သတင်း

စစ်အုပ်စုရဲ့ ကကြိုးအသစ်၊ လူထုအတွက် ဇာတ်ညွှန်းအဟောင်း 

ရေးသူ – မင်းမြတ်၊ 

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လွှတ်တော်မှာ သမ္မတလောင်းအဖြစ် နာမည်စာရင်း တင်သွင်းတဲ့ နေ့မှာပဲ စစ်တပ်ခေါင်းဆောင်ပိုင်းရာထူး အပြောင်းအလဲတွေ ပေါ်ပေါက်လာပါတယ်။ 

ဒါဟာ မြန်မာစစ်တပ်ရဲ့ နောက်ဆုံး ၁၅နှစ်ကြာကာလအတွင်း ပထမဆုံးအကြိမ် မြင်တွေ့ရတဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲပါ။ 

ဒါပေမဲ့ ဒီအပြောင်းအလဲက စစ်ခေါင်းဆောင် အဆက်ဆက် ဖိနှိပ်မှုအောက်က လူထုအတွက်တော့ အကျိုးသက်ရောက်မှု ရှိနိုင်တဲ့ ပြောင်းလဲမှုမျိုး မဟုတ်ဘူးလို့ အာဏာသိမ်းမှု ဆန့်ကျင်သူတွေက ရှုမြင်ထားကြပါတယ်။ 

“ဒီမူဒီလူ ဒီပုတ်ထဲကဒီပဲ ဒီသူခိုးတွေပါပဲ၊ ဘာမှ ထူးမလာပါဘူး” လို့ ၂၀၂၁ စစ်အာဏာသိမ်းမှုကို ဆန့်ကျင် တော်လှန်နေသူ လူငယ်တစ်ဦးက ပြောပါတယ်။ 

တဖက်မှာတော့ အခုလို ခေါင်းဆောင်ပိုင်း အပြောင်းအလဲအလွန် အာဏာသိမ်းစစ်တပ်အတွင်း မူဝါဒရေးရာ ပြုပြင်ပြောင်းလဲမှုတွေ ရှိမလားဆိုပြီး မျှော်လင့်တွေးဆကြသူတွေလည်း ရှိပါတယ်။ 

■ အကြံတူ နောက်လူသာတဲ့ မင်းအောင်လှိုင်

ယာယီသမ္မတ၊ စစ်ကော်မရှင်ဥက္ကဌနဲ့ တပ်ချုပ်ရာထူးတွေ တပြိုင်တည်း ဆုပ်ကိုင်ထားတဲ့ မင်းအောင်လှိုင်ဟာ လေ့လာသူအများစု ကြိုတင်ခန့်မှန်းထားတဲ့အတိုင်း သူ့ရဲ့ စစ်ဘက်ရာထူးတွေကို သူ့ရဲ့ လူယုံတပည့် ဗိုလ်ချုပ်ကြီးရဲဝင်းဦး ကိုပဲ လွှဲပြောင်းပေးခဲ့တာပါ။ 

မင်းအောင်လှိုင်နဲ့ ဒု-တပ်ချုပ် စိုးဝင်းတို့ အပါအဝင် ရွေးကောက်ပွဲ မတိုင်ခင်ကာလတွေ ကတည်းက စစ်ဘက် ထိပ်ပိုင်းခေါင်းဆောင်တွေဟာ အရပ်ဝတ် ပြောင်းဝတ်ပြီး နိုင်ငံရေးနယ်ထဲ ရောက်နှင့်သူက ရောက်နှင့်ကြပြီးပါပြီ။ 

ဒါဟာ ၂၀၁၀ ရွေးကောက်ပွဲအပြီး နအဖ စစ်အစိုးရကနေ အရပ်သားအမည်ခံ စစ်ဗိုလ်ချုပ်ဟောင်း အများစု ဦးဆောင်တဲ့ ဦးသိန်းစိန် အစိုးရဆီ အပြောင်းအလဲ အခြေအနေမျိုးနဲ့ နီးနီးစပ်စပ် တူညီမှု ရှိပါတယ်။ 

စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေပြီးရင် စစ်တပ်မှာ အစဉ်လိုက် ဩဇာကြီးသူတွေဟာ အနားယူရသူ၊ အရပ်ဘက် နိုင်ငံရေးနယ်ပယ်ထဲ ရောက်သူနဲ့ တပ်ကို စွန့်ပယ်ခဲ့ကြရပါတယ်။ အဲ့ဒီအချိန်က မထင်မရှား စစ်ဗိုလ်ချုပ်ငယ် တစ်ယောက်သာ ဖြစ်တဲ့ မင်းအောင်လှိုင်ကို တပ်ချုပ်ရာထူး ပေးခဲ့ပုံနဲ့ လက်ရှိမှာ OTS သင်တန်းဆင်း ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တပ်ချုပ်ဖြစ်လာပုံတွေကလည်း ပုံတူ ကူးချထားသလို ဆင်တူပါတယ်။

ဒါကြောင့် မင်းအောင်လှိုင်နဲ့ စိုးဝင်းတို့ အလွန် စစ်တပ်ကို ဦးဆောင်ခွင့်ရလာချိန်မှာ ရဲဝင်းဦး အနေနဲ့လည်း မြန်မာစစ်ခေါင်းဆောင်တွေရဲ့ လမ်းဟောင်းအတိုင်း ကိုယ့်လမ်းကိုယ်လျှောက်ဖို့ ကြိုးစား လုပ်ဆောင်လာတာမျိုး ရှိနိုင်တယ်လို့ လေ့လာသူတစ်ချို့က သုံးသပ်ပါတယ်။ 

“နေဝင်း၊ စောမောင်၊ သန်းရွှေတို့ ခေတ်ကနေ မင်းအောင်လှိုင်အထိ ကိုယ်တိုင်တကယ် တပ်ကို ကိုင်တွယ်ခွင့် ရလာတော့ အာဏာပြန်ပြကြတာပဲလေ၊ ရဲဝင်းဦးလည်း ဒါမျိုးဖြစ်မလာဘူး လို့ ဘယ် ပြောနိုင်မလဲ” လို့ စစ်ရေးလေ့လာသူတစ်ဦးက သူ့အမြင်ကို ပြောပါတယ်။ 

လွန်ခဲ့တဲ့ ၁၅နှစ်က စစ်ခေါင်းဆောင်ပိုင်း အပြောင်းအလဲနဲ့ မတူကွဲပြားတာကတော့ လက်ရှိ မင်းအောင်လှိုင် က သန်းရွှေလို အပြီးတိုင် အနားယူတာ မဟုတ်ဘဲ သမ္မတရာထူး ဆက်ယူမယ့်အပြင် စစ်တပ်ကို နီးနီးကပ်ကပ် ဆက်လက်လွှမ်းမိုးနိုင်မဲ့ အခင်းအကျင်း တစ်ခုကို စိတ်ကြိုက်ဖန်တီးပြီးမှ အာဏာ အလွှဲအပြောင်းလုပ်ခဲ့တာပါ။ 

ဒါ့အပြင် မင်းအောင်လှိုင် တပ်ရင်းမှူး၊ တိုင်းမှူး ဘဝကတည်းက လက်ရင်းတပည့်ဖြစ်ခဲ့တဲ့ ရဲဝင်းဦး တစ်ယောက် သမ္မတရာထူး လက်ကိုင် ရှိနေပြီး မဖြစ်မနေလို့ပဲဆိုဆို လောလောလတ်လတ် အာဏာလွှဲ ပေးထားတဲ့ ဆရာရင်းနဲ့ သဘောထားကွဲလွဲရဲပါ့မလား ဆိုတာကလည်း မေးခွန်းထုတ်စရာပါ။

