ပခုက္ကူ ရေနံတွင်းတွေ ရှိရာ NUG က အင်အားသုံး ဝင်ရောက်လို့ ဒေသခံတပ်တွေနဲ့ စစ်ရေးတင်းမာ၊
နှစ်ဖက် ပြေလည်ဖို့ ညှိနှိုင်းနေတယ်လို့ မကွေးယူနစ်အစိုရ ဝန်ကြီးချုပ်ပြော၊

အမြန်ဆုံး ဆွေးနွေးညှိနှိုင်းကြဖို့ ဒေသခံ တပ်ရင်းတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက တိုက်တွန်း၊
ဒီဒီ/MFP၊ ဧပြီ -၁
မကွးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နဲ့ ပေါက်နယ်ရှိ ရေနံတွင်း၊ ရေနံမှော်တွေရှိရာ ဒေသကို အမျိုးသား ညီညွတ်ရေး အစိုးရ – NUG၊ ကာကွယ်ရေးဝန်ကြီးဌာန – MOD ဦးဆာင်တဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် – PDF ရဲဘော် အင်အား ရာဂဏန်းနဲ့ မတ်လ ၃၀ရက်မှာ ဝင်ရောက်လာတာကြောင့် ဒေသခံ တော်လှန်ရေး တပ်တွေနဲ့ စစ်ရေးတင်းမာနေတယ်လို့ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
မတ်လ ၃၀ရက်မှာ MOD ရဲ့ PDF အင်အား ရာဂဏန်း ရေနံတွင်းတွေရှိရာ ဝင်လာရောက်တာကြောင့် မြိုင် ပကဖ နဲ့ ပေါက် ပကဖ အပါအဝင် ဒေသခံ တော်လှန်ရေးတပ်တွေနဲ့ ထိပ်တိုက် ရင်ဆိုင်တွေ့မယ့် အခြေအနေ ဖြစ်နေပြီး မြိုင်နယ် ကျေးရွာ သုံးရွာခန့် စစ်ဘေးရှောင်နေကြတယ်လို့ ဆိုပါတယ်။
ပခုက္ကူခရိုင်ထဲရှိ သယံဇာတ ထွက်ရှိရာ နေရာတွေကို NUG က ဝင်ရောက်လာခဲ့ပြီး ဒေသခံ အဖွဲ့အစည်းတွေနဲ့ တင်းမာနေတာကြောင့် မကွေး ဖက်ဒရယ်ယူနစ်အစိုးရ အနေနဲ့ ညှိနှိုင်း ဆွေးနွေးဖို့ ကြိုးစားနေတယ်လို့ မကွေးယူနစ်အစိုးရ ဝန်ကြီးချုပ် ဒေါက်တာ ရဲထွန်းဇော် က MFP ကို ပြောပါတယ်။
“မနေ့က (မတ်၃၀) ဖြစ်တဲ့ကိစ္စမှာ ကျွန်တော်တို့ ယူနစ်အစိုးရဘက်ကို (NUGက) ကြိုတင် အသိပေးတာမျိုး မရှိဘူးပေါ့လေ၊ ဒါပေမယ့် ဒီလိုဖြစ်စဉ်တွေ ဖြစ်လာတဲ့အချိန်မှာ ယူနစ်အစိုးရအနေနဲ့ မနေ့က NUG အစိုးရဆီကို အထူးသဖြင့် NUG MOD ပြည်ထောင်စု ဝန်ကြီးဆီကို စာပေးပို့ပြီးတော့ ဒီကိစ္စအပေါ်မှာ ပူးပေါင်း ဆောင်ရွက်မယ်လို့ အကြောင်းကြားထားတာမျိုး ရှိပါတယ်ခင်ဗျာ”

မတ်လ ၃၀ ရက်မှာ NUG တပ်ရင်းတွေဖြစ်တဲ့ PDF အင်အား ၃၀၀ ခန့်က ပခုက္ကူခရိုင်ရှိ သယံဇာတ ထွက်ရှိရာ နေရာကို ရောက်ရှိလာခဲ့တာ ဖြစ်ပြီး NUG က ခန့်အပ်ထားတဲ့ မကွေးတိုင်း ရေနံအထူးအရာရှိ ကို ပြန်လည် ဖမ်းဆီးထားတယ်လို့ သတင်းကြားကြောင်း ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။
ညနေပိုင်းမှာ ဒေသခံ တော်လှန်ရေးတပ်တွေနဲ့ NUG တပ်တွေ စစ်ရေး တင်းမာ လာတာကြောင့် မြိုင်နယ် ကျေးရွာ သုံးရွာခန့်က ပြည်သူတွေ တိမ်းရှောင်နေကြတယ်လို့ ဒေသခံက ဆက်ပြောပါတယ်။
“စစ်ကိုင်းဘက်က တပ်ရင်းတွေနဲ့ မကွေးတိုင်း အောက်ပိုင်းက တပ်ရင်းတွေနဲ့ပေါင်းပြီး အင်အား အလုံးအရင်းနဲ့ ဝင်နေတယ်။ အဲလိုတွေ ဝင်လာတော့ ဒီနယ်မြေက တပ်ဖွဲ့တွေနဲ့ NUG က လွှတ်လိုက်တဲ့ အဖွဲ့တွေနဲ့တော့ တင်းတင်းမာမာ မဟုတ်တောင် အဆင်မပြေတဲ့ ပုံစံတွေ ရှိတာပေါ့၊ စစ်ရေးတင်းမာတဲ့ အနေအထားက နှစ်ဖက် အပြန်အလှန်မျိုး ရှိနေတာမျိုးက ရှိတယ်ပေါ့လေ။ သို့သော်လည်း ပြည်သူတွေက လန့်ပြီးတော့ ရှောင်သွားတာမျိုး ဖြစ်တာပေါ့၊ လောလောဆယ် နှစ်ရွာ သုံးရွာလောက်တော့ ရှောင်နေရပါတယ်”
တင်းမာမူ စတင်တဲ့ မတ်လ ၃၀ရက် ညနေပိုင်းမှာပဲ မြိုင် ပကဖ က မြိုင်နယ်အတွင်း လက်နက်ကိုင် သွားလာမည် ဆိုပါက ကြိုတင်အကြောင်းကြားဖို့နဲ့ စစ်ဆေးရင် ကြည်ဖြူစွာ လက်ခံဖို့ သတိပေးတဲ့ ထုတ်ပြန်ချက် နှစ်စောင်ကို ရှေ့ဆင့်နောက်ဆင့် ထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီ ရေနံတွင်းတွေ ရှိရာ NUG က အင်အားသုံး ဝင်ရောက်တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အဓိက အကြောင်းအရင်းကိုတော့ MFP အနေနဲ့ မသိရသေးပါဘူး။
အဲ့ဒီ ဖြစ်စဉ်အပေါ် NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကို MFP က ဆက်သွယ် မေးမြန်းဖို့ ကြိုးစားနေဆဲ ဖြစ်သလို မြိုင် ပကဖ နဲ့ ပေါက် ပကဖ တို့ကိုလည်း ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲ ဖြစ်ကာ နှစ်ဖက်လုံးက ဖြေကြားတာ မရှိသေးပါဘူး။
မကွေးဖက်ဒရယ်ယူနစ်လွှတ်တော် ကြားကာလ အစီအမံ ဥပဒေထဲက အခန်း ၁၀၊၁၂၉ မှာ မကွေး ဖက်ဒရယ်ယူနစ် အတွင်းမှာရှိတဲ့ သဘာဝသယံဇာတက ရရှိတဲ့ အကျိုးစီးပွား၊ ဘဏ္ဍာငွေကို ပြည်ထောင်စု အစိုးရနဲ့ ညှိနှိုင်း ခွဲဝေရမယ်လို့ ပါရှိပြီး လက်ရှိအချိန်မှာတော့ ယူနစ်အစိုးရ ဖွဲ့မပြီးခင်မှာ အခုလို တင်းမာမူမျိုး ပေါ်ပေါက်လာတာလို့ မကွေးဖက်ဒရယ်ယူနစ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။


