မျိုးဆက်သစ်တို့ရဲ့ အနာဂတ်ဟာ သူတို့ရဲ့ ထမင်းချိုင့်မှာ

ရေးသူ – Fred (MFP)၊ ဆောင်းပါး
ထမင်းနဲ့ လက်ဖက်တစ်ထုပ်ဟာ ကျန်းမာပြီး အာဟာရ ပြည့်ဝစေတယ်လို့ စာဖတ်သူ ထင်မြင်ယူဆ ပါသလား။
နေ့လယ်စာအတွက် ထမင်းနဲ့ လက်ဖက်တစ်ထုပ်သာ စားနေတဲ့ ကလေးငယ်အချို့ အမှန်တကယ် ရှိပါတယ်။ လက်ဖက်ထုပ် မဟုတ်ရင်တော့ တခါတရံမှာ အရွက်ကြော်၊ တခါတရံတော့ ကြက်ဥပြုတ်နဲ့ပါ။
“လက်ဖက်ထုတ်က နေ့လယ်ကျောင်းဆင်းပြီဆိုမှ သွားဝယ်တာ။ အိမ်ကနေ ထမင်းပဲ ထည့်လာတာ” လို့ ပိန်သေးသေး ပုံစံရှိတဲ့ ပထမတန်းကျောင်းသူလေးက ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နေထိုင်တဲ့ အဲ့ဒီကျောင်းသူလေးရဲ့ အဖေနဲ့ အမေက နိုင်ငံခြားမှာ အလုပ် သွားလုပ်နေကြတာ ဖြစ်ပြီး အဖွားဖြစ်သူနဲ့ နေထိုင်တာပါ။
မြန်မာနိုင်ငံမှာရှိတဲ့ ကလေးငယ် ရှစ်သိန်းခန့်ဟာ သူတို့ရဲ့ အရပ်နဲ့နှိုင်းယှဥ်ရင် ကိုယ်အလေးချိန်ဟာ အလွန်အမင်း နည်းနေ(ကြုံလှီ)တယ်လို့ UNICEF Myanmar ထုတ်ပြန်ထားပါတယ်။ (UNICEF ဟာ ကုလသမဂ္ဂရဲ့ ကလေးသူငယ်မျာဆိုင်ရာ ရန်ပုံငွေအဖွဲ့ ဖြစ်ပါတယ်။)
ဒါ့အပြင် မူကြိုအရွယ်ကလေးတွေရဲ့ ၃၀ ရာခိုင်နှုန်းနီးပါးကလည်း သူတို့ရဲ့ အသက်အရွယ်နဲ့ နှိုင်းယှဥ်ရင် အလွန် ပုလွန်းတဲ့ (ပုညှက်)လက္ခဏာတွေ ရှိနေကြတယ်လို့ UNICEF ဆိုပါတယ်။
နေ့စဥ် စားသောက်နေရတဲ့ အစားအစာတွေဟာ ဗိုက်ပြည့်ရုံသာမက ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးဖို့၊ ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်ဖို့၊ ဥာဏ်ရည်မြင့်မားဖို့အတွက်လည်း အထောက်အကူပြုပါတယ်။
အစာလည်း ဆေး၊ ဆေးလည်း အစာ ဆိုတဲ့အတိုင်းနေ့စဥ် စားသောက်နေတာတွေထဲက အစားအစာတွေဟာ ရောဂါတွေကို ကာကွယ်နိုင်စွမ်းရှိသလို အာဟာရပြည့်ဝတဲ့ အစားအစာတွေကို မစားသုံးဘူး ဆိုရင်လည်း ရောဂါကို အစပျိုးသလို ဖြစ်နိုင်တယ်လို့ အာဟာရပညာရှင်တွေက ပြောပါတယ်။
စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ စားနပ်ရိက္ခာဖူလုံရေးနဲ့ အာဟာရ အခြေအနေဟာ ယိုယွင်းလာခဲ့တယ်လို့ IFPRI Myanmar (နိုင်ငံတကာ စားနပ်ရိက္ခာ မူဝါဒ ဆိုင်ရာ သုတေသနအဖွဲ့အစည်း – International Food Policy Research Institute) က ၂၀၂၆ မတ်လ ၁၆ ရက်မှာ ထုတ်ဝေတဲ့ “မြန်မာနိုင်ငံ၏ စားနပ်ရိက္ခာဖူလုံရေးနှင့် အာဟာရအခြေအနေ” အစီရင်ခံစာမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံတွင်း အရွယ်ရောက်ပြီးသူ လေးပုံတစ်ပုံကျော် (လူဦးရေရဲ့ ၂၇ ဒဿမ ၁ ရာခိုင်နှုန်း) ဟာ လုံလောက်တဲ့ အစားအစာမျိုးစုံကို မရရှိသလို တိရိစ္ဆာန်ထွက် အစားအစာတွေ (အသား၊ ငါး၊ ပုစွန်) စားသုံးမှု လျော့နည်းလာတယ်လို့လည်း အဲ့ဒီအစီရင်ခံစာက ဆိုပါတယ်။