■ တပ်ချုပ်အသစ် ဘာတွေ ဦးစားပေး လုပ်လိမ့်မလဲ

တပ်ချုပ်ရာထူး လက်ခံပြီးနောက် သူ့ရဲ့ ပထမဆုံးမိန့်ခွန်းမှာတော့ ၂၀၀၈ အခြေခံဥပဒေကို ကာကွယ်ပြီး၊ တာဝန်တွေကို သစ္စာရှိရှိ ကျေပွန်အောင်ဆောင်ရွက်မယ်လို့ တပ်ချုပ်အသစ် ရဲဝင်းဦးက ပြောပါတယ်။ 

တကယ်တမ်းမှာလည်း ဗိုလ်ချုပ်ကြီး ရဲ၀င်းဦး ဟာ အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ပြည်သူတွေကို အကြမ်းဖက် တိုက်ခိုက်၊ သတ်ဖြတ်တာတွေ အပါအ၀င် မင်းအောင်လှိုင် အလိုကျ သစ္စာရှိရှိ လုပ်ပြခဲ့တာကြောင့် အချိန်တိုအတွင်း ရာထူးတွေ ထိုးတက်ပြီး အမြင့်ဆုံးအဆင့်အထိ တက်လှမ်းနိုင်ခဲ့သူပါ။ 

သူ့ရဲ့ တပ်ချုပ်သက်တမ်းအတွင်း တာ၀န် ကျေပွန်အောင် ဆက်လုပ်ရမှာကလည်း မင်းအောင်လှိုင်ရဲ့ မပြီးပြတ်သေးတဲ့ အာဏာလုတိုက်ပွဲကို အကြမ်းဖက် သတ်ဖြတ်မှုတွေ သုံးပြီး အဆုံးသတ်တဲ့အထိ ခရီး ဆက်ဖို့ပါ။ 

အရင်က ကိုယ်တိုင် တပ်ချုပ်အနေနဲ့ ဦးဆောင်ပြီး အကြမ်းဖက်သတ်ဖြတ်မှုတွေ လုပ်ခဲ့တဲ့ မင်းအောင်လှိုင် ကိုယ်စား ရဲ၀င်းဦးက တိုက်ရိုက်နာမည်ခံပြီး အကြမ်းဖက်မှုတွေ ဆက်လုပ်လာဖို့ ရှိနေသလို ဆရာထက် တပည့် လက်စောင်းထက် ဆိုတဲ့ အခြေအနေမျိူးကို ဖန်တီးလိုစိတ်ပါ ပြင်းပြနေနိုင်သေးတယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။ 

ဒါပေမယ့် အာဏာသိမ်းမှုအတွက် စစ်တပ်က ကြိုတင်ပြင်ဆင်နေချိန် ၂၀၂၀ ကမှ စရဖချုပ် ဖြစ်လာတဲ့ ရဲ၀င်းဦး ဟာလည်း ပြီးခဲ့တဲ့ ငါးနှစ်အတွင်း စစ်တပ်ရဲ့ အထိနာမှုတွေအတွက် အတိုင်းအတာတစ်ခုအထိ တာ၀န်ရှိတယ်လို့ ဆိုနိုင်သူပါ။ 

အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ငါးနှစ်အတွင်း တိုင်းစစ်ဌာနချုပ်နှစ်ခု လက်လွှတ် ဆုံးရှုံးရမှု အပါအ၀င် ပြိုလဲလုလု အထိနာချိန်တွေ ရှိခဲ့ပါတယ်။

အထူးသဖြင့် ရှမ်းမြောက်နဲ့ ရခိုင်တို့မှာ စစ်ဌာနချုပ်တွေပါ ပြိုလဲတဲ့အထိ အလဲအကွဲ ထိုးနှက် ခံခဲ့ရပါတယ်။

စစ်အုပ်စုဟာ တရုတ်အားကိုးနဲ့ ရှမ်းမြောက်မှာ အဖတ်ပြန်ဆယ်နိုင်ခဲ့ပေမယ့် ရခိုင် စစ်မျက်နှာမှာတော့ လေကြောင်း တိုက်ခိုက်မှုတွေနဲ့ အာရက္ခတပ်တော် – AA ရဲ့ အုပ်ချုပ်ရေးယန္တရားကို နှောင့်ယှက် ဟန့်တားဖို့ ကြိုးစားတာကလွဲလို့ အဖတ် ပြန်မဆည်နိုင်သေးပါဘူး။ 

ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ အရင်ကတည်းက တော်လှန်ပုန်ကန်မှု အားကောင်း နေပြီးသား စစ်ကိုင်း၊ မကွေး အညာဒေသတွေအပြင် မန္တလေးမြို့နဲ့ မိုင်အနည်းငယ် အကွာအထိ မြို့သိမ်း တိုက်ပွဲတွေ ဆင်နွှဲစေနိုင်ခဲ့ပါတယ်။ 

အကြမ်းဖက်စစ်တပ် လက်အောက်ခံ အင်အား သောင်းနဲ့ချီကို ပြုန်းတီးစေခဲ့ပါတယ်။ 

ဒီလို အခြေအနေတွေ ကြုံနေရချိန်မှာ စစ်တပ်ရဲ့ ထောက်လှမ်းရေးကဏ္ဍဟာ သူတို့ကို ထောက်ခံသူတွေ ကိုယ်တိုင်က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။ ဒီအခြေအနေကို ကျော်လွှားနိုင်ဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ တရုတ်နဲ့ အပေးအယူတွေ လုပ်ပြီး တစ်ဖက်လှည့် ဖိအားပေးခိုင်းတာ၊ စစ်အင်အား ပြုန်းတီးမှုတွေကို အစားထိုးနိုင်ဖို့ စစ်မှုထမ်းဥပဒေ အသက်သွင်းတာမျိုးတွေနဲ့ ကုစားခဲ့ရပါတယ်။

ဒီအချက်တွေကြောင့် စစ်ခေါင်းဆောင်လက်သစ် ဖြစ်လာတဲ့ ရဲ၀င်းဦးရဲ့ ရည်မှန်း ချက်တွေထဲ ရခိုင် ဒေသကို ပြန် စိုးမိုးနိုင်ရေးဟာ ထိပ်တန်းဦးတည်ချက်တစ်ခု ဖြစ်နိုင်ပါတယ်။ 

ဒါ့အပြင် အမည်ခံရွေးကောက်ပွဲ၊ အိမ်နီးချင်းနိုင်ငံတွေရဲ့ ဖိအားနဲ့ တော်လှန်ကာလ နှစ်တွေကြာမြင့်လာလို့ လူထုနဲ့ တော်လှန်ရေး အင်အားစုတွေ ကြုံတွေ့လာရတဲ့ ဆင်းရဲ ကျပ်တည်းမှုတွေကို အသုံးချပြီး စိုးမိုးနယ်မြေတွေ ချဲ့ထွင်ဖို့ဟာ အာဏာသိမ်း စစ်ခေါင်းဆောင်သစ်ရဲ့ အန္တိမ ရည်မှန်းချက်တွေ ဖြစ်လာမှာပါ။ 

အာဏာ သိမ်းစစ်တပ်ရဲ့ ပြိုလဲမှုကို ကျားကန်ဖာထေးပေးနိုင်ခဲ့တဲ့ စစ်မှုထမ်း စုဆောင်းမှုကိုလည်း သမ္မတ ဖြစ်လာမယ့် မင်းအောင်လှိုင် ကြိုးဆွဲမှုနဲ့အတူ ရဲ၀င်းဦးက ဆက်ပြီး အသက်သွင်းလိမ့်မယ်လို့ တပ်တွင်း အသိုင်းအဝိုင်းက သုံးသပ်ကြပါတယ်။ 

■ တပ်တွင်း အာဏာတည်ဆောက်မှုနဲ့ တပ်ပိုင် စီးပွားရေး လုပ်ငန်းကြီးတွေ 

မင်းအောင်လှိုင် သမ္မတ လုပ်ပြီး စိုးဝင်းက တပ်ချုပ်လုပ်သင့်တယ်လို့ စစ်တပ် ထောက်ခံသူတွေ လူသိရှင်ကြား ပြောဆိုနေတဲ့ကြားက ရဲ၀င်းဦးလို OTS တစ်ယောက်ကို တပ်ချုပ် ရာထူး ပေးလိုက်တာဟာ မူလကတည်းက အက်ကြောင်းတွေရှိနေပြီးသား တပ်တွင်း စည်းလုံးမှုအပေါ် အတိုင်းအတာတစ်ခု သက်ရောက်မှုရှိနိုင်တယ်လို့ တပ်တွင်း သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ 

