မင်းအောင်လှိုင် လူရာဝင်ရေး သွေးနဲ့ခင်းပြီး ဖောက်တဲ့ လမ်း

ရေးသူ – ဂျိုးဖြူ၊ MFP ဆောင်းပါး
မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ သူတို့ သုံးနှစ်ကျော်ကြာ ခြေမချနိုင်တဲ့ ကားလမ်းကို ပြန်ရဖို့ ပေါ်တာဆွဲထားသူတွေကို အသုံးချကာ အပြင်းအထန် ထိုးစစ်ဆင်နေပါတယ်။
ပြီးခဲ့တဲ့ သင်္ကြန်ကာလ ဧပြီက စတင်ပြီး မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ က တဆင့် “မုံရွာ – ယာကြီး – ကလေးဝ” ကားလမ်းကို စိုးမိုး ထိန်းချုပ်နိုင်ရေး အင်အားသုံး ထိုးစစ်ဆင်နေတာပါ။
အဲ့ဒီ မုံရွာ – ယာကြီး – ကလေးဝ ကားလမ်းပိုင်းတလျှောက် စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်နဲ့ ကလေးခရိုင် မင်းကင်းမြို့နယ်ထဲရှိ လမ်းပိုင်းတွေကို ၂၀၂၂ နှစ်ကုန်ပိုင်း ကတည်းက အာဏာသိမ်း စစ်အုပ်စု ခြေမချနိုင်ဘဲ တော်လှန်ရေးတပ်တွေက စိုးမိုး ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
စစ်အုပ်စုဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်း မုံရွာ နမခ ကတဆင့် ယင်းမာပင်ကို ဖြတ်ကာ မုံရွာ – ယာကြီး – ကလေးဝ လမ်းတလျှောက် အကြိမ်ကြိမ် ထိုးစစ်ဆင်ခဲ့ပေမယ့် တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်တာခံရပြီးနောက် ကနီနယ်ကနေ ရှေ့ဆက် မတိုးနိုင်ဘဲ လမ်းပိုင်းကို လက်လွှတ်ထားရတာ ဖြစ်တယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။
- အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါဆုံး လမ်း

“မုံရွာ – ယာကြီး – မင်းကင်း – ကလေးဝ – ကလေး – တမူး” ကားလမ်းဟာ “အိန္ဒိယ – မြန်မာ” နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါဆုံး လမ်း ဖြစ်ပါတယ်။ အဲ့ဒီလမ်းဟာ မြန်မာပြည် အလယ်ပိုင်းနဲ့ အိန္ဒိယနယ်စပ် တမူးမြို့ကို ဆက်သွယ်ပေးတဲ့ လမ်းဖြစ်ပြီး မြန်မာ – အိန္ဒိယ – ထိုင်း သုံးနိုင်ငံ ဆက်သွယ်ထားတဲ့ အာရှအဝေးပြေးလမ်း (AH-1) ရဲ့ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။
အိန္ဒိယ – မြန်မာ – ထိုင်း သုံးနိုင်ငံ ဆက်သွယ်ဖောက်လုပ်မယ့် မဟာဗျူဟာမြောက် လမ်းမကြီးကို (India–Myanmar–Thailand Trilateral Highway – IMT Highway) အာရှလမ်းမကြီးလို့ ခေါ်ဆိုတာ ဖြစ်ပါတယ်။ အဲ့ဒီ အာရှအဝေးပြေးလမ်းမကြီး (AH-1)ဟာ ကီလိုမီတာ ၁,၄၀၀ ခန့် ရှည်လျားပြီး အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ မိုရေးမြို့ (Moreh) ကနေ မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ် နေရာတွေကို ဖြတ်ကာ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ (Mae Sot)ကို ဆက်သွယ်ထားတာ ဖြစ်ပါတယ်။ တမူးမြို့ကတဆင့် ကလေး – ကလေးဝ – မင်းကင်း – ယာကြီး – ကနီ – မုံရွာ – မန္တလေး – မိတ္ထီလာ – နေပြည်တော် – ပဲခူး – မြဝတီ လမ်းအတိုင်း ဖြစ်ပါတယ်။
