
ဒေါ်လာ/MFP၊ မတ် – ၃၀
အာဏာသိမ်း စစ်အုပ်စု အခြေပြုရာ နေပြည်တော်အနီး၊ ရမည်းသင်းမြို့နယ်၊ ကျော်ကြားရွာ၊ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၂၅၃ မှာ ဒီကနေ့ စစ်ကားတန်းကို စောင့်ကြို တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စု ၁၀ ယောက် သေတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA က သတင်း ထုတ်ပြန်ပါတယ်။
မတ်လ ၃၀ရက် ဒီကနေ့ မွန်းလွဲပိုင်းအချိန် ရမည်းသင်းမြို့နယ်၊ ကျော်ကြားရွာအနီး၊ ရန်ကုန် – မန္တလေး ကားလမ်းပေါ်မှာ တစ်စီးကို အင်အား ၂၀ လောက်နဲ့ ကင်းလှည့်နေတဲ့ စစ်အုပ်စု ကားလေးစီးကို PLA ရဲဘော်တွေက ကင်းပုန်းဝပ်ပြီး စောင့်ဆိုင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


တိုက်ပွဲချိန် နာရီဝက်ခန့်ကြာပြီး စစ်အုပ်စု ၁၀ ယောက်လောက် သေတာကို မြင်တွေ့ခဲ့ရကာ ဒဏ်ရာရသူ အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးဘူးလို့ PLA က ဖော်ပြပါတယ်။
အဲ့ဒီ စစ်အုပ်စု ကားတန်းဟာ အမြန်လမ်းပေါ် ကင်းလှည့်သလို ဂိတ်ထိုးကာ ခရီးသွားပြည်သူကို ဆက်ကြေးကောက် ငွေညှစ်နေတဲ့ အဖွဲ့ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာတော့ စစ်အုပ်စုက အင်အားဖြည့်ကာ တိုက်ပွဲဖြစ်ပွားရာ ပတ်ဝန်းကျင်ကို ရှင်းလင်းရေး လုပ်နေတယ်လို့လည်း PLA က ဆိုပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စုက အမြန်လမ်း အပါအဝင် နိုင်ငံအနှံ့မှာ လမ်းသွားလမ်းလာ ခရီးသွားပြည်သူကို လက်နက်ပြ မိုက်ကြေးခွဲ ငွေညှစ်တာ၊ ပေါ်တာဆွဲတာ၊ စိတ်ထင်တိုင်း ပစ်ခတ်သတ်ဖြတ်တာတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #PLA #နေပြည်တော် #အမြန်လမ်း