“တပ်တွင်းစိန်ခေါ်မှုတွေ၊ သဘောထားကွဲလွဲမှုတွေ ဖြစ်မလာဖို့ဆိုရင် တပ်ချုပ်အသစ်ရဲ့ နောက်ခံက အရေးပါတယ်လေ၊ ပြီးတော့ စရဖချုပ်ကနေ လာတဲ့သူဆိုတော့ ရန်သူ့ သတင်းတွေအပြင် ကိုယ့်တပ်တွင်းအနေ အထားတွေကိုလည်း သိနေပြီးသား ဖြစ်တာပေါ့” လို့ CDM အရာရှိတစ်ဦးက လည်း ပြောပါတယ်။ 

ဒီလို အတွင်းအပြင် လုံခြုံရေးကိစ္စတွေ သာမက ပူပူနွေးနွေးတပ်ချုပ်အသစ်အနေနဲ့ ရင်ဆိုင်ရဖို့ရှိနေတဲ့ ကဏ္ဍတစ်ခုက တပ်ပိုင်စီးပွားရေး လုပ်ငန်းတွေကိစ္စ ဖြစ်ပါတယ်။ 

မြန်မာစစ်တပ်ဟာ အာဏာမသိမ်းခင် ကတည်းက သီးသန့်စီးပွားရေးတွေ၊ သီးသန့် စာရင်းအင်းတွေနဲ့ တိုင်းပြည်ဘဏ္ဍာထဲ မစီးဆင်းဘဲ စစ်ခေါင်းဆောင်တစ်စု အိတ်ကပ်ထဲပဲ ရောက်တဲ့ စီးပွားရေး ရှုပ်ထွေးမှုတွေနဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်စုရဲ့ အကျိုးစီးပွားတွေ ဖုံးလွှမ်းနေတဲ့ အဖွဲ့အစည်းပါ။ 

မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း – MEC နဲ့ မြန်မာ့စီးပွားရေးဦးပိုင် – MEHL တို့ဟာ စစ်တပ်ရဲ့ စီးပွားရေး အင်ပါယာကြီးနှစ်ခု ဖြစ်ပါတယ်။ MEC နဲ့ MEHL တို့ဟာ ကျောက်စိမ်း အပါအဝင် တိုင်းပြည်ရဲ့ အဖိုးတန် တွင်းထွက် သယံဇာတ လုပ်ငန်းတွေက စလို့ ဘဏ်၊ အာမခံ၊ ဆိပ်ကမ်း၊ ပို့ကုန်သွင်းကုန်နဲ့ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွေအထိ နယ်ပယ်စုံမှာ ပါ၀င်လုပ်ကိုင်နေပါတယ်။ 

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အချက်အလက် ရှာဖွေရေးမစ်ရှင် FFM ရဲ့ နောက်ဆုံး အစီရင်ခံစာထဲမှာလည်း ကမ္ဘောဇ ကုမ္ပဏီအုပ်စု -KBZ နဲ့ မက်စ်မြန်မာကုမ္ပဏီအုပ်စု – Max Myanmar ကုမ္ပဏီ နှစ်ခုကို စစ်တပ်ကို အားပေးကူညီသူတွေအဖြစ် နာမည်နဲ့တပ် စွပ်စွဲတာတွေ ပြုလုပ်ထားပြီး ရာဇဝတ်ကြောင်းအရ စုံစမ်းတာတွေ ပြုလုပ်ဖို့နဲ့ လိုအပ်လာရင် တရားစွဲဖို့အထိ အကြံပြုထားတာကို တွေ့ရပါတယ်။ 

