အညာတခွင် ပဲ့တင်ထပ်နေတဲ့ တောင်းပန်တိုးသျှိုး အော်ညည်းသံတွေ

ပေါက်နဲ့မြိုင်နယ်က ပြည်သူတွေကို စစ်အုပ်စု ဘယ်လို အမဲလိုက် သတ်ဖြတ်နေလဲ
ရေးသူ – ကိုထူး၊ MFP သတင်းဆောင်းပါး
မိခင်ဖြစ်သူ ကြိုတင် စစ်ဘေးရှောင် ထွက်ပြေးမယ့်နောက် မစုဌေး တစ်ယောက် လိုက်ပါဖို့ အထုပ် တပြင်ပြင်။ ယခင်အကြိမ်တွေလို မဟုတ်ဘဲ ဒီတစ်ကြိမ် မစုဌေးကို ကြည့်ရတာ တော်တော်လေး ကြောက်ရွံ့ ထိတ်လန်နေတယ်လို့ မစုဌေးရဲ့ ညီမက ပြန်ပြောပြပါတယ်။
“ခေါ်မသွားရလို့ စိတ်မကောင်းတာ ရှိတယ်၊ ဖြစ်မယ့်နေ့က လိုက်ချင်တယ်နဲ့ ပြောတယ်၊ လိုက်လို့ မရဘူး၊ သူက လျှောက်ပြောတာကိုး၊ လမ်းကြောင်း စစ်ကြောင်းနဲ့တွေ့ရင် လျှောက်ပြောမှာမို့လို့ မလိုက်ခိုင်းတာ၊ အဲဒီ သူတို့သွားတဲ့နေ အဲဒီညနေ ထွက်ပြေးရတဲ့နေ့ပဲ၊ သူက ဒီတစ်ခါ အကြောက်ဆုံးပဲ လိုက်ချင်တာ”
အသက် ၃၀ ကျော်အရွယ် စိတ်ကျန်းမာရေး ချို့တဲ့သူ မစုဌေးဟာ အညာဒေသ၊ မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ထောက်ရှာပင်ကျေးရွာမှာ မိသားစုနဲ့အတူ နေထိုင်သူ ဖြစ်ပါတယ်။
မစုဌေးရဲ့ မိခင်က အသက်အရွယ် ကြီးရင့်နေပြီဖြစ်ပြီး ရုတ်တရက် ပြေးလွှားဖို့ ခက်ခဲတာကြောင့် သူတို့ရွာနဲ့ ဝေးတဲ့ တနေရာကို ကြိုတင် စစ်ဘေးရှောင် ခဲ့ပြီး မစုဌေးကိုတော့ ညီမတွေ၊ အဒေါ်တွေနဲ့အတူ ရွာမှာပဲ ချန်ထားခဲ့ကာ စစ်ကြောင်း ဝင်လာရင် လွတ်အောင်ပြေးဖို့သာ မှာကြားနိုင်ခဲ့ပါတယ်။

အသက် ၂၀ အရွယ်အထိ သာမန်လူတစ်ယောက်လို ကိုယ်ရောစိတ်ပါ ကျန်းမာခဲ့တဲ့ မစုဌေးဟာ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်က မြို့မှာ အိမ်အကူအလုပ် သွားရောက်လုပ်ကိုင်ရင်း စိတ်ရောဂါ ခံစားခဲ့ရသူပါ။ သူ့ရောဂါကြောင့် တခြားသူတွေကို စုန်းတွေ၊ ကဝေတွေ အဖြစ် စွပ်စွဲပြောဆိုလေ့ ရှိသလို ပါးစပ်က တတွတ်တွတ်ရွတ်နေပေမယ့် မိခင်ရဲ့ စကားကိုတော့ နားထောင်တယ်လို့ ဆိုပါတယ်။
၂၀၂၆ ဇူလိုင် ၁ရက်မှာ ပေါက်နဲ့မြိုင်မြို့နယ်အစပ်ရှိ မစုဌေးတို့ရဲ့ ထောက်ရှာပင်ကျေးရွာကို အာဏာသိမ်း စစ်အုပ်စုက လက်နက်ကြီးတွေနဲ့ ပစ်ခတ်၊ ရွာထဲ စီးနင်း ဝင်ရောက်ကာ ၁၀ရက်ကျော်ကြာ အထိုင်ချ တပ်စွဲခဲ့ပါတယ်။ စစ်အုပ်စုဟာ ထောက်ရှာပင်ရွာကို စီးနင်း ထားချိန်အတွင်း နေအိမ်တွေ ဖောက်ထွင်းကာ တန်ဘိုးရှိပစ္စည်း ခိုးယူသလို ဆန်၊ ဆီ၊ အိမ်မွေးတိရစ္ဆာန်တွေကိုလည်း လုယက် သတ်ဖြတ် စားသောက်ခဲ့ပါတယ်။ ကျေးရွာရဲ့ ထရန်စဖော်မာ အပါအဝင် အိမ်ခြေ ၆၀ ကို မီးရှို့ ဖျက်ဆီးပြီးနောက် ကျေးရွာအတွင်း ဖမ်းမိတဲ့ ပြည်သူတွေကိုလည်း ညှဉ်းပန်း သတ်ဖြတ်ခဲ့ပါတယ်။
စစ်အုပ်စု ထောက်ရှာပင် ရွာကနေ ပြန်ထွက်သွားလို့ ဇူလိုင် ၁၃ရက်မှာ ဒေသခံတွေ ကျေးရွာအတွင်း ဝင်ရောက် ကြည့်ရှု့ချိန် မစုဌေး အပါအဝင် ရွာခံပြည်သူ ခြောက်ဦးရဲ့ အလောင်းတွေကို တွေ့ရှိခဲ့ရပါတယ်။
မစုဌေးရဲ့ အလောင်းကို ခန္တာကိုယ်အပေါ်ပိုင်း ဝတ်လစ်စလစ်၊ လက်ပြန်ကြိုး တုပ်လျှက် နဲ့ ထောက်ရှာပင်ရွာအတွင်းရှိ နေအိမ်တစ်လုံးထဲမှာ တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
“၁၀ရက်လောက် နေသွားပြီးမှ ကြာခါကျမှ ကျမတို့က ပြန်လာတာ၊ သူများတွေက အလောင်းတွေ့တယ် ဆိုပြီး သွားပြီး မီးရှို့ကြတော့ ကျမတို့အမ ဆိုပြီး ပြောလိုက်တာ။ ကျမတို့လည်း သွားမကြည့်ရဲလို့ မကြည့်ဘူး၊ နင်တို့ အမမှ နင်တို့အမ အစစ်တဲ့၊ ငါကိုယ်တိုင် မြုပ်ရတာမို့လို့တဲ့ သူငယ်ချင်းက အဲလိုပြောတာ၊ အင်္ကျီကတော့ ကိုယ်လုံးချွတ်ကြီးနဲ့တဲ့ ထမိန်ပဲ တွေ့တာတဲ့၊ ဆံပင်က ဂုတ်ဝဲနဲ့တဲ့ အဲလိုပြောတာ” လို့ မစုဌေးရဲ့ ညီမ ဖြစ်သူက ပြန်ပြောပြပါတယ်။
အလောင်းကို မြင်တွေ့ရတဲ့ အနေအထားအရ စစ်အုပ်စုဟာ စိတ်ကျန်းမာရေး မကောင်းတဲ့ မစုဌေးကို အဓမ္မ ပြုကျင့်ပြီးမှ သတ်ဖြတ်ထားဟန် ရှိတယ်လို့ ရွာခံတွေက ပြောပါတယ်။

