းရှိ ကန်တော်ရွာရွာ ပျူစခန်းက ထွက်လာပြီး ညောင်ဂျစ်ပင်ရွာ ပျူစခန်းဘက် ဦးတည်နေတဲ့ အင်အား ၇၀ ခန့်ပါ စစ်အုပ်စုကို ပြည်သူ့လွတ်မြောက်ရေး တပ်မတော် – PLA၊ မဟာမိတ်တွေ ဖြစ်တဲ့ Magway – MGY PDF၊ ကမ္မတပ်ပေါင်းစု၊ Pakokku Column တို့ ပူးပေါင်းပြီး ကြားဖြတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲဟာ မနက် ၇နာရီကနေ ၁၁နာရီအထိ လေးနာရီကြာမြင့်ပြီး စစ်အုပ်စု ပြန်ဆုတ်ပြေးတယ်လို့ ဆိုပါတယ်။

“ရန်သူ့ဘက်မှ ငါးဦး ကျဆုံးကြောင်း မျက်မြင် အတည်ပြုနိုင်ပြီး မည်မျှ ထိခိုက်ဒဏ်ရာ ရရှိသွားသည်ကိုမူ စိစစ်နေဆဲ ဖြစ်သည်။ တိုက်ပွဲပြီးနောက် ရှင်းလင်းရေး လုပ်ဆောင်ရာတွင် ရန်သူ့ဘက်မှ လက်နက်ခဲယမ်း အနည်းငယ် သိမ်းဆည်းရမိခဲ့သည်” လို့ PLA က ဖော်ပြပါတယ်။

ပခုက္ကူနယ် ကမ္မမြို့၊ ကန်တော်ရွာစခန်းနဲ့ ညောင်ဂျစ်ပင်စခန်း အပါအဝင် စစ်အုပ်စုက ဒေသတွင်း လှည့်လည်ကာ လက်နက်အားကိုးနဲ့ ရွာမီးရှို့၊ လူသတ်၊ လုယက်တာတွေ မကြာခဏ ကျူးလွန်နေတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပခုက္ကူနယ် တိုက်ပွဲအပြီး သိမ်းဆည်း ရရှိတဲ့ ခဲယမ်းတချို့/Photo – PLA

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #မကွေး #ကမ္မ #ပခုက္ကူ

Related Articles

Back to top button