စစ်တပ်ဟာ ဦးပိုင်အောက်ကနေ “မြဝတီ” ဆိုတဲ့ နာမည်တွေနဲ့လည်း စီးပွားရေး လုပ်ငန်း အကြီးစားတွေလည်း ထူထောင်လာခဲ့တာမှာ မြဝတီဘဏ်၊ မြဝတီ ထရိတ်ဒင်း၊ မြဝတီ ခရီးသွားလုပ်ငန်းနဲ့ မြဝတီ အင်တာပရိုက်စ် လုပ်ငန်းအုပ်စု အားလုံးဟာ ဦးပိုင် UMEHL က ပိုင်ဆိုင်တာ ဖြစ်ပါတယ်။ 

ဒါ့အပြင် နိုင်ငံခြား ကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ဖက်စပ် လုပ်ငန်းတွေလည်း ရှိပြီး မြန်မာ ဘီယာ ဆိုရင်လည်း ဦးပိုင်က ဖက်စပ် ပါဝင်လုပ်ကိုင်နေတာပါ။ 

ဒီမိုကရေစီနည်းကျ ဆိုပြီး ကြွေးကြော်ချင်တာကြောင့် ဟန်ပြပေါ်လာရတဲ့ လွှတ်တော်နဲ့ အပြိုင် တပ်ချုပ်အသစ် ဖြစ်လာသူအနေနဲ့ ဒီလို အကျိုးစီးပွားအရေးအရာတွေကိုလည်း နိုင်နိုင်နင်းနင်း ကိုင်တွယ်စီမံဖို့ လိုအပ်လာမှာပါ။

‎အရပ်သားအစိုးရ အသွင်ယူလာမဲ့ အာဏာသိမ်း စစ်အုပ်စု အနေနဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဆက်လက် ပြုလုပ်မယ်ဆိုတာကို ငြင်းစရာမရှိပေမဲ့ လက်ရှိ ငါးနှစ်တာကာလနဲ့ နှိုင်းယှဉ်ရင်တော့ အကန့်အသတ်တချို့ ရှိလာနိုင်တာကြောင့် တပ်ချုပ်အသစ်အတွက် အခက်ကြုံရနိုင်တယ်လို့ ပြည်တွင်းရှိ နိုင်ငံရေး လေ့လာသူတစ်ဦးက သုံးသပ်ပါတယ်။

“ရွေးကောက်ခံ အရပ်သားအစိုးရလို့ နာမည်ခံထားရတော့ အကန့်အသတ်တွေကတော့ ရှိလာမှာပေါ့၊ ‎ဒီ အကန့်အသတ်တွေကြောင့် အကြမ်းဖက်မှုဖြစ်စဉ်တွေ လျော့လာရင်တော့ လူထု သက်သာတာပေါ့” လို့ သူက ပြောပါတယ်။ ‎ ‎

‎ဒီအခြေအနေတွေကို ကြိုတင်တွက်ဆထားတဲ့ စစ်ခေါင်းဆောင်ကလည်း အရပ်သား သမ္မတ အသွင်ယူ ရမယ့် သူကိုယ်တိုင်အတွက်ရော လက်နက်ကိုင် တော်လှန်မှုတွေကြားမှာ တပ်ချုပ်အသစ် ဖြစ်လာမယ့် တပည့်ဖြစ်သူအတွက်ပါ လုပ်သာကိုင်သာ ရှိစေဖို့အတွက် တင်းကျပ် ဥပဒေတချို့ကို လွှတ်တော်တွေ မစခင်ကတည်းက ကြိုတင်ပြင်ဆင်ပြဌာန်းထားခဲ့ပါတယ်။ ‎