စစ်အုပ်စု စစ်ကြောင်းက ထောက်ရှာပင်ကျေးရွာဘက် ပစ်ခတ်စီးနင်းလို့ ရွာခံပြည်သူတွေ ဝရုန်းသုန်းကား ထွက်ပြေးကြရင်း မစုဌေးဟာ ညီမတွေ၊ အဒေါ်တွေနဲ့ လူစုကွဲကာ စစ်အုပ်စု လက်ထဲ ဖမ်းဆီးခံလိုက်ရတာလို့ မစုဌေးကို ထိန်းသိမ်း စောင့်ရှောက်နေတဲ့ အဒေါ်ဖြစ်သူ ဒေါ်မြင့်က ပြောပါတယ်။
“ဟိုပြေး ဒီပြေးဆို ပြေးလိုက်တာ။ ပြေးကြတော့ ဂျက်လေယာဉ်လာတာလေ။…။ သူတို့ (စစ်အုပ်စု) ကလည်း ဝင်တာက အများကြီးလေ။ ဟိုကနေလည်း ပတ်ဝင်တယ်။ အနောက်တောင်ကနေလည်း ပတ်ဝင်တော့ သူက မိတော့တာ။ အဒေါ်အိမ်ကို တန်းကို ဝင်ပြီး မိတော့တာ။ စိတ်က မနှံ့ဘူး။ သူက ခေါ်တဲ့အချိန် တန်းမလာဘူး။ သူ့အမေမှ ရတာ။ သူ့အမေကလည်း မရှိဘူးလေ”
မစုဌေးဟာ ယခင်အကြိမ်တွေကလိုပဲ စစ်ကြောင်းဝင်လာရင်း ပြေးနေကြအတိုင်း ရွာရဲ့ အနောက်ဘက်ရှိ တခြား အဒေါ်တစ်ယောက်ရဲ့ တဲအိမ်ရှိရာဘက် ထွက်ပြေးရင်းက စစ်အုပ်စုနဲ့ ပက်ပင်းတိုးကာ ဖမ်းဆီးခံရတာ ဖြစ်မယ်လို့ ဒေါ်မြင့်က ပြောပါတယ်။
“အဖမ်းခံရတာလည်း မသိလိုက်ဘူး။ သူထွက်တာ အနောက်ကို ထွက်သွားတာလေ။ အဲ့ဒီဘက်က သူက ရှောင်နေကြကိုး။ အနောက်ကိုပဲ သွားပြီး ရှောင်လိုက်တာ၊ မိတာပဲ”

• မစုဌေးလို အဖြစ်ဆိုးကြုံရသူပေါင်း များစွာ
ထောက်ရှာပင်ရွာအတွင်း စစ်အုပ်စုက သတ်ဖြတ်စွန့်ပစ်ခဲ့သူ ခြောက်ဦးအနက် မစုဌေး တစ်ဦးတည်းသာ အမျိုးသမီး ဖြစ်ပြီး ကျန်ငါးဦးက အမျိုးသားတွေ ဖြစ်ပါတယ်။ စစ်အုပ်စုဟာ အဲ့ဒီ အမျိုးသားတွေကိုတော့ လိင်အင်္ဂါတွေကို ဖြတ်တောက်၊ စအိုတွေကို ဓားနဲ့မွှေ ကာ ညှဉ်းပန်း နှိပ်စက်ပြီးမှ သတ်ဖြတ်ခဲ့တာမျိုး ဖြစ်တယ်လို့ ရွာခံတွေက ပြောပါတယ်။
မစုဌေးနဲ့ တစ်ရွာတည်းအတူတူ သတ်ဖြတ်ခံရသူ ခြောက်ဦးအနက် အသက် ၅၀ ဝန်းကျင် ဦးမောင်ကြည်ကိုတော့ စစ်အုပ်စုက စစ်အင်္ကျီနဲ့အုပ်ကာ မလုံ့တလုံ မြေမြုပ်စွန့်ပစ် ခဲ့ပါတယ်။
“ရွာထဲတွေကို ဝင်လို့ရပြီဆိုတော့ အိမ်သန့်ရှင်းရေးဝင်တဲ့ အဖွဲ့တွေက ဒီလိုပဲ အမရေ၊ အမ အမျိုးသား အလောင်းတွေ့တယ်၊ ဓာတ်ပုံရိုက်ခဲ့တယ်။ ကြည့်မလား ကြည့်မယ်ပေါ့။ ပြတော့ ဟုတ်တယ်ပေါ့။ ဒီလို လက်ပြန်ကြိုး တုပ်ထားတယ်။ ခွေးအင်္ကျီ ဝတ်ထားတယ်၊ ခွေးအင်္ကျီ ဝတ်ထားတာ မဟုတ်ဘူး နောက်ကျောကို ဖုံးထားတယ်။ လှန်ကြည့်တဲ့ အခါကြတော့ ဒီ အုပ်စက်အခွံ (ဦးခေါင်း)က လန်ပြီးဆိုတော့ အမကို လာခေါ် မပြတော့ဘူးပေါ့။ အမက ဘာကို သင်္ကေတ ထားလဲဆိုတော့ ဒီလက်ပြန်ကြိုး တုပ်ထားတော့ လက်မလေးက ထင်ထင်ရှားရှား ပေါ်နေတယ်”

