သုံးနှစ်ကြာ ခြေမချနိုင်တဲ့ ကနီနယ်ထဲ စစ်အုပ်စု အင်အားသုံး စစ်ကြောင်းထိုး၊ ရွာတွေ မီးရှို့ ဖျက်ဆီးနေ၊

သုထက်/MFP၊ မေ – ၁၃
အာဏာသိမ်း စစ်အုပ်စု မြေပြင်စစ်ကြောင်းတွေ သုံးနှစ်ကြာ ချေမချနိုင်တဲ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ မုံရွာ – ယာကြီး – ကလေးဝ ကားလမ်းတလျှောက်ကို ဧပြီလကုန်ပိုင်းက စလို့ စစ်အုပ်စုက အင်အားသုံး စစ်ကြောင်းထိုးကာ ကျေးရွာတွေ စီးနင်းပြီး ဖောက်ထွင်းလုယက်၊ မီးရှို့ ဖျက်ဆီးနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
၂၀၂၂ နှစ်ကုန်ပိုင်းက စတင်ကာ စစ်အုပ်စု ခြေမချနိုင်တဲ့ ကနီနယ်ကို စစ်အုပ်စုက ပေါ်တာဆွဲ စုဆောင်း ထားသူတွေကို အသေခံ စစ်သားအဖြစ် အသုံးချကာ ဧပြီ ၂၅ရက်က စလို့ စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။
လက်ရှိမှာ စစ်အုပ်စုက ကနီနယ်ထဲ နှစ်ဖက်ညှပ် စစ်ကြောင်းထိုးနေပြီး မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ က ထွက်လာတဲ့ သံပြားကာ ကားတွေ အပါအဝင် အင်အား ရာချီပါတဲ့ စစ်အုပ်စုဟာ ယင်းမာပင်နယ် ဘန့်ဘွေးရွာ ပျူစခန်းကတဆင့် ကနီမြို့ဘက် ဦးတည်ကာ စစ်ကြောင်းထိုးနေသလို ကနီမြို့ပေါ် ခိုအောင်းနေတဲ့ စစ်အုပ်စုဟာလည်း ယင်းမာပင်မြို့ဘက်ဆီ စစ်ကြောင်းထိုးနေတာလို့ ဆိုပါတယ်။
မေ ၁၁ရက်မှာ ကနီမြို့ထဲက ထွက်လာပြီး ယင်းမာပင်နယ်ဘက် စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုဟာ မေ ၁၂ ၁၂ရက်က ညောင်ပင်ဝန်းနဲ့ ပန်းဆိုင်းကျေးရွာတွေကို မီးရှို့ ဖျက်ဆီးတယ်လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။
“ညောင်ပင်ဝန်းရွာကို မီးရှို့ပြီး ပန်းဆိုင်းရွာဘက်ကို စစ်ကြောင်းဆက်ထိုးတယ်။ (မေ၁၁ရက်) ညနေပိုင်းမှာ ပန်းဆိုင်းရွာကို မီးဆက်ရှို့နေတယ်”