‎ဒါ့အပြင် အခုလို အရပ်ဘက်၊ စစ်ဘက် ဆိုပေမယ့် ကိုယ့်လူတွေနဲ့ကိုယ် တစိတ်တ၀မ်းတည်း ပူးပေါင်း ဆောင်ရွက်မှုမျိုး ရှိဖို့ခက်တဲ့ ရွေးကောက်ခံ အရပ်သား စစ်စစ် NLD အစိုးရ လက်ထက် ကာလတွေကတည်းက မြန်မာစစ်တပ်ဟာ လူမျိုးတုန်း သတ်ဖြတ်မှုတွေ အပါအဝင် သူ့တို့ရဲ့ အာဏာကို ထိပါးနိုင်တဲ့ တော်လှန်ပုန်ကန်မှုတွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်သတ်ဖြတ် နှိပ်ကွပ်တဲ့ သာဓကတွေ ရှိပါတယ်။ ‎

‎အဲ့ဒီကာလအတွင်း AAနဲ့ တိုက်ပွဲတွေ၊ ရိုဟင်ဂျာတွေအရေး တိုက်ခိုက်မှုတွေမှာ စစ်တပ်ရဲ့ ကိုင်တွယ်ပုံတွေက လက်ရှိကာလနဲ့ ထူးမခြားနား ရှိခဲ့တာကြောင့် နိုင်ငံတကာ ခုံရုံးအထိ လူမျိုးသုဉ်း သတ်ဖြတ်မှု စွဲချက်နဲ့ တိုင်ကြားခံရတာပါ။ ‎

‎ဒါကြောင့် လောလောလတ်လတ် ရာထူးလွှဲပေးထား‌ပေမယ့် သမ္မတအနေနဲ့ နီးနီးကပ်ကပ် ဆက်ပြီး လွှမ်းမိုးနေဦးမယ့် ဆရာဖြစ်သူ မင်းအောင်လှိုင်နဲ့ တပ်ချုပ်အသစ်ဖြစ်လာတဲ့ တပည့်ဖြစ်သူ ရဲ၀င်းဦးတို့ အနေနဲ့ အကျပ်အတည်းတွေ ရှိလာရင်လည်း ညှိနှိုင်းကိုင်တွယ်လာနိုင်ပါတယ်။

“တပ်ချုပ်အသစ်အတွက် လုပ်ရကိုင် ရကြပ်တည်းတာတွေ ရှိနိုင်ပေမယ့် သမ္မတက သူ့ဆရာပဲဆိုတော့ ညှိနှိုင်း လုပ်ကိုင်ကြမယ်လို့ ယူဆရပါတယ်” လို့ အထက်ပါ နိုင်ငံရေးလေ့လာသူက ပြောပါတယ်။

သူ့အတွက် သတင်းကောင်းကတော့ ပြည်ခိုင်ဖြိုးပါတီ၀င် အများစု ဖြစ်နေတဲ့ လက်ရှိလွှတ်တော်ထဲ အဲ့ဒီ အကျိုးစီးပွားတွေနဲ့ ဆက်ယှက်နေသူ အများစု ရှိနေတာပါ။ ဒါကြောင့် အကြမ်းဖက်တပ်ချုပ်အသစ် အနေနဲ့ ဒီကဏ္ဍကိုလည်း လွယ်လွယ်ကူကူ ကျော်လွားနိုင်မယ်လို့ ယူဆရပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်တွေ အနေနဲ့ အခုလို စစ်ဘက် အရပ်ဘက် ခေါင်းဆောင်မှု အပြောင်းအလဲတွေ လုပ်ပြလာပေမယ့် တော်လှန်ပုန်ကန်မှုတွေ ဆက်ရှိနေသေးတဲ့ အခြေအနေမှာ တကယ့် ဒီမိုကရေစီ အနှစ်သာရတွေနဲ့ အလှမ်းဝေးနေဦးမယ်ဆိုတာ စစ်တပ်နဲ့ ပူပေါင်းနေသူတွေ ကိုယ်တိုင်လည်း ရိပ်မိကြပါတယ်။ 