“ကုန်ဈေးနှုန်းတွေက တက်၊ ရတဲ့ ဝင်ငွေနဲ့ လောက်အောင် သုံးရတော့ အသားဟင်းဆိုရင် တစ်လလုံးမှ တစ်ခါလောက်ပဲ စားနိုင်တယ်” လို့ အပိုဝင်ငွေမရှိတဲ့ လခစားမိသားစုဝင်တစ်ဦးက ပြောပါတယ်။
ကမ္ဘာ့ဘဏ် (World Bank)ရဲ့ သတ်မှတ်ချက်အရ မြန်မာနိုင်ငံရဲ့ ဝင်ငွေဟာ အလယ်အလတ်အောက်အဆင့် (Lower-Middle Income) ရှိတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ဒါ့အပြင် အခြေခံ စားသောက်ကုန်တွေရဲ့ ဈေးနှုန်းကလည်း အာဏာမသိမ်းမီ ၂၀၂၀ ခုနှစ်နဲ့ နှိုင်းယှဥ်ရင် အာဏာသိမ်းပြီးနောက် သုံးဆခန့် မြင့်တက်လာတယ်လို့ အိမ်ရှင်မတွေက ပြောပါတယ်။
“ရတဲ့ဝင်ငွေနဲ့ တစ်လ တစ်လ ချွေတာပြီး သုံးနေရတာ။ ဒါပေမယ့်လည်း မလောက်ပါဘူး” လို့ မန္တလေးမြို့မှာ နေထိုင်တဲ့ လခစားဝန်ထမ်းတစ်ဦးက ညည်းတွားပါတယ်။
အိမ်ရှင်မတွေအနေနဲ့ ကုန်ဈေးနှုန်း မြင့်တက်တာ၊ မိသားစုဝင်ငွေ ကျဆင်းတာကြောင့် ငွေကြေး ကုန်ကျမှုကို စီမံရပါတယ်။ ကျောင်းဖွင့်ရာသီ ရောက်ပြီဆိုရင်တော့ ခေတ်အခြေအနေအရ ဝင်ငွေပါ ရှာဖွေရတဲ့ မိခင်တွေအနေနဲ့ နေ့လယ်စာ ထမင်းချိုင့်ကို ကျောင်းချိန်မီအောင် အချိန်ကိုပါ စီမံ ရပြန်ပါတယ်။ ဒါ့အပြင် အာဟာရပြည့်ဝတဲ့ ထမင်းချိုင့်လေးတွေ ဖြစ်စေဖို့ စီမံပေးဖို့ လိုအပ်တယ်လို့ အာဟာရပညာရှင်နဲ့ ဆရာဝန်တွေက ထောက်ပြပြောဆိုထားပါတယ်။
စာဖတ်တာ၊ ထိုင်တာ၊ ပညာသင်ယူတာ စတဲ့ အချိန်တွေမှာ စွမ်းအင် လိုအပ်တာဖြစ်ပြီး အဲ့ဒီစွမ်းအင်ကို အစားအသောက် စားသုံးတာကနေ ရရှိပါတယ်။ အစာအာဟာရ လုံလောက်နေမှ အသက်ရှင်နိုင်မှာ ဖြစ်ပြီး ပညာသင်တာ၊ တွေးခေါ်တာ စတဲ့ စိတ်ကူးအိမ်မက်များကို အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။
အစားအစာကို ပမာဏ ဒါမှမဟုတ် အရည်အသွေးအရ လုံလောက်အောင် မစားသုံးဘူးဆိုရင် အာဟာရချို့တဲ့တာကို ခံစားရမှာပါ။
အစားအသောက် ချို့တဲ့မယ်ဆိုရင် အာဟာရ မလုံလောက်တာကြောင့် ဖြစ်ရတဲ့ ကျန်းမာရေး နောက်ဆက်တွဲ ပြဿနာတွေကို ကြုံတွေ့ရနိုင်သလို ဥာဏ်ရည်နိမ့်ပါးပြီး ပညာသင်စဥ်မှာလည်း အခက်အခဲတွေ တွေ့ရနိုင်တယ်လို့ အာဟာရနှင့် ခန္ဓာကိုယ်စွမ်းအင်ဆိုတဲ့ ကျန်းမာရေး အသိပညာပေး ဆောင်းပါးမှာ ဆောင်းပါးရှင် ဒေါက်တာမိုးသစ်နေက ရေးသားထားပါတယ်။