အဲ့ဒီ ရွာနှစ်ရွာကို မီးရှို့ဖျက်ဆီးတဲ့ စစ်အုပ်စုဟာ ၂၀၂၄ မတ်လက ဖြစ်ပွားခဲ့တဲ့ ကနီမြို့သိမ်း တိုက်ပွဲ အပြီးနောက် စစ်အုပ်စုက ကနီမြို့ပေါ်ကို လေကြောင်းနဲ့ ရေကြောင်းကနေ ပို့လွှတ်ထားလို့ မြို့ထဲမှာ နှစ်နှစ်ကျော်ကြာ ခိုအောင်းနေရတဲ့ စစ်အုပ်စု ဖြစ်တယ်လို့ ဆိုပါတယ်။
အဲ့ဒီ စစ်အုပ်စုဟာ မေလ ၁၁ရက်မှာ ကနီမြို့ထဲကနေ အင်အား ၁၀၀ လောက်နဲ့ ထွက်လာပြီး မြို့ရဲ့ တောင်ဘက် ယင်းမာပင်နယ်ဘက် ဦးတည်စစ်ကြောင်းထိုးကာ တန်ဆည်ချောင်ရွာနဲ့ ညောင်ပင်ဝန်းရွာမှာ နှစ်ဖွဲ့ခွဲ ညအိပ်တပ်စွဲခဲ့ပြီးနောက် ကျေးရွာနှစ်ရွာကို မီးရှို့ ဖျက်ဆီးတာ ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ မုံရွာ နမခဘက်က လာတဲ့ စစ်အုပ်စုဟာ ကနီနယ် ချောင်းမရွာကတဆင့် ယင်းမာပင် – ကနီ လမ်းပိုင်းအတိုင်း ဆက်လက် စစ်ကြောင်းထိုးနေပြီး မေလ ၁၂ရက် ညပိုင်းမှာ မင်းမရွာကို စီးနင်း လုယက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ကနီကို သွားချင်တာလား၊ နယ်မြေစိုးမိုးဖို့ ကြိုးစားတာလား မကွဲဘူး၊ နောက်ရက်ဆို ကနီက ထွက်တဲ့ စစ်ကြောင်းနဲ့ ချောင်းမက ထွက်တဲ့ စစ်ကြောင်း ဆုံမယ့်သဘော” လို့ အထက်ပါ ဒေသခံ အမျိုးသားက ပြောပါတယ်။
စစ်အုပ်စုက မြေပြင်စစ်ကြောင်းထိုးကာ ကျေးရွာတွေ စီးနင်းလုယက်၊ မီးရှို့နေသလို လေကြောင်းကနေလည်း တိုက်လေယာဉ်နဲ့ ဒရုန်းတွေနဲ့ ဗုံးကြဲနေတယ်လို့ ဆိုပါတယ်။

စစ်အုပ်စု ရန်ကြောင့် ကနီနယ်ရှိ ချောင်းမ၊ ချင်းတောင်၊ လည်ရှည်၊ မင်းမ၊ သင့်ဝင်၊ သမင်းခြံ၊ မုဌောတောင်ရွာနဲ့ မြောက်ရွာ၊ ညောင်ပင်ဝန်း၊ ပန်းဆိုင်း၊ တန့်ဆည်ချောင်၊ လင်ပုန်းရည် စတဲ့ ကျေးရွာတွေက ပြည်သူ ၁၀၀၀၀ ကျော် စစ်ဘေးရှောင် ထွက်ပြေးနေကြရပါတယ်။
စစ်အုပ်စုဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်း ကနီနယ်၊ မုံရွာ – ယာကြီး – ကလေးဝ ကားလမ်းပေါ် ခြေချနိုင်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမဲ့ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ပြန်လည် ဆုတ်ခွာ ထွက်ပြေး ရပြီးနောက် လက်ရှိမှာတော့ ပေါ်တာဆွဲ စုဆောင်းထားသူတွေကို အသေခံ စစ်သားအဖြစ် အသုံးချကာ နယ်မြေ ပြန်လည်စိုးမိုးနိုင်ရေး အသေခံ စစ်ကြောင်းထိုးနေတာလို့ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။
စစ်အုပ်စုဟာ ကနီနယ် အပါအဝင် ယင်းမာပင်ခရိုင်ထဲ နယ်မြေ စိုးမိုးနိုင်ရေးအတွက် ပေါ်တာဆွဲ စုဆောင်းထားသူတွေကို အသေခံ စစ်သားအသစ် အသုံးချကာ အင်အား ထောင်ဂဏန်းအထိ အသုံးပြုပြီး အဖွဲ့တွေခွဲကာ စစ်ကြောင်းထိုးနေတာလို့ ဆိုပါတယ်။
အထက်ပါ ယင်းမာပင်နဲ့ ကနီနယ်အစပ်၊ မုံရွာ – ယာကြီး – ကလေးဝ လမ်းတလျောက် စစ်အုပ်စု စစ်ကြောင်းထိုးနေသလို ယင်းမာပင်နဲ့ ပုလဲနယ်အစပ် ကျေးရွာတွေကိုလည်း ဧပြီလဆန်းက စတင်ကာ စစ်အုပ်စုက အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးပြီး လူသတ်၊ လုယက်၊ မီးရှို့တာတွေ ကျူးလွန်နေပါတယ်။

၂၀၂၄ မတ်လက ကနီမြို့မှာ တိုက်ပွဲဖြစ်ပြီးနောက် အာဏာသိမ်း စစ်အုပ်စုက မြို့ကို မီးရှို့ ဖျက်ဆီး နေစဉ်/Photo – ဒေသခံ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #ယင်းမာပင် #စစ်ကိုင်း #ကနီ