လုံခြုံရေး စိန်ခေါ်မှု မြင့်မားနေချိန်မှာ ဒီမိုကရေစီ ပုံမှန်အခြေအနေမျိုးတွေကို မျှော်လင့်လို့ မရနိုင်ဘူး ဆိုပြီး စစ်တပ် ရွေးကောက်ပွဲ ၀င်ပြိုင်တဲ့ ပြည်သူ့ပါတီခေါင်းဆောင် ဦးကိုကိုကြီးက ထုတ်ပြောခဲ့တာကို ကြည့်ရင် စာမျက်နှာအသစ်ဆိုပြီး ဟန်ပြလှည့်စားထားတဲ့ စစ်အုပ်စု လှည့်ကွက်ကြားက လာမယ့် ကာလတွေကို မှန်းဆကြည့်ဖို့ ခက်ခဲမယ် မထင်ပါဘူး။ 

နှစ်ငါးဆယ်ကျော် ၀န်ထမ်းကနေ စစ်တပ်ကအပြီးသတ် နှုတ်ဆက်ရလို့ဆိုပြီး ထွက်တော်မူ နန်းကခွာချိန် မင်းအောင်လှိုင်တစ်ယောက် မျက်ရည်ကျပြခဲ့ပေမယ့် တဖက်မှာတော့ အရပ်သား ပြည်သူတွေ အပေါ် လက်ရှိအချိန် အကြမ်းဖက် ဖမ်းဆီး သတ်ဖြတ်မှုတွေ၊ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်နေဆဲပါ။

အနှစ်ချုပ်ဆိုရရင်တော့ အခု တပ်ချုပ်အပြောင်းအလဲနဲ့ အမည်ခံ အရပ်သားအစိုးရ အပြောင်းအလဲက အပေါ်ယံသာဖြစ်ပြီး နွေဦးတော်လှန်ရေးအပေါ် အပြုသဘော သက်ရောက်လာမှာ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။

“ဗိုလ်မဲက ဦးမဲ ဖြစ်သွားပေမယ့် ကျန်တာက မထူးလာဘူးပေါ့ဗျာ၊ ဒီသဘောပါပဲ၊ လူလဲလိုက်တာပဲ၊ ကျန်တာကတော့ အရင်ထက်မဆိုးရင် ကံကောင်းပေါ့” လို့ စစ်တပ်က CDMလုပ်ထားတဲ့ ရခိုင်တိုင်းသား ဗိုလ်မှူးတစ်ဦးက မှတ်ချက်ပြုပါတယ်။ 

ဒါ့အပြင် လာမယ့်ငါးနှစ်တာကာလအတွင်း အရပ်သားအရေခြုံ ယူနီဖောင်းချွတ်အစိုးရနဲ့ တပ်ချုပ်သစ်ရဲ့ စစ်တပ် လက်အောက်မှာ အပေါ်ယံ ပြုပြင်ပြောင်းလဲမှုတချို့ကိုသာ မြင်တွေ့ရနိုင်ပြီး ပြည်သူလိုလားတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်အရေးကတော့ မှေးမှိန်နေဦးမှာပဲလို့လည်း သူက ဆက်သုံးသပ်ပါတယ်။ 

ဒါကြောင့် စစ်အာဏာရှင်စနစ် မလိုလားတဲ့ လူထုနဲ့ တော်လှန်ရေးအင်အားစုတွေ အတွက်တော့ ဘာအပြောင်းအလဲမှ ရှိလာမှာ မဟုတ်ဘူးလို့ အညာဒေသ အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့၀င် တစ်ဦးက ပြောပါတယ်။ 

“ဘယ်လိုပဲ ပြောင်းလဲတယ်ဆိုပြီး လှည့်ကွက်တွေ သုံးသုံး၊ သူတို့သက်တမ်းတလျှောက် စစ်ကျွန် ဆက်ဖြစ်နေဦးမှာပဲလေ၊ အနည်းဆုံး လာမယ့် ငါးနှစ်စာ အားမွေးထားဖို့ပဲ ရှိတယ်”

(မင်းမြတ် ဟာ စစ်ရေး၊ နိုင်ငံရေး ဆိုင်ရာ သတင်းတွေ၊ ဆောင်းပါးတွေ ရေးသားနေတဲ့ ပြင်ပ ဆောင်းပါးရှင် ဖြစ်ပါတယ်။)

Related Articles

Back to top button