အာဟာရပြည့်ဝဖို့ဆိုရင် ဈေးကြီးတဲ့ အစားအစာတွေ ဖြစ်ဖို့ မလိုအပ်ပါဘူး။ ပုံမှန်စားနေကျ အစားအသောက်ကိုပဲ ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်လို့ အမှတ်တရက ထုတ်လွှင့်တဲ့ “ဈေးကြီးတဲ့ အစားအစားတွေမှာပဲ အာဟာရပြည့်ဝတာလား” ဆိုတဲ့ Podcast အစီအစဥ်မှာ ဆွေးနွေး ပြောဆိုထားပါတယ်။
အသားဓာတ်ရရှိဖို့အတွက် တိရိစ္ဆာန်က ရတဲ့ အသားကို ဝယ်ယူမစားသုံးနိုင်ဘူးဆိုရင် ထားသိုရတာ လွယ်ကူတဲ့ ပဲမျိုးစုံကို စားဖို့၊ ဗီတာမင်၊ သတ္တုဓာတ်နဲ့ ဇင့်ဓာတ်ရရှိဖို့အတွက် အသီးအရွက်တွေကို စားသုံးဖို့၊ ဟင်းချိုမှုန့်အစား အသားအရိုးပြုတ်ရည်၊ ငါးရိုးပြုတ်ရည်၊ ပုစွန်ဆိတ်ပြုတ်ရည်ကို အစားထိုး သုံးစွဲဖို့နဲ့ သကြားအများကြီးပါတဲ့ အချိုရည်တွေအစား သဘာဝသစ်သီးတွေကို စားဖို့ ဆိုပြီး အာဟာရ ပညာရှင် ဒေါက်တာမေဖူးဇွန်က အကြံပြုပြောဆိုထားပါတယ်။
“ထမင်းဟင်းကတော့ အာဟာရပြည့်ဝအောင် စီစဥ်ပြီး ချက်တယ်။ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးဖို့ လိုအပ်တဲ့ ကလေး(သားသမီး)တွေကိုလည်း ကျွေးတယ်။ တခြား အပိုကုန်မယ့်ဟာတွေကို လျှော့သုံးတယ်။ သားရေစာ (အဆာပြေမုန့်) ဆိုရင်တော့ အာဟာရဖြစ်စေမယ့် ဟာလေးတွေကို ဝယ်ထားပြီး ကျောင်းကို ထည့်ပေးလိုက်တယ်။ လူကြီးတွေ (အဖေနဲ့အမေ) ကတော့ မစားဘူးပေါ့” လို့ ဝင်ငွေနည်း မိသားစုက ကလေးမိခင် မစိန်က သူတို့မိသားစုရဲ့ အစီအမံကို ရှင်းပြပါတယ်။
ကလေးတွေရဲ့ စားသောက်နေထိုင်တဲ့ပုံစံဟာ ပညာသင်ယူရာမှာ အရေးပါတာကြောင့် ဈေးနည်းပြီး အာဟာရ ပြည့်ဝတဲ့ အစားအစာတွေကို ချက်ပြုတ်ပေးဖို့၊ ကျောင်းထမင်းချိုင့်လေး ပြင်ဆင်ပေးဖို့ အုပ်ထိန်းသူတွေ အားလုံးမှာ တာဝန်ရှိပါတယ်။
ကျောင်းနေအရွယ် ကလေးတွေရဲ့ အနာဂတ်ဟာ စာအုပ်စာပေမှာသာမက နေ့လယ်စာ ထမင်းချိုင့်မှာလည်း မူတည်နေတယ်ဆိုတာ သတိပြုမိကြဖို့ လိုအပ်ပါတယ်။
တန်ဖိုးနည်းပြီး အာဟာရပြည့်ဝတဲ့ အစားအစာတွေကိုသာ ရွေးချယ်စားသုံးကြစေချင်တဲ့ အမျိုးသမီးကတော့ “မျိုးဆက်သစ်တွေရဲ့ အနာဂတ်ကို လျှောက်လှမ်းနိုင်ဖို့ဆိုတာ စာအုပ်စာပေတွေတင် မဟုတ်ပါဘူး။ မီးဖိုချောင်ကနေလည်း လျှောက်လှမ်းလို့ရပါတယ်” လို့ ပြောပါတယ်။