အလောင်းကို ကိုယ်တိုင် မမြင်ခဲ့ရပေမယ့် ဓာတ်ပုံတွေမှာ တွေ့ရသလောက် စစ်အုပ်စုက ဦးမောင်ကြည်ကို ထင်တိုင်းကျဲ ညှဉ်းပန်းနှိပ်စက်ပြီးမှ သတ်ဖြတ်စွန့်ပစ်ခဲ့တာလို့ ဇနီးသည် ဒေါ်တောရွှေက ပြောပါတယ်။
“သတ်တာလည်း သူတို့က ဘယ်လို သတ်လဲဆိုတော့ လက်ပြန်ကြိုး တုပ်တယ်။ ဖျင်စအိုတွေကို ဓားနဲ့မွှေတယ်။ ပန်းတိုင် (လိင်အင်္ဂါ)ကို လှီးတယ်။ သူတို့က လူမှ မဟုတ်တာ။ မဟုတ်လို့ ဒီလိုလုပ်တာ”
ဦးမောင်ကြည်ရဲ့ ဇနီးသည် ဒေါ်တောရွေက မချိတင်ကဲနဲ့ အခုလို ဆက်ပြောပါတယ်။
“အခု အမအမျိုးသားကို ကျန်းမာရေးမကောင်းလို့ ဆုံးတယ်ဆိုတာ ဖြေလျော့လို့ရတယ်။ ဒီဟာတွေနဲ့ တွေ့ခဲ့ပြီး မတရားသဖြင့် လုပ်ခဲ့တာကို အမက မကျေနပ်တာ၊ တကယ်ကို မကျေနပ်တာ”
အဲ့ဒီ စစ်အုပ်စုဟာ ထောက်ရှာပင်ရွာကို မစီးနင်းမီ မေလကတည်းက ပခုက္ကူမြို့ တပ်မ ၁၀၁ ခေါ် အမှတ် ၁၀၁ ခြေမြန်တပ်မ ဌာနချုပ်ကနေ အင်အား ၄၀၀ လောက်၊ ယာဉ်တန်းနဲ့အတူ ထွက်လာကာ ဒေသတွင်း ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပါတယ်။ စစ်အုပ်စုဟာ ထောက်ရှာပင်ကျေးရွာကို မရောက်မီ တစ်လခန့်အလို မြိုင်မြို့နယ် တောင်ပိုင်းရှိ ကျေးရွာတွေဖြစ်တဲ့ သာစည်၊ နှမ်းဆီကန်၊ မြေရင့်နဲ့ မိတ္ထီလာ ကျေးရွာတွေကို စီးနင်းကာ ဖောက်ထွင်းလုယက်၊ မီးရှို့သလို ဒေသခံ ပြည်သူ ငါးဦးကိုလည်း ဖမ်းဆီး သတ်ဖြတ်ခဲ့ပါသေးတယ်။

ဇူလိုင် ၁ရက်မှာတော့ ပေါက်မြို့နယ် ရေထွက်နဲ့ ညောင်ရေတည်းစတဲ့ ကျေးရွာတွေကို ပစ်ခတ် စီးနင်းပြီးနောက် ထောက်ရှာပင်ကျေးရွာကို လက်ဆက် စီးနင်းတာ ဖြစ်ပါတယ်။ အဲ့ဒီနောက် ထောက်ရှာပင်ရွာထဲ ၁၀ရက်ကျော် တပ်စွဲ နေထိုင်ကာ စိတ်ကျန်းမာရေး မကောင်းတဲ့ မစုဌေး အပါအဝင် ရွာခံ အရပ်သား ပြည်သူတွေကို ထင်တိုင်းကျဲ အမဲလိုက်၊ ဖမ်းဆီး၊ ညှဉ်းပန်း သတ်ဖြတ်တာ ဖြစ်ပါတယ်။
ထောက်ရှာပင်ရွာ အပြီးမှာလည်း စစ်အုပ်စုဟာ ဒေသတွင်း ဆက်လက် စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့ခဲ့ပါတယ်။
ပေါက်မြို့နယ် ထောက်ရှာပင်ကျေးရွာက ပြန်ထွက်ပြီးနောက် စစ်အုပ်စုဟာ ဇူလိုင် ၁၃နဲ့ ၁၄ရက်တွေမှာ မြိုင်မြို့နယ်ရှိ ကန်နက်နဲ့ လက်ခုတ်ပင်ကျေးရွာတွေကို ဆက်လက် စီးနင်းခဲ့ပါတယ်။ ကန်နက်ကျေးရွာမှာလည်း မြေမြှုပ်ထားသူတွေ အပါအဝင် သတ်ဖြတ် စွန့်ပစ်ခဲ့တဲ့ ပြည်သူ လေးဦးရဲ့ အလောင်းတွေ တွေ့ရတယ်လို့ ရွာခံတွေက ပြောပါတယ်။
ဒါ့အပြင် နောက်ရက်တွေမှာလည်း မြိုင်မြို့နယ်ထဲ စစ်အုပ်စု ဆက်လက် စစ်ကြောင်းထိုးပြီး မြင်းကိုးသစ်ကျေးရွာ၊ ကိုင်းတောမကျေးရွာနဲ့ ဝါရင်းချိုင် ကျေးရွာတွေကို စီးနင်းမီးရှို့ခဲ့သလို အဲ့ဒီ ကျေးရွာတွေမှာလည်း လက်ပြန်ကြိုးတုပ်၊ ခုတ်ထစ်ထားတဲ့ ဒဏ်ရာတွေနဲ့ မြေမြှုပ်ထားတဲ့ ဒေသခံ ပြည်သူတွေရဲ့ အလောင်းတွေ တွေ့ရတယ်လို့ ဒေသတွင်း စစ်ဘေးရှောင် ကူညီ ကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့ အညာမြေ အရပ်ဖက် လူမှုအဖွဲ့အစည်း-မြိုင် ရဲ့ တာဝန်ရှိသူ ဆရာထွေးက ပြောပါတယ်။
“ကန်နက်(ရွာ)က ပြည်သူတွေဆိုရင် ရွာနဲ့ အရမ်းမဝေးတဲ့ တောထဲမှာ စစ်ရှောင်နေတာ၊ လက်ခုတ်ပင်(ရွာ)ဘက်ကို ကူးတဲ့ စစ်ကြောင်းက တွေ့ပြီးကာမှ ဖမ်းဆီး သတ်ဖြတ် ခံရတာပေါ့၊ သူတို့ဆိုရင် တအား ရက်ရက်စက်စက် သတ်ဖြတ်တဲ့ သဘောရှိတယ်ဗျ၊ တော်တော်လည်း ညှင်းပန်း နှိပ်စက်ထားတဲ့ သဘောရှိတယ်၊ အဝတ်ဗလာဗျာ၊ မြုပ်ထားတဲ့ နေရာမှာ ခန္တာကိုယ်မှာ အဝတ်တွေ မရှိတော့ဘူး၊ (ခြေထောက်) ဒူးခေါက်ကြောတွေကို ဓားနဲ့ဖြတ်တယ်၊ ဖနောင့်ကြောတွေကို ဓားနဲ့ ဖြတ်တယ်၊ လည်ပင်းကိုလည်း ဓားနဲ့လှီးတယ်၊ မြုပ်ပြီးခါမှ အလောင်းကို ဖော်တဲ့အချိန်မှာ စအိုထဲကနေ ဓားမြှောင် ထွက်ကြတဲ့အထိ ညှင်းပန်းနှိပ်စက်ထားတာ”