အဲဒီ အာရှလမ်းမကြီးဟာ အိန္ဒိယနိုင်ငံရဲ့ အာရှနိုင်ငံတွေနဲ့ ပိုမိုပူးပေါင်းမယ့် မူဝါဒ (Act East Policy)နဲ့ ကိုက်ညီပြီး မြန်မာနဲ့ ထိုင်းသာမက အရှေ့တောင်အာရှနိုင်ငံတွေနဲ့ပါ တိုက်ရိုက် ချိတ်ဆက်နိုင်မယ့်လမ်း ဖြစ်တာကြောင့် ရူပီးငွေ ၁၂ ဘီလျံခန့် အကုန်အကျခံကာ အိန္ဒိယက ဦးဆောင် ဖောက်လုပ်နေတာပါ။ အိန္ဒိယအနေနဲ့ အဓိက ဖောက်လုပ်နေတဲ့ လမ်းပိုင်းဟာ မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းအတွင်းရှိ ၁၁၅ မိုင် ရှည်လျားတဲ့ မုံရွာ -ယာကြီး- ကလေးဝ လမ်းပိုင်း ဖြစ်ပါတယ်။ အဲ့ဒီ လမ်းပိုင်းတလျှောက် ၂၀၁၂ ကတည်းက လမ်းဖောက်တာ၊ တံတားဆောက်တာ၊ လမ်းပိုင်း အဆင့်မြင့်တာတွေကို အိန္ဒိယရဲ့ အကူအညီနဲ့ လုပ်ဆောင်နေတာပါ။

သသ်အာဏာသိမ်းပြီးနောက် အာရှလမ်းမကြီးတလျှောက်ရှိ မန္တလေး၊ နေပြည်တော်၊ ပဲခူးတိုင်းနဲ့ ကရင်ပြည်တို့ရှိ လမ်းပိုင်း နေရာ အများစုကို စစ်အုပ်စုက ထိန်းချုပ်ထားနိုင်ပေမဲ့ စစ်ကိုင်းတိုင်းရှိ မုံရွာ – ယာကြီး – ကလေးဝ” လမ်းပိုင်းနဲ့ “ကလေး – တမူး လမ်းပိုင်း နေရာအများစုကို တော်လှန်ရေး တပ်တွေက ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
မြန်မာနဲ့ အိန္ဒိယနှစ်နိုင်ငံကြား နယ်စပ်ကုန်သွယ်ရေးစခန်း သုံးခုရှိပြီး စစ်ကိုင်းတိုင်း တမူးမြို့ နယ်စပ် ကုန်သွယ်ရေးစခန်း၊ ချင်းပြည်နယ် ရိဒ်မြို့ နယ်စပ်ကုန်သွယ်ရေးစခန်းနဲ့ ထန်တလန်မြို့ နယ်စပ် ကုန်သွယ်ရေး စခန်းတွေ ဖြစ်ပါတယ်။ အဲဒီ ကုန်သွယ်ရေးစခန်းသုံးခုအနက် စစ်အာဏာသိမ်းပြီးနောက် တမူးမြို့ တစ်ခုတည်းကိုသာ စစ်အုပ်စုက အပြည့်အဝ ထိန်းချုပ်ထားနိုင်ပြီး ရိဒ်နဲ့ ထန်တလန် မြို့တွေကို စိုးမိုးထိန်းချုပ်နိုင်ရေး စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲတွေ ဖြစ်နေဆဲပါ။
အဲဒီ ကုန်သွယ်ရေးစခန်းအားလုံးကို ၂၀၂၀ ကိုဗစ်ကပ်ရောဂါ ကာလကတည်းက အိန္ဒိယနိုင်ငံကနေ ကုန်သွယ်ရေး ပိတ်ဆို့ထားပြီး ၂၀၂၆ လက်ရှိ အချိန်ထိ ပြန်လည်ဖွင့်လှစ်နိုင်တာ မရှိသေးပါဘူး။
တမူးမြို့ နယ်စပ်ကုန်သွယ်ရေးစခန်း အပါအဝင် အိန္ဒိယ – မြန်မာ နယ်စပ်ကုန်သွယ်ရေး စခန်းတွေကို လမ်းမကြီး လေးခုကနေ သွားလာနိုင်ပြီး ကလေး – တမူး – ဂန့်ဂေါလမ်း၊ ကလေး – တမူး – ကလေးဝ – မဟာမြိုင်လမ်း၊ ကလေး – တမူး – ယာကြီး – မုံရွာလမ်း၊ ရိဒ် – တီးတိန် – ကလေးလမ်း (သို့မဟုတ် ရိဒ် – တီးတိန် – ဖလမ်း – ဟားခါးလမ်း – ဂန့်ဂေါလမ်း)၊ ထန်တလန် – ဟားခါး – ကလေး – ဂန့်ဂေါလမ်းတွေ ဖြစ်ပါတယ်။
စစ်အုပ်စု အနေနဲ့ အထက်ပါ ကားလမ်းတွေကိုလည်း မစိုးမိုး၊ မထိန်းချုပ်နိုင်တာကြောင့် အာဏာသိမ်းပြီး ငါးနှစ်ကျော်ကြာချိန်အထိ အိန္ဒိယနဲ့ နယ်စပ်ကုန်သွယ်ရေးကိုလည်း ပြန်မစနိုင်သေးဘဲ ဖြစ်နေပါတယ်။
- မင်းအောင်လှိုင် လူရာဝင်ရေးအတွက် အရေးပါတဲ့ အိန္ဒိယ
မြန်မာပြည်ရဲ့ အသက်သွေးကြော ဧရာဝတီမြစ်နဲ့ မြစ်ဆုံဆည်ကို ထိုးအပ်လိုက်ပြီးနောက် တရုတ်နဲ့ အပေးအယူ လုပ်ကာ အာဏာကို ဆက်လက် ချုပ်ကိုင်နိုင်ခဲ့တဲ့ မင်းအောင်လှိုင်ဟာ သူ့ကို နိုင်ငံတကာက လူရာသွင်းဖို့အတွက် အိန္ဒိယရဲ့ အကူအညီလည်း လိုအပ်နေပါတယ်။
အိန္ဒိယကလည်း သူတို့အတွက် အကျိုးရှိမယ်ဆိုရင် မင်းအောင်လှိုင်ကို လူရာသွင်းဖို့ ဝန်မလေးဘူးဆိုတာ ပြီးခဲ့တဲ့ မေလကုန်ပိုင်းက နယူးဒေလီကို ဖိတ်ခေါ်ပြီး သက်သေပြထားပြီးပါပြီ။
အိန္ဒိယအနေနဲ့ မြန်မာနိုင်ငံတွင်း တန်ဘိုးကြီး ရင်းနှီးမြှုပ်နှံမှုအဖြစ် ရခိုင်ပြည်၊ ကုလားတန်မြစ် ဘက်စုံသုံး စီမံကိန်းနဲ့ ထိုင်း – မြန်မာ – အိန္ဒိယ သုံးနိုင်ငံ အဝေးပြေးလမ်း စီမံကိန်းတွေ တည်ဆောက်နေပါတယ်။ ကုလားတန်မြစ်ကြောင်းတလျှောက်ကို အာရက္ခတပ်တော် – AA က သိမ်းပိုက်ထိန်းချုပ်ထားရာ မင်းအောင်လှိုင် အနေနဲ့ သုံးနိုင်ငံ အဝေးပြေးလမ်းကို ပြန်လည် ထိန်းချုပ်နိုင်ပြီး အိန္ဒိယရဲ့ မျက်နှာသာပေးမှု ရဖို့ ကြိုးစားလာတာ ဖြစ်ပါတယ်။
ကလေး – တမူး အာရှလမ်းမကြီးကို ပြန်ဖွင့်နိုင်ဖို့အတွက် “စစ်ဆင်ရေး” ကို တိုးမြှင့်မယ်လို့ စစ်အုပ်စုက ဇွန်လ ၁၀ ရက်မှာ ထုတ်ပြန်ကာ မေလကုန်ကနေ ဇွန်လန်းအထိ အိန္ဒိယကို ငါးရက်ကြာ သွားခွင့်ရခဲ့တဲ့ မင်းအောင်လှိုင် ကလည်း အိန္ဒိယသတင်းဌာန DD India နဲ့ တွေ့ဆုံချိန် မြန်မာ – အိန္ဒိယ နယ်စပ် တည် ငြိမ်ရေး ဦးစားပေး လုပ်နေသလို ကလေး – တမူးလမ်း ပြန်ဖွင့်နိုင်ဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။
“မကြာခင်မှာလည်း ကျွန်တော်တို့ ဒီနယ်စပ်နဲ့နီးတဲ့ ကျွန်တော်တို့ အဓိက မြို့ကြီးတစ်မြို့ရှိပါတယ်။ ကလေးနဲ့ တမူးနဲ့ ဆက်သွယ်တဲ့လမ်းကြောင်းကို ဖွင့်နိုင်ဖို့အတွက် အမြန်ဆုံး ကြိုးစားနေပါတယ်။ အဲဒါ ကြိုးစားပြီးရင်တော့ ကျွန်တော်တို့ နယ်စပ်ဂိတ် ကျွန်တော်တို့ ဖွင့်လို့ရပြီ ဖြစ်ပါတယ်။ ဒါဆိုလို့ရှိရင်တော့ အဲဒီကနေပြီးတော့ မြန်မာနိုင်ငံအလယ်ပိုင်းကို ဖြတ်ပြီးတော့မှ ထိုင်းနိုင်ငံကိုသွား။ အဓိကကတော့ မြန်မာနဲ့ အိန္ဒိယ နယ်စပ်ဒေသ ပုံမှန်အခြေအနေ ပြန်လည်ရရှိရေးကတော့ ပိုအရေးကြီးပါတယ်။ ဒါကို ကျွန်တော် ဦးစားပေး ဆောင်ရွက်နေပါတယ်။ ကျွန်တော်လည်း အင်မတန် အလေးထားတဲ့ စီမံကိန်း တစ်ခု ဖြစ်တယ်ဆိုတာလေးလည်း ကျွန်တော် ပြောလိုပါတယ်” လို့ မင်းအောင်လှိုင်က အိန္ဒိယ သတင်းဌာန DD India ကို ပြောပါတယ်။

- အာရှလမ်းမကြီး ပြန်ရရေး စစ်ကြောင်းမထိုးခင် စစ်အုပ်စု ဘယ်လိုပြင်ဆင်ခဲ့သလဲ
အာဏာသိမ်း စစ်အုပ်စုဟာ အိန္ဒိယ – မြန်မာ နယ်စပ်ကုန်သွယ်ရေးရဲ့ အဓိက အရေးပါတဲ့ မုံရွာ – ယာကြီ – ကလေးဝ – ကလေး – တမူး လမ်း အပါအဝင် စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ရှုံးထားတဲ့ ကားလမ်းတွေ ပြန်လည် ထိန်းချုပ်နိုင်ရေး ၂၀၂၅ ကတည်းက တန်ပြန်ထိုးစစ်ဆင်လာတာ ဖြစ်ပါတယ်။
တရုတ်- မြန်မာ နယ်စပ်ကုန်သွယ်ရေး အဓိက လမ်းမကြီး ဖြစ်တဲ့ မန္တလေး – လားရှိုး – မူဆယ် လမ်းနဲ့ ရှမ်းမြောက်ဒေသရှိ စစ်ရှုံးထားတဲ့ မြို့၊ရွာတွေကို တရုတ်အားကိုးနဲ့ ပြန်လည် ရယူနိုင်ပြီးနောက် စစ်အုပ်စုဟာ အိန္ဒိယ – မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ကားလမ်းတွေနဲ့ စစ်ကိုင်းတိုင်းထဲက ကားလမ်းတွေကို ပြန်လည် စိုးမိုးနိုင်ရေး ကြိုးစားလာတာပါ။
တရုတ်ရဲ့ အကူအညီနဲ့ ရှမ်းမြောက်မှာ သေနတ်သံတိတ်အောင် လုပ်နိုင်ခဲ့တဲ့ မင်းအောင်လှိုင်ဟာ နိုင်ငံတဝန်းရှိ ပေါ်တာဆွဲ စုဆောင်းလို့ရသမျှ စစ်သားသစ်တွေကို အညာဒေသ အထူးသဖြင့် စစ်ကိုင်း၊ ချင်း မကွေးနဲ့ မန္တလေးတိုင်းထဲ ပို့လွှတ်ပြီး စစ်ရှုံးနယ်မြေတွေ ပြန်ရရေး ထိုးစစ်ဆင်တာ ဖြစ်ပါတယ်။
စစ်အုပ်စုဟာ ၂၀၂၅ နှယ်လယ်ပိုင်းက စတင်ပြီး စစ်ကိုင်းတိုင်းထဲကို စစ်အင်အား ၅,၀၀၀ ကျော် ပို့လွှတ်ခဲ့တယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။
အဲ့ဒီ စစ်အင်အား ၅၀၀၀ ကျော်ကို အဖွဲ့တွေခွဲပြီး စစ်ကိုင်း – ဝက်လက် – ရွှေဘို ခရိုင်ချင်းဆက် လမ်းတလျှောက် တစ်ဖွဲ့၊ ကကြီးသုံးလုံနယ်မြေလို့ ခေါ်တဲ့ ကောလင်း၊ ကသာနဲ့ ကန့်ဘလူ မြို့နယ်ထဲကို တစ်ဖွဲ့၊ မုံရွာ – ဆားလင်းကြီး – ယင်းမာပင် – ပုလဲ – ကနီ – ဘုတလင်နယ်ထဲ (ကလေးဝ – မင်းကင်း – ယာကြီး – မုံရွာလမ်းနဲ့ ပုလဲ – ဂန့်ဂေါလမ်း) တစ်ဖွဲ့နဲ့ ကလေး – တမူး လမ်းပိုင်းမှာ တစ်ဖွဲ့၊ စုစုပေါင်း လေးဖွဲ့ခွဲ ဝင်ရောက်ကာ ထိုးစစ်ဆင်နေတာလို့ ဆိုပါတယ်။

အိန္ဒိယ – မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းပိုင်းတလျှောက်ဖြစ်တဲ့ မုံရွာ – ယာကြီး – မင်းကင်း – ကလေးဝ – ကလေး – တမူး ကားလမ်းမှာ ကလေးဝ နဲ့ ကလေးမြို့ကြား လမ်းပိုင်းကို စစ်အုပ်စုက ထိန်းချုပ် ထားနိုင်ဆဲ ဖြစ်တာကြောင့် လမ်းပိုင်းတစ်ခုလုံး ပြန်လည် စိုးမိုးနိုင်ရေးအတွက် မုံရွာကနေ ကလေးဝကိုတဖြတ်၊ ကလေးကနေ တမူးကို တစ်ဖြတ်၊ စစ်အုပ်စုက နှစ်ဖွဲ့ခွဲ စစ်ကြောင်းထိုးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လအတွင်း မင်းအောင်လှိုင် အိန္ဒိယကနေ ပြန်လာပြီးနောက် မုံရွာ – ယာကြီး – ကလေးဝ – ကလေး – တမူးလမ်းပိုင်းတွေ ပြန်ရရေး စစ်အုပ်စုက အင်အား ၃၀၀၀ လောက် စစ်ကူဖြည့်ကာ အရှိန်မြှင့် ထိုးစစ်ဆင်နေတယ်လို့ အဲ့ဒီ ကားလမ်းတလျှောက်ရှိ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။
လက်ရှိမှာ စစ်အုပ်စုက အာရှလမ်းမကြီးဖြစ်တဲ့ တမူး – ကလေးလမ်းနဲ့ ကလေးဝ – မင်းကင်း – ယာကြီး – မုံရွာ လမ်းတလျှောက် သုံးဖွဲ့ခွဲ စစ်ကြောင်းထိုးနေပြီး ကလေး – တမူး လမ်းကိုတော့ ကလေးမြို့ကနေရော တမူးမြို့နေပါ နှစ်ဖက်ညှပ် စစ်ကြောင်းထိုးနေတာလို့ ဆိုပါတယ်။ ကလေးမြို့ကနေ တမူးမြိုဘက် ထိုးတဲ့ စစ်ကြောင်းကို ကလေးမြို့ရှိ စစ်အုပ်စုရဲ့ ဒေသကွပ်ကဲရေး စစ်ဌာနချုပ် (ဒကစ- ကလေး)ရဲ့ ဒကစမှူး ဗိုလ်မှူးချုပ်အဆင့် အောင်ကျော်ဆိုင်က ဦးဆောင်ပြီး တမူးမြို့ကနေ ကလေးမြို့ဘက် ဦးတည်တဲ့ စစ်ကြောင်းမှာတော့ အိန္ဒိယနိုင်ငံရှိ ကသည်း လက်နက်ကိုင်နဲ့ ရှမ်းနီလက်နက်ကိုင် (SNA) တွေ ပါဝင်တယ်လို့ ဆိုပါတယ်။
မုံရွာကနေ ကလေးဝမြို့ဆီ ဦးတည်စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုမှာ မုံရွာ နမခ နဲ့ မိတ္ထီလာမြို့ အခြေစိုက် တပ်မ ၉၉ ခေါ် အမှတ် ၉၉ ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ အဖွဲ့တွေ ပါဝင်ပါတယ်။

အဲ့ဒီ စစ်ကြောင်းတွေထဲ ရှေ့ကနေ အသေခံ စစ်တိုက်ရသူတွေကတော့ ပေါ်တာဆွဲ စုဆောင်းခံရတဲ့ စစ်သားသစ်နဲ့ လစာမပေးဘဲ လက်နက်ထုတ်ပေးကာ စစ်တိုက်ရင်း ခိုးယူလုယက်လို့ ရသမျှ ပစ္စည်ကို ယူခွင့်ပေးထားတဲ့ ပျူစောထီးတွေ ဖြစ်တယ်လို့ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။
- လက်ရှိစစ်ကြောင်းတွေ ဘယ်ရောက်နေပြီလဲ
မုံရွာ – ယာကြီး – ကလေးဝ ကားလမ်း ပြန်ရရေးအတွက် ဧပြီလကုန်ပိုင်းက စတင်ကာ မုံရွာ နမခ ကတဆင့် ယင်းမာပင်၊ ကနီနဲ့ မင်းကင်းနယ်ထဲ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုဟာ လက်ရှိမှာတော့ ကလေးဝမြို့အထိ ရောက်ရှိသွားပြီ ဖြစ်ပါတယ်။
စစ်အုပ်စုဟာ နမခကတဆင့် ယင်းမာပင်နယ် ဘန့်ဘွေးရွာပျူစခန်းမှာ အခြေပြုကာ ဧပြီလကုန်ပိုင်းနဲ့ မေလတစ်လုံး ကနီနယ်ထဲကို စစ်ကြောင်းထိုးခဲ့ပါတယ်။ ဇွန်လအတွင်း ကနီနယ်ကတဆင့် မင်းကင်းနယ်ထိ ထိုးဖောက် ဝင်ရောက်နိုင်ပြီး လက်ရှိမှာတော့ ကလေးဝမြို့အထိ ရောက်ရှိသွားပြီး စစ်အုပ်စု သုံးနှစ်ကြာ ခြေမချနိုင်ခဲ့တဲ့ ကားလမ်းတလျှောက် ပြန်လည် ခြေချခွင့် ရရှိသွားပြီ ဖြစ်ပါတယ်။
မေ ၅ရက်က မုံရွာ-ယာကြီး-ကလေးဝ လမ်းတလျှောက် စစ်ကြောင်းထိုးပြီး ကနီနယ် သင့်ဝံ့ရွာကို စီးနင်းထားတဲ့ စစ်အုပ်စုရဲ့ မိတ္ထီလာမြို့ အခြေစိုက် တပ်မ ၉၉ လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ) ၁၄က အင်အား ၂၀၀ ပါ စစ်ကြောင်းကို ယင်းမာပင်ခရိုင် စစ်ဌာန ကွပ်ကဲမှုနဲ့ မိုင်းခွဲတိုက်ခိုက်ရာ စစ်အုပ်စု ခြောက်ယောက် သေပြီး ဒဏ်ရာရသူတွေ ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် – PDF စစ်ရုံးချုပ်က ထုတ်ပြန်ပါတယ်။ အဲ့ဒီ သင့်ဝံရွာရောက် စစ်ကြောင်းကနေ ခွဲထွက်လာတဲ့ အင်အား ၅၀ ပါ စစ်ကြောင်းဟာ မေ၆ရက်မှာ ချောင်းမရွာထဲ ရောက်ရှိပြီး မိုင်းထိ ဒဏ်ရာနဲ့ သေတဲ့ စစ်အုပ်စု တစ်ယောက်ရဲ့ အလောင်းကို မြေမြုပ်ခဲ့တယ်လို့ PDF စစ်ရုံးချုပ်က ဖော်ပြပါတယ်။


မုံရွာ – ယာကြီး – ကလေးဝ လမ်းကြောင်းကို စစ်ကြောင်းထိုးခဲ့တာနဲ့ ပတ်သက်ပြီး စစ်အုပ်စုက သတင်းဖြန့်ရာမှာတော့ ဇွန် ၂ရက်မှာ စတင်ပြီး လမ်းပိုင်းစိုးမိုးနိုင်ရေး စစ်ကြောင်းထိုးရာ ဇွန် ၂ ရက်မှာ ကနီနယ် ရေလယ်ကျွန်းကျေးရွာ၊ ဇွန် ၃ ရက်မှာ ကနီနယ် ကျောက်လုံးကြီးတဲစုကျေးရွာ၊ ဇွန် ၆ ရက်မှာ ချောင်းမကျေးရွာ (ပျူစောထီးစခန်းဖွင့်ထား)နဲ့ အောင်မင်္ဂလာကျေးရွာ၊ ဇွန် ၇ ရက်မှာ သစ်ရာပင်လမ်းဆုံ၊ ဇွန် ၈ ရက်မှာ သစ်ရာပင်ကျေးရွာ၊ ဇွန် ၉ ရက်မှာ ဝင်းကုန်းကျေးရွာ၊ ဇွန် ၁၁ ရက်မှာ ညောင်ပင်လယ်ကျေးရွာ၊ ဇွန် ၁၃ ရက်မှာ ယာကြီးကျေးရွာ၊ ဇွန် ၁၅ ရက်မှာ ကွမ်းပင်ရေနဲ့ ဇွန် ၁၈ ရက်မှာ မင်းကင်းနယ် လာပို့ကျေးရွာ၊ ဇွန် ၂၁ ရက်မှာ စစ်လင်းချောင်းကျေးရွာ၊ ဇွန် ၂၂ ရက်မှာ ထုံးကြီးကျေးရွာ၊ ဇွန် ၂၃ ရက်မှာ ကျော်ရွာကျေးရွာ (ပျုစောထီးစခန်းဖွင့်ထား)၊ ဇူလိုင် ၁ ရက်မှာ မြေနီကျေးရွာ၊ ဇူလိုင် ၂ ရက်မှာ စည်ပင်သာကျေးရွာ၊ ဇူလိုင် ၃ ရက်မှာ မိုင်တစ်ရာတဲစုကျေးရွာ၊ ဇူလိုင် ၆ ရက်မှာ သဲကြမ်းတဲစုကျေးရွာတို့ကို ပြန်လည် သိမ်းပိုက်ထိန်းချုပ်နိုင်ပြီး ဇူလိုင် ၇ ရက်မှာ ကလေးဝမြို့ထဲ ဝင်ရောက်နိုင်ခဲ့ကာ ကလေးဝ-ယာကြီး-မုံရွာ လမ်းကြောင်းတစ်ခုလုံးကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ တယ်လို့ စစ်အုပ်စုက အောင်ပွဲခံ သတင်းဖြန့်ပါတ

မုံရွာ – ယာကြီး – ကလေးဝ ကားလမ်း ပြန်လည် ထိန်းချုပ်နိုင်ပြီမို့ မုံရွာကတဆင့် ကလေးဝ-ကလေး-ဖလမ်း-ဟားခါး-ထန်တလန်၊ ကလေးဝ-ကလေး-တီးတိန်-တွန်းဇံနဲ့ ကလေးဝ – မုံရွာ – မန္တလေးမြို့တွေ ဆီ ဆက်သွယ်သွားလာနိုင်မှာ ဖြစ်ပြီး အိန္ဒိယ-မြန်မာ ကုန်စည် စီးဆင်းမှုနဲ့ ဒေသတွင်း ကုန်စည် ပို့ဆောင်မှုတွေ အခက်အခဲ မရှိ ပြန်လည် အသုံးပြုနိုင်တော့မယ်လို့ စစ်အုပ်စုက သတင်းစာတွေမှာ ဖော်ပြပါတယ်။
“ကလေးဝ-ယာကြီး-မုံရွာ လမ်းကြောင်းသည် ၁၁၅ မိုင်ရှည်လျားပြီး နိုင်လွန်ကတ္တရာ အမျိုးအစား လမ်းဖြစ်ကာ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ကုန်စည်စီးဆင်းမှုအတွက် အလွန်အရေးပါလှသည့် နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းတစ်ခုဖြစ်သော တမူး-ကလေး လမ်းကြောင်းမှတစ်ဆင့် မုံရွာ-မန္တလေး လမ်းကြောင်းသို့ တိုက်ရိုက် ချိတ်ဆက်ပေးသောကြောင့် ကုန်စည်စီးဆင်းရန် အချိန်ကုန်သက်သာ၍ မြန်ဆန် ချောမွေ့လှသည့် ဆက်သွယ်ရေး လမ်းကြောင်းတစ်ခုလည်း ဖြစ်သည်” လို့ စစ်အုပ်စုက သတင်းစာမှာ ဖော်ပြပါတယ်။

မုံရွာကနေ မုံရွာ – ယာကြီး – မင်းကင်း – ကလေးဝ လမ်းတလျှောက် စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုဟာ ကလေးဝမြို့အထိ ဝင်ရောက်ပြပေမယ့် မင်းကင်းနယ် လမ်းပိုင်း တချို့နေရာတွကို တော်လှန်ရေး အင်အားစုက ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်တယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်အုပ်စု အနေနဲ့ သုံးနှစ်ကျော် လက်လွှတ်ထားရတဲ့ မုံရွာ – ယာကြီး – ကလေးဝ ကားလမ်းပေါ် ခြေချခွင့် ပြန်ရပေမယ့် လမ်းပိုင်းကို အပြည့်အဝ ထိန်းချုပ်နိုင်ဖို့တော့ ခက်ခဲနိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပါတယ်။ စစ်အုပ်စု အနေနဲ့ အာဏာသိမ်းပြီး ငါးနှစ်ကျော် ကြာချိန်အထိ မန္တလေး – မုံရွာ – ရွှေဘို ကားလမ်းကိုပင် အပြည့်အဝ မစိုးမိုးမထိန်းချုပ်နိုင်သေးဘဲ ဖြစ်နေရာ သုံးနှစ်ကျော်ကြာ ခြေချခွင့်ပင် မရခဲ့တဲ့ လမ်းပိုင်းကို အပြည့်အဝ ထိန်းချုပ်ဖို့ဆိုတာ ခက်ခဲလိမ့်မယ်လို့ ဆိုပါတယ်။
