စစ်ကိုင်းသတင်း

မြင်းမူမှာ ဆက်ကြေးကောက်ဖို့ ထွက်လာတဲ့ စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်ရာ ငါးယောက်သေပြီး သုံးယောက်ဒဏ်ရာရ

နန်းယု/ MFP၊ မေ – ၂၁

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် အနောက်ပိုင်းမှာ ပြည်သူဆီကို ဆက်ကြေးကောက်ဖို့ ထွက်လာတဲ့ စစ်အုပ်စုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ရာ စစ်အုပ်စုဝင် ငါးယောက်သေပြီး၊ သုံးယောက် ဒဏ်ရာရခဲ့တယ်လို့ မြေပြင်တော်လှန်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

မေလ ၁၉ရက် မနက်ပိုင်းက မြင်းမူမြို့ အနောက်ဘက်၊ မြောင်လမ်းခွဲ စစ်အုပ်စုအထိုင်စခန်းကနေ အလကပ္ပကျေးရွာ ဘက်ကိုလာတဲ့ စစ်အုပ်စုဝင် ၁၅ ယောက်ခန့်ကို အလကပ္ပကျေးရွာအနီး လမ်းမကြီးပေါ်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ လျှပ်စီးတပ်ခွဲရဲ့တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ကိုမိုးကြိုးက ပြောပါတယ်။

“မြောင်လမ်းခွဲက ထွက်လာတဲ့ ၁၅ယောက်ရှိတယ်။ ခြေလျင်တက်လာတာပေါ့။ ခြေလျင်တက်ပြီးတော့ ဆက်ကြေးကောက်ခံတာ။ သူတို့ဘက်က (မိုင်းဆွဲခံရချိန်) ပြန်ပစ်တာမျိုး ရှိတယ်။ ပြည်သူတွေရော ကျွန်တော်တို့ရော ထိခိုက်မှု ဘာမှ မရှိဘူး။ ကွင်းပြင်တွေထဲ ကျတာ။ သူတို့ဘက်က ထိခိုက်တော့ ရမ်းသမ်းပမ်းသမ်းပစ်တာ ဆိုတော့။သေဆုံးသွားတဲ့ (စစ်အုပ်စု ) ငါးယောက်ကတော့ သူတို့ မြောင်လမ်းခွဲကိုပဲ တခါတည်း ခေါ်သွားတာ။ ဒဏ်ရာရတဲ့ သုံးယောက်ကတော့ မြင်းမူဆေးရုံကို ပို့လိုက်တယ်လို့ ကျွန်တော်တို့ သတင်းရရှိတယ်ခင်ဗျ။ “ လို့ သူကဆိုပါတယ်။

အဲဒီစစ်အုပ်စုဟာ မြောင်လမ်းခွဲအနီး သွားလာနေတဲ့ မော်တော်ယာဉ်တွေကို ငွေညှစ်တာ၊လမ်းသွားလမ်းလာ ပြည်သူတွေကို မှတ်ပုံတင်စစ်ပြီး မပါတဲ့ သူတွေကို ပေါ်တာဆွဲ ဖမ်းဆီးတာနဲ့ ငွေညှစ်တောင်းခံတာတွေ မကြာခဏ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဆက်ကြေးမပေးရင် ခြိမ်းခြောက်တာမျိုး ရှိတယ်ဗျ။ သူတို့တောင်းတဲ့ ပမာဏမပေးဘူးဆိုရင် အသက်အန္တရာယ်အထိ ခြိမ်းခြောက်တာမျိုး ရှိတယ်။ ကားသမားတွေ အနေနဲ့ကျတော့ ကြောက်တဲ့ အခါကျတော့ သူတို့ တောင်းသလောက် ပေးရတာပေါ့ဗျာ။ “လို့ သူကဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်ကစပြီး မြင်းမူမြို့ နယ်၊မြောင်လမ်းခွဲမှာ စစ်အုပ်စုအင်အား ၃၅ ယောက်ဝန်းကျင် အထိုင်စခန်းချကာ လမ်းသွားလမ်းလာပြည်သူတွေနဲ့ ကားတွေကို နေ့စဉ် ငွေကျပ် သိန်းဂဏန်းကနေ ကျပ်သိန်းရာချီအထိ ခြိမ်းခြောက်ငွေညှစ်ပြီး ဆက်ကြေးကောက်ခံနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဒေါင်းဘုရင် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဇာမဏီအဖွဲ့၊ စစ်ကိုင်းခရိုင် တပ်ရင်း (၁) နဲ့ မြင်းမူမြို့နယ် ပကဖ –မုံရွာခရိုင် ပကဖ လက်ရုံးတပ် လျှပ်စီးတပ်ခွဲတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

‌မေလ ၁၉ရက်နေ့က မြောင်လမ်းခွဲပေါ် ဆက်ကြေးကောက်ခံနေကျ စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်စဉ်/ ဓာတ်ပုံ- ပကဖ –မုံရွာခရိုင် ပကဖ လက်ရုံးတပ် လျှပ်စီးတပ်ခွဲ

Related Articles

Back to top button