အဲ့ဒီ ကန်နက်၊ မြင်းကိုးသစ်နဲ့ ကိုင်းတောမ ကျေးရွာတွေအတွင်း စစ်အုပ်စု သတ်ဖြတ် စွန့်ပစ်ခဲ့တဲ့ ရွာခံပြည်သူတွေထဲ အသက် ၆၀ ကျော်အရွယ် အဖိုးအိုတွေလည်း ပါဝင်ကာ စစ်အုပ်စု စစ်ကြောင်းဝင်ချိန် လွတ်အောင်မပြေးနိုင်လို့ ဖမ်းဆီးခံရပြီးနောက် ညှဉ်းပန်း နှိပ်စက် သတ်ဖြတ်ခံရတာ ဖြစ်မယ်လို့ ဆရာထွေးက ဆက်ပြောပါတယ်။
“ကန်နက်က ပြည်သူတွေက မြင်းကိုးသစ်ရွာ မြောက်အစွန်းမှာ မြုပ်ခဲ့တာ၊ လက်ပြန်ကြိုး တုပ်တယ်၊ ဓားနဲ့ထိုးတယ်၊ လည်လှီးတယ်၊ ပြီးတော့ အဝတ်စလစ်တွေ၊ တစ်ယောက်က သတ်တဲ့ ဓားပါ အတူတွဲပြီး မြုပ်ခဲ့တာ”
စစ်အုပ်စုဟာ ဖမ်းမိတဲ့ ပြည်သူတွေကို ဟိုရွာကနေ ဒီဘက်ရွာ ခေါ်သွားပြီးမှ စိမ်ပြေနပြေ ညှဉ်းပန်းသတ်ဖြတ်တာ ဖြစ်နိုင်ပြီး တချို့အလောင်းတွေကိုတော့ မလုံ့တလုံ မြေမြှုပ်ခဲ့ကာ တချို့အလောင်းတွေကိုတော့ မီးရှို့တာ၊ ဒီအတိုင်း စွန့်ပစ်ခဲ့တာမျိုးတွေ တွေ့ရတယ်လို့ ရွာခံတွေက ပြောပါတယ်။
ထောက်ရှာပင်နဲ့ ကန်နက်ကျေးရွာတွေအတွင်း တွေ့ရတဲ့အလောင်းတွေမှာ အမျိုးသားတွေရဲ့ စအိုတွေထဲကို ဓားနဲ့ထိုးသွင်းထားတဲ့ ဒဏ်ရာတွေ တွေ့ရပြီး အလောင်းတိုင်း နီးပါးကတော့ လိင်အင်္ဂါတွေ ဖြတ်တောက်ခံထားရတာ တွေ့ရတယ်လို့ ဆရာထွေးက ပြောပြပါတယ်။
စစ်အုပ်စုဟာ အထက်ပါရွာတွေကနေ ဆက်လက်ပြီး မြိုင်နယ်ရှိ ညောင်ကုန်းကျေးရွာ၊ ကိုင်းတောမကျေးရွာ၊ ထန်းငယ်တောကျေးရွာ၊ ဝါးရင်းချိုင်ကျေးရွာ၊ ကျွဲတွင်းကျေးရွာ၊ ကွန်လပ်ကျေးရွာ၊ သံချောင်းကျေးရွာ၊ ဘောတုံကျေးရွာ စတဲ့ ရွာစဉ်တလျှောက် စီးနင်းကာ ဖမ်းမိတဲ့ပြည်သူတွေကို ညှဉ်းပန်းသတ်ဖြတ် စွန့်ပစ်ခဲ့ပါတယ်။
မြိုင်နယ် သံချောင်းကျေးရွာအတွင်း တွေ့ရတဲ့ ရွာခံပြည်သူ အမျိုးသားတစ်ဦးရဲ့ အလောင်းမှာတော့ စစ်အုပ်စုက ငရုတ်ကျည်ပွေ့နဲ့ ထုရိုက်သတ်ဖြတ်ခဲ့ဟန်ရှိပြီး အလောင်းဘေးမှာပဲ ငရုတ်ကျည်ပွေ့ကို တွေ့ရတယ်လို့ ရွာခံတစ်ဦးက ပြောပါတယ်။
“သံချောင်း(ရွာ)က အလောင်းကတော့ ဒီ ငရုတ်ကျည်ပွေ့နဲ့ ရိုက်သတ်ထားတာ။ ကွန်လပ်(ရွာ)က နှစ်လောင်းက တစ်လောင်းက မီးမရှို့ဘူး။ နောက်စေ့ကို တေ့ပစ်ထားတာ။ ကျန်တဲ့အလောင်းက မီးရှို့ထားတယ်”

ဘောတုံကျေးရွာ နေအိမ်တစ်လုံးထဲမှာ စစ်အုပ်စုက မီးရှို့ သတ်ဖြတ်ခဲ့တဲ့ အမျိုးသမီး အပါအဝင် အလောင်းနှစ်လောင်း တွေ့ရပြီး သေဆုံးသူတွေဟာ ရွာခံပြည်သူ လင်မယားနှစ်ဦး ဖြစ်တယ်လို့ ရွာခံတွေက ပြောပါတယ်။ အလောင်းတွေ မီးရှို့ထားလို့ အတိအကျ မပြောနိုင်ပေမယ့် စစ်အုပ်စု လုပ်နေကျထုံးစံအရ ဖမ်းဆီး၊ညှဉ်းပန်း၊ အဓမ္မပြုကျင့်ပြီးမှ အိမ်ထဲထည့် မီးရှို့သတ်တာမျိုး ဖြစ်မယ်လို့ ရွာခံတွေက ဆိုပါတယ်။
• စစ်အုပ်စုက ဘာကြောင့် ဒေသခံတွေကို အမဲလိုက် သတ်ဖြတ်တာလဲ
ထောက်ရှာပင်ရွာ အပါအဝင် အထက်ပါ ပေါက်နဲ့မြိုင်မြို့နယ် ကျေးရွာတွေကို စစ်အုပ်စု စီးနင်း သတ်ဖြတ် မီးရှို့တာတွေ မလုပ်မီ ဇွန် ၂၃ရက်မှာ စစ်အုပ်စုရဲ့ MI-17 အမျိုးအစား ရဟတ်ယာဉ်တစ်စင်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ပါတယ်။
အဲ့ဒီ ရဟတ်ယာဉ်ကို တိုက်ခိုက်တဲ့နေ့က မြိုင်မြို့နယ်၊ ကိုင်းတောမ ကျေးရွာအနီးမှာ စစ်အုပ်စုနဲ့ တော်လှန်ရေး တပ်တွေ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး စစ်အုပ်စု ၅၀ ခန့် သေဆုံးသလို ဒဏ်ရာရသူ များခဲ့ပါတယ်။ ရှေ့ဆက်မတိုးနိုင်တဲ့ စစ်အုပ်စုဟာ မြိုင်နယ် တွင်းမရွာ ပျူစောထီးစခန်းထဲ ပြန်ဝင်ပြေးပြီး သေဆုံး၊ ဒဏ်ရာရသူကို MI-17 ရဟတ်ယာဉ်နဲ့ ခေါ်ထုတ်ဖို့ ကြိုးစားနေချိန် တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ တိုက်ခိုက်ရာ ရဟတ်ယာဉ် မီးလောင်ပျက်စီးခဲ့ပါတယ်။
အဲ့ဒီ ရဟတ်ယာဉ် တိုက်ခိုက်ဖျက်ဆီးခံရသလို မြေပြင်တိုက်ပွဲ စစ်ရှုံးတဲ့ စစ်အုပ်စုက ပခုက္ကူမြို့ တပ်မ ၁၀၁ ကနေ နောက်ထပ် စစ်ကူအင်အားတွေ ထပ်မံ ပို့လွှတ်ကာ အင်အား ၅၀၀ လောက် စုဖွဲ့ပြီးနောက် ထောက်ရှာပင်ရွာ ပေါက်မြို့နယ် အရှေ့ပိုင်းနဲ့ မြိုင်မြို့နယ်ရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့တာ ဖြစ်ပါတယ်။

ယခု ပေါက်နဲ့မြိုင်နယ်ထဲ စစ်အုပ်စုက လူသတ်ပြတာတွေဟာ ရဟတ်ယာဉ် တိုက်ခိုက် ဖျက်ဆီးခံရတာကြောင့်တင် မဟုတ်ဘဲ သွေးဆာနေတဲ့ စစ်အုပ်စုက နိုင်ရာပြည်သူကို သတ်ဖြတ်တာ ဖြစ်သလို အထက်အဆင့် စစ်ဗိုလ်ချုပ်တွေ အလိုကျ သတ်ဖြတ်ပြတာ မျိုးလည်း ဖြစ်မယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။
စစ်အုပ်စုဟာ မြေပြင်တိုက်ပွဲ ရှုံးနိမ့်တိုင်း လေကြောင်းပစ်ကူ ဗုံးကြဲသလို တိုက်ပွဲ ဖြစ်ပွားရာ နေရာအနီးရှိ ပြည်သူကို ထင်တိုင်းကျဲ သတ်ဖြတ်လေ့ရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မင်းအောင်လှိုင်ဟာ သူ့လက်အောက်ငယ်သားတွေထဲက လူပိုသတ်ပြသူကို ရာထူးပေး၊ နေရာပေးလေ့ရှိတာကြောင့် တပ်သားအဆင့်ကနေ ဗိုလ်ချုပ်အဆင့်ထိဟာ မင်းအောင်လှိုင်ရဲ့ မျက်နှာသာပေးမှုရရေးနဲ့ ရာထူးတိုး၊ နေရာရရေးအတွက် အပြိုင်အဆိုင် လူသတ်ပြနေကြတာလို့ အညာဒေသ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

စစ်အာဏာသိမ်းစ ၂၀၂၁ မတ်လ ၂၇ရက်က မန္တလေးမြို့နဲ့ ပုဂံညောင်ဦးမြို့ အပါအဝင် ကျောက်ပန်းတောင်၊ မြင်းခြံ စတဲ့ မြို့တွေမှာ တစ်နေ့တည်း လူ ၁၀၀ ကျော် သတ်ဖြတ် ပြခဲ့တဲ့ မန္တလေးမြို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် – လပခ တိုင်းမှူး ဗိုလ်ချုပ်အဆင့် ကိုကိုဦးကို မင်းအောင်လှိုင်က လက်ရှိမှာ စစ်အုပ်စုရဲ့ နံပတ် ၃ အဆင့် ခေါင်းဆောင်အဖြစ် ရာထူးပေး မြှောက်စားထားပါတယ်။ အလားတူ ၂၀၂၁ကနေ ၂၀၂၅ ကထိ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ တိုင်းမှူးအဖြစ် ဗိုလ်မှူးချုပ်အဆင့် သုံးယောက်ကို နေရာပေးခဲ့ရာမှာ လူပိုသတ်ပြတဲ့၊ အရပ်သားပြည်သူတွေကို ခေါင်းဖြတ်ကာ ဝင်းထရံမှာ ချိတ်ဆွဲပြခဲ့တဲ့ သောင်းထိုက် တစ်ယောက်ကိုသာ မင်းအောင်လှိုင်က ဆက်လက် နေရာပေးပြီး ကျန်နှစ်ယောက်ကို ကန်ထုတ်ခဲ့ပါတယ်။ မင်းအောင်လှိုင် အပါအဝင် သန်းရွှေ၊ နေဝင်း စတဲ့ စစ်အုပ်စု ခေါင်းဆောင်တွေက လူပိုသတ်ပြသူကို ရာထူးပေး၊ နေရာပေး၊ မြှောက်စားခဲ့ကြပြီး ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ စစ်ဗိုလ်၊ စစ်သားတွေက လူသတ်တာကို ဂုဏ်ယူဝံ့ကြွားစွာ လူမှုကွန်ယက်မှာ ထုတ်ဖော်ပြောဆိုနေကြတာကိုလည်း တွေ့ရတယ်လို့ အညာတော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။
ရွာအနီး မိုင်းထောင်လို့၊ တိုက်ပွဲဖြစ်လို့၊ PDF တွေကို ထောက်ပံ့ကူညီလို့ သတ်ဖြတ်ရတာပါ ဆိုပြီး အကြောင်းပြပေမယ့် စစ်အုပ်စုဟာ PDF ကို မနိုင်လို့ သူတို့ နိုင်တဲ့ ပြည်သူကိုပဲ အငြိုးထား သတ်ဖြတ်နေတာ ဖြစ်တယ်လို့ ထောက်ရှာပင်ကျေးရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ခေါင်းဆောင် ကိုမုန်တိုင်းက ပြောပါတယ်။
“သူတို့ကတော့ ရွာတစ်ရွာရောက်ရင် သူတို့က PDF လုပ်လို့ရယ်၊ မလုပ်လို့ရယ် မဟုတ်ဘူး။ သူတို့ကတော့ အိုတာပျိုတာတွေ့ရင် သူတို့ကတော့ မိန်းမပျိုဆိုလည်း ကာအိန္ဒြေ ပျက်အောင် လုပ်မယ်၊ မုဒိန်းကျင့်မယ်၊ သတ်မယ်။ ဒါ သူတို့ရဲ့ လုပ်ထုံး လုပ်နည်းပဲ။ ဒါ ကျနော်တို့က ကိုယ့်ရွာမှလား ဆိုတော့လည်း မဟုတ်ဘူး။ ကိုယ့်ရွာ အရင်က လူတွေမှာလည်း ထို့နည်းတူစွာပဲ။ ဘယ်ရွာပဲဝင်ဝင် ရူးတာရော မရူးတာရော၊ PDF လုပ်လုပ်၊ မလုပ်လုပ် သက်ကြီးရွယ်အိုတွေဆိုလည်း ထို့နည်းတူစွာပဲ သူတို့လုပ်တဲ့ ရွာ များပါတယ်”
“တချို့ရွာတွေဝင် မိုင်းထောင်လို့ မီးရှို့တယ်။ မိုင်းမရှိတဲ့ရွာတွေ မီးရှို့တာလည်း ကျနာ်တို့ လက်ရှိ မြင်ခဲ့တာပဲ။ တချို့ဆိုလည်း သေနတ်တစ်ချက်မှ မပစ်ဘူး။ မိုင်းတစ်လုံးမှ မဆွဲဘဲနဲ့ သူတို့ ကျေးရွာတွေ ဝင်ရင် မီးပေါ့”

ရွာခံပြည်သူတွေကို သတ်ဖြတ်ပြလိုက်ပါက ကြောက်ရွံ့ပြီး သူတို့ စစ်အုပ်စုကို ဆက်လက် မဆန့်ကျင်ရဲအောင် ကြောက်စိတ်သွင်းဖို့ စစ်အုပ်စုက ကြိုးစားနေတာလို့ ကိုမုန်တိုင်းက သုံးသပ်ပါတယ်။
“ပြည်သူတွေ ဒုက္ခရောက်မှ လက်နက်ကိုင်အဖွဲ့အစည်းဆိုတာကို မထောက်ပံ့နိုင်ဘူးဆိုတဲ့ ပုံစံမျိုးကို တွေးတာ။ တကယ်တော့ ကျနော်တို့ လက်နက်ကိုင်တွေက ပြည်သူတိုင်းက ထောက်ပံ့နေတာ (မဟုတ်)၊ ထောက်ပံ့တဲ့ ပြည်သူရှိသလို မထောက်ပံ့တဲ့ ပြည်သူလည်း ရှိတာပဲ။ သူတို့က ဒါကို အခြေခံထားပြီး လုပ်လို့တော့ မရဘူးပေါ့နော။ စစ်ကြောင်းဆိုတာ စစ်တိုက်ဖို့ ထွက်လာတာ။ မြေပြင်မှာ သူလာနိုင်တဲ့လမ်း ကျနော်တို့ PDF ကလည်း စောင့်တိုက်မှာပဲ။ ကိုယ်လာနိုင်တဲ့လမ်းလည်း သူတို့ စောင့်တိုက်မှာပဲ။ PDF က စစ်ကြောင်းထိုး ရင်လည်း ဒါက စစ်ကောင်စီအိမ်ပါဆိုပြီး မီးရှို့လို့ မရဘူးလေ။ ဒါ လူသားချင်း စာနာရမှာ။ သဘောမတူတဲ့ ဝါဒ နှစ်ခုမှာ လျှောက်နေတယ်ဆိုရင် ကျနော်တို့ တွေးရမှာက နေအိမ်တွေနဲ့လည်း မဆိုင်ဘူး၊ စစ်ကို စစ်နဲ့တူအောင်ပဲ ကျနော်တို့ကတော့ တိုက်ချင်တာ”
• ပြည်သူကို အမဲလိုက် သတ်ဖြတ်နေတဲ့ စစ်အုပ်စု ဘယ်ရောက်နေပြီလဲ
ထောက်ရှာပင်ရွာ အပါအဝင် ပေါက်နဲ့ မြိုင်နယ်ထဲ ရွာစဉ်ပတ်မွှေကာ ဒေသခံပြည်သူကို အမဲလိုက် သတ်ဖြတ်နေတဲ့ အင်အား ၅၀၀ ကျော်ပါ စစ်အုပ်စု စစ်ကြောင်းဟာ ဩဂုတ် ၂၈ရက်အထိ ပေါက်နဲ့မြိုင်နယ် ကျေးရွာတွေကို ဆက်လက် စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေဆဲပါ။