တချိန်တည်းမှာပဲ ကလေး – တမူး လမ်းကို ပြန်လည် စိုးမိုးနိုင်ရေးအတွက်လည်း စစ်အုပ်စုဟာ ၂၀၂၅ က စတင်ပြီး အကြိမ်ကြိမ် အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။ ၂၀၂၅ခုနှစ် ဩဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာလတွေအတွင်း စစ်အုပ်စုက ထိုးစစ်ဆင်လို့ ကလေး – တမူး လမ်းတလျှောက် စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ လေးလကြာ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ရာ စစ်အုပ်စု ၄၀ ကျော် သေဆုံးတယ်လို့ ဒေသခံ တော်လှန်ရေး တပ်တွေက ပြောပါတယ်။

ယခု ၂၀၂၆ ဇွန်လအတွင်း စစ်အုပ်စုက တကျော့ပြန် ထိုးစစ်ဆင် တာကြောင့် ဇွန်လ ပထမပတ်က စတင်ကာ ကလေး – တမူး လမ်းတလျှောက် တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဆိုပါတယ်။
လက်ရှိ စစ်အုပ်စုရဲ့ ထိုးစစ်ကြောင့် တော်လှန်ရေးအင်အားစုတွေ သုံးနှစ်နီးပါး သိမ်းပိုက်ထားတဲ့ ကလေး – တမူး လမ်းပေါ်ရှိ ကလေးမြို့နယ် ရာဇဂြိုဟ်ကျေးရွာ၊ ကံသာယာ၊ ၅၆ မိုင်၊ ကျွန်းတောရေရှင်၊ ခါမ်းပါတ်မြို့၊ အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) စခန်းတွေ လက်လွတ်ခဲ့ရပါတယ်။
“ကလေး – တမူးလမ်းကတော့ ခါမ်းပါတ်ပါ ပေးလိုက်ရပြီ။ ထိတွေ့မှုက လမ်းကြောင်း တလျှောက်မှာ ဖြစ်တော့ ဖြစ်နေတုန်းပဲ။ စစ်ကြောင်းက ကလေး – တမူးကို ညှပ်ထိုးနေတဲ့ အခြေအနေပဲ” လို့ စစ်ရေး သတင်းရင်းမြစ်က MFP ကို ပြောပါတယ်။
စစ်အုပ်စု အနေနဲ့ တိုက်ပွဲမှာ အသေအပျောက် များလည်း စစ်ကူအင်အား ထပ်ဖြည့်ကာ အသေခံ ရှေ့ဆက်တိုးနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“အခုက လူထုတ်စက် ရှိသလို ပေါ်တာဆွဲပြီး စစ်မှုထမ်းတွေနဲ့ ထပ်ဖြည့်နေတာ”
ကလေး – တမူး လမ်းပိုင်းကို စစ်အုပ်စု အနေနဲ့ အပြည့်အဝ မထိန်းချုပ်နိုင်သေးပေမယ့် အသေခံ ရှေ့ဆက် တိုးနေသလို လေကြောင်းဗုံးကြဲတာတွေကြောင့် တမူးမြို့ဆီ တရွေ့ရွေ့ ချဉ်းကပ် လာနိုင်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ကလေး – တမူးလမ်းပေါ်ရှိ ခါမ်းပါတ်၊ ကနန်၊ ဝိတုတ် စတဲ့ ကျေးရွာအနီး တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေဆဲလို့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
“တမူးနဲ့ ကလေးက မိုင် ၈၃ မိုင်ဝေးတယ်။ ကလေး-ကလေးဝက ၂၄ မိုင်ဝေးတယ်။ ကလေးဝကနေ မုံရွာထိက မိုင် ၁၀၀ ကျော် ဝေးတယ်။ အဲ့ဒီလမ်းတွေမှာက ကလေးဝနဲ့ ကလေး လမ်းတလျှောက်မှာက တော်လှန်ရေး သမားတွေက မရှိဘူး၊ စစ်တပ် စိုးမိုးထားတာ၊ မုံရွာနဲ့ ကလေးဝထိ (စစ်အုပ်စု) ထိန်းချုပ်လိုက်နိုင်ပေမယ့် ကလေး