လက်ရှိ ပခုက္ကူခရိုင်အတွင်းရှိ ရေနံထွက်ရှိရာ ဒေသတွေမှာ ဖြစ်ပါ်နေတဲ့ တင်းမာမူနဲ့ ပတ်သက်လို့ နှစ်ဖက် အမြန်ဆုံး နွေးနွေးအဖြေရှာကြဖို့ ပခုက္ကူခရိုင်အတွင်းက PDF တပ်ရင်း၊ ပညာရေး၊ ကျန်းမာရေး၊ CDM၊ အရပ်ဖက် အဖွဲ့အစည်းနဲ့ ဒေသခံ တော်လှန်ရေး အင်အားစု အဖွဲ့အစည်း ၂၁ဖွဲ့က မတ်လ ၃၁ရက် ညပိုင်းမှာ ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ထားပါတယ်။
“မကွေးဒေသ၊ ပခုက္ကူခရိုင်အတွင်း သဘာဝသယံဇာတ ရင်းမြစ်နှင့်ပတ်သက်၍ တော်လှန်ရေး အင်အားစုများကြား ပွတ်တိုက်မှုများ ဖြစ်ပွားနေသည်ကို ဝမ်းနည်းဖွယ် သိရှိရပါသည်။ လက်ရှိ ဖြစ်ပွားနေသော မိတ်ဖက်ပဋိပက္ခသည် အမျိုးသားညီညွတ်ရေး အစိုးရနှင့် မကွေးဖက်ဒရယ်ယူနစ် အစိုးရအဖွဲ့ တို့အကြား အကြေအလည် ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ကြရမည့်ကိစ္စ ဖြစ်သည်ဟု ရှုမြင်ပါသည်။ အကြေအလည် ဆွေးနွေးညှိနှိုင်းမှုများ မပြုလုပ်နိုင်ပါက အောက်ခြေတွင် ရေတိုပဋိပက္ခ မကဘဲ ရေရှည် လက်နက်ကိုင်ပဋိပက္ခ အသွင်ဆောင်ရန် တာစူနိုင်ပါသဖြင့် သက်ဆိုင်ရာ ဦးဆောင်အဖွဲ့များ အချင်းချင်း အမြော်အမြင်ရှိရှိ စကားဝိုင်းတွင် ဆွေးနွေးအဖြေရှာကြရန် အလေးအနက် တိုက်တွန်းအပ်ပါသည်။ ညီညွတ်ရေးကိုရှေ့ရှုပြီး စကားဝိုင်းတွင် ဆွေးနွေး အဖြေရှာရမည့်ကိစ္စကို အောက်ခြေညီညွတ်ရေး ပျက်ပြားစေနိုင်သည်ကိုပင် ဂရုမပြုဘဲ လက်နက်ဖြင့် အဖြေရှာရန် ကြိုးပမ်းသူအားလုံးကို ကန့်ကွက်ပြီး ညီညွတ်ရေးကိုရှေ့ရှုကာ ဆွေးနွေးညှိနှိုင်း အဖြေရှာရန် အမျိုးသားညီညွတ်ရေး အစိုးရနှင့် မကွေးဖက်ဒရယ်ယူနစ် အစိုးရအား ထပ်လောင်း တိုက်တွန်း အပ်ပါသည်” လို့ ဒေသခံ အဖွဲ့အစည်း ၂၁ဖွဲ့ရဲ့ ပူးတွဲ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပခုက္ကူနယ်ထဲ ပေါ်ပေါက်နေတဲ့ တင်းမာမူကို အမျိုးသားညီညွတ်ရေး အစိုးရ(NUG)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ(NUCC)၊ ပြည်ထောင်စုလွတ်တော် ကိုယ်စားပြု ကော်မတီ (CRPH)၊ မကွေးဖက်ဒရယ်ယူနစ် လွှတ်တော် (CRMH)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD)နဲ့ မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစိုးရ (MFUIG) တို့ ထံလည်း အိတ်ပိတ်စာ ပေးပို့ထားပြီး ဒေသတွင်း တော်လှန်ရေးအကျိုးနဲ့ ညီညွတ်အားကောင်းရေးကို ရှေ့ရှုကာ အမြန်ဆုံး ဆွေးနွေးညှိနှိုင်း အဖြေရှာကြဖို့ ထပ်လောင်း တိုက်တွန်းကြောင်း ဖော်ပြထားပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #စစ်ကိုင်း #ဘုတလင် #ဆေးရုံ