အဲ့ဒီ စစ်အုပ်စုဟာ ဩဂုတ် ၂၈ရက်က မြိုင်မြို့နယ်၊ ဖလံကိုင်းရွာရဲစခန်းနဲ့ လက်ပံတို ရေနံမြေတွေနဲ့ မနီးမဝေးရှိ တဲကြီးကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
မြိုင်မြို့နယ်ရှိ တော်လှန်ရေးတပ်တွေ ၂၀၂၄ ကတည်းက သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ဖလံကိုင်းနဲ့ လက်ပံတိုရေနံမြေဘက် ဦးတည်စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုဟာ တိုက်ပွဲဖြစ်ပြီး အထိနာကာ ရှေ့ဆက်မတိုးနိုင်တာကြောင့် တဲကြီးကျေးရွာကို မီးရှို့နေတာ လို့ ဒေသခံတော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။
“စစ်ကြောင်းကတော့ တဲကြီးရွာကို မီးရှို့နေပြီ၊ တစ်ရွာလုံးနီးပါးလောက်ကို ရှို့နေတာ သူတို့ (စစ်အုပ်စု)က အထိနာခဲ့တဲ့ နေရာဆိုတော့၊ အခုရှို့နေတာပဲ မီးခိုးတလုံးလုံးနဲ့” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
ပေါက်နဲ့ မြိုင်မြို့နယ်ထဲ လနဲ့ချီကြာ စစ်ကြောင်းထိုးကာ ပြည်သူကို အမဲလိုက် သတ်ဖြတ်၊ ရွာမီးရှို့နေတဲ့ စစ်အုပ်စုကို ဒေသခံ တော်လှန်ရေးတပ်ဖွဲ့ ၂၆ ဖွဲ့က အညာတမာ စစ်ဆင်ရေး စုဖွဲ့မှု အဖြစ် တပ်ပေါင်းစု ဖွဲ့စည်းကာ ခုခံ တိုက်ခိုက်နေတာ ဖြစ်တယ်လို့ အညာတမာ စစ်ဆင်ရေးရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုပြည့်ဖြိုးကျော်က ပြောပါတယ်။
“ကျွန်တော်တို့ကတော့ အညာတမာ စစ်ဆင်ရေးဆိုတော့ ဒီတော်လှန်ရေး အင်အားစုတွေ ဒီ ဒေသတွင်းမှာ အမှန်တကယ်နဲ့ အလုပ်လုပ်နေတဲ့ အင်အားစုတွေ အားလုံး စုပေါင်း ပြီးတော့ ဖော်ဆောင်နေတဲ့ စစ်ဆင်ရေးတစ်ခု ဖြစ်ပါတယ်၊ အဲဒီမှာ ခုခံစစ်တွေ၊ ထိုးစစ်တွေ အကုန်လုံး ပီပီပြင်ပြင်နဲ့ လုပ်ဆောင်မယ့် စစ်ဆင်ရေးတစ်ခုလည်း ဖြစ်ပါတယ်” လို့ ကိုပြည့်ဖြိုးကျော်က ပြောပါတယ်။
ပေါက်နဲ့မြိုင်မြို့နယ်ထဲ စစ်အုပ်စု စစ်ကြောင်းထိုးတဲ့ ဇွန်လကနေ ဩဂုတ် ၁၅ရက်အထိ နှစ်လ ဝန်းကျင်အတွင်း စစ်အုပ်စုနဲ့ အညာတမာ စစ်ဆင်ရေး စုဖွဲ့မှုတပ်ပေါင်းစုတို့ တိုက်ပွဲ အကြိမ် ၃၀ ခန့် ဖြစ်ပွားပြီး စစ်အုပ်စု ၅၀ ထက်မနည်း သေကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်း ရရှိတယ်လို့ ကိုပြည့်ဖြိုးကျော်က ပြောပါတယ်။
“စစ်အုပ်စုဘက်က လက်ရှိအချိန်မှာ သေဆုံးက ၅၀ ဝန်းကျင် ရှိထားပါတယ်၊ အလင်းဝင်နဲ့ ဖမ်းမိတာကတော့ လေးယောက်နဲ့ ခြောက်ယောက်ကြားထဲမှာ ရှိပါတယ်”
အဲ့ဒီ တိုက်ပွဲတွေအတွင်း တော်လှန်ရေး ရဲဘော်တွေလည်း ကျဆုံးမှု ရှိတယ်လို့ ဆိုပါတယ်။

မြေပြင်တိုက်ပွဲမှာ ပိုမို အထိနာတဲ့ စစ်အုပ်စုက တိုက်ပွဲဖြစ်တဲ့ နေရာတွေနဲ့ အနီးဝန်းကျင်ရှိ ကျေးရွာတွေ၊ ပြည်သူတွေကို ပစ်မှတ်ထား ဗုံးကြဲသလို တိုက်ပွဲရှုံးတိုင်း အနီးဆုံးမှာ ရှိတဲ့ ပြည်သူကို ရန်ပြုသတ်ဖြတ်တာ၊ ရွာမီးရှို့တာတွေ ကျူးလွန်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
ပေါက်နဲ့မြို့နယ်ထဲ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုဟာ နှစ်လကျော်အတွင်း အဖိုးအဖွားတွေ အပါအဝင် ဒေသခံ အရပ်သား ပြည်သူ ၃၀ကျော်ကို သတ်ဖြတ်ပြီး ဖြစ်သလို ကျေးရွာ ၁၀ရွာကျော်က အိမ်ခြေ ၄၀၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး ဖြစ်ပါတယ်။
စစ်အုပ်စု ရန်ကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေး နေကြရသလို ရေနံမှော်၊ ရေနံတွင်းတွေ အပါအဝင် ဒေသခံပြည်သူတွေရဲ့ စီးပွားရေး လုပ်ငန်းတွေ မလုပ်ကိုင်ရဲဘဲ ရပ်နားကာ စစ်ဘေးရှောင်နေကြရပါတယ်။
စစ်အုပ်စုဟာ ပခုက္ကူက ထွက်လာကတည်းက ရိက္ခာအလုံအလောက် မပါဘဲ မြိုင်နဲ့ ပေါက်နယ်ထဲ စစ်ကြောင်းထိုးရာ ရွာစဉ်တလျှောက် ပြည်သူပိုင် ဆန်၊ ဆီနဲ့ အိမ်မွေး တိရစ္ဆာန်တွေကို သတ်ဖြတ်လုယက် စားသောက်နေတာလို့ အညာမြေ အရပ်ဖက် လူမှူအဖွဲ့အစည်း-မြိုင် တာဝန်ရှိသူ ဆရာထွေးက ပြောပါတယ်။
“သူတို့ (စစ်အုပ်စု) ရောက်တဲ့နေရာမှာ ကြက်တွေဆိုရင် ကြက်တွေက ပေါတာကိုး၊ ဖမ်းသယ်သွားလည်း မရဆိုတော့ ကြက်တွေ အလျံပယ် စားတယ်၊ ဝါးရင်းချိုင်(ရွာ)မှာ တုန်းက အဲလိုမျိုး အစိတ်၊ နှစ်ဆယ် (ပိဿာချိန်) ထွက်လောက်တဲ့ ဝက်တွေလို့ ပြောတာပဲ၊ ငါးကောင်ကုန်တာ၊ ငါးကောင် ပျောက်တယ်လို့ ပြောတယ်။ အဲလို ဝက်တွေ ကျတော့ အကြိုက်စား စားတာလို့ ပြောတယ်၊ ဆန်တွေကျတော့ အဲဒီ ရွာတွေမှာ ရှိတဲ့ ဆန်တွေ စားတယ်။ အိတ်လိုက်တွေ့ရင် ကားနဲ့တင်သွားတယ်။ အဲတော့ အခု လေယာဉ်နဲ့ ချတဲ့ ဟာတွေက အဲလိုမျိုး စားစရာ ဆန် ဘာညာ မချဘူး၊ သေချာတာကတော့ သူတို့နားတဲ့ နေရာတိုင်းမှာ ကျန်တဲ့ ဆေးလိပ်စည်းတွေ ကြည့်ရတာ ခြင်္သေ့သုံးကောင်ဆိုတဲ့ အနီပတ်ကလေးနဲ့ ဆေးလိပ်၊ အဲဒါက ဒီဘက်မှာ မရှိဘူး၊ ရန်ကုန်က လာတာလို့ ပြောတယ်။ အဲဒီ ဆေးလိပ်တွေ ချတယ်၊ အရက်ဘီယာချတယ်။ အဲလိုမျိုး စစ်တပ်က ထုတ်တဲ့ ရမ်တွေ ချတယ်”

• ပဲ့တင်ထပ်နေဆဲ တောင်းပန်တိုးသျှိုး အော်ညည်းသံတွေ
စစ်အုပ်စု လက်ထဲ ဖမ်းဆီး၊ ညှဉ်းပန်း သတ်ဖြတ်ခံရတဲ့ မစုဌေးတစ်ယောက် ဘဝကူး ကောင်းစေဖို့အတွက် ဆွမ်းသွတ်တရားနာပြုလုပ်ဖို့ မစုဌေးရဲ့ အဒေါ်နဲ့ မိသားစုက စီစဉ်နေကြပါတယ်။ ဒါပေမယ့် စစ်အုပ်စုက ဒေသတွင်း ဆက်လက် စစ်ကြောင်းထိုး ရန်ပြုနေဆဲမို့ မစုဌေးရဲ့ မိခင်ဟာ ရွာကို ပြန်မလာရဲသေးသလို နာရေးကိုလည်း မကျင်းပ နိုင်သေးပါဘူး။
မစုဌေးကို တတ်နိုင်သလောက် ကာကွယ်စောင့်ရှောက်ခဲ့ပေမယ့် ကြောက်ရွံ့ ထိတ်လန့်နေတဲ့ နောက်ဆုံးအချိန်မှာ လုံခြုံအောင် အကာအကွယ် မပေးနိုင်ခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်ရတယ်လို့ မစုဌေးရဲ့ အဒေါ် ဒေါ်မြင့်က ပြောပါတယ်။
“ကျုပ်မှာ သနားတာ။ …။ ဝမ်းနည်းပါတယ်။ သူ့အတွက်ကို တကယ်ကို ဝမ်းနည်းတယ်”
ကြောက်ရွံ့ထိတ်လန့်နေပြီး လိုက်ဖို့ တပြင်ပြင် ဖြစ်နေတဲ့ မစုဌေးကို အတူတူ မခေါ်နိုင်ခဲ့တဲ့ မိခင်လည်း ဝမ်းနည်း ပူဆွေးနေရတယ်လို့ ဒေါ်မြင့်က ပြန်ပြောပြပါတယ်။
မစုဌေးတို့ သေဆုံးပြီးနောက် ရွာခံတွေ ကျေးရွာအတွင်း ပြန်လည် ဝင်ရောက်နေထိုင်ချိန် မကျွတ်မလွတ်သေးသူတွေရဲ့ အသံပေးခြောက်လှန့်သံတွေ ကြားရတယ်လို့လည်း ဆိုပါတယ်။
စစ်မိစ္ဆာတွေ ထောက်ရှာပင်ရွာထဲက ပြန်ထွက်သွားပေမယ့် သူတို့ ကျူးလွန်ခဲ့တဲ့ ယုတ်မာ ရက်စက်မှုတွေကြောင့် တစ်ရွာလုံးက ကြောက်ရွံ့ ထိတ်လန့်နေကြဆဲပါ။ တိတ်ဆိတ်တဲ့ ညအချိန်တွေမှာ တောင်းပန် တိုးသျှိုးသံတွေ၊ အော်ဟစ်ညဉ်းညူသံတွေကလည်း ထောက်ရှာပင်ရွာနဲ့ အညာတခွင်မှာ ပဲ့တင်ထပ် ပေါ်ထွက်နေဆဲသာ။
ဆောင်းပါးအပြည့်အစုံကို တစ်ပုံချင်းစီအောက်မှာ ဆက်လက် ဖတ်ရှု့နိုင်ပါတယ်။

(မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်နဲ့မြိုင်မြို့နယ်ထဲ စစ်အုပ်စုက သတ်ဖြတ်၊ မီးရှို့ခဲ့မှုနဲ့ စစ်အုပ်စု ရန်ကြောင့် ထွက်ပြေးနေရတဲ့ ပြည်သူတွေ/Photo – ကျီးညို၊ ဒေသခံ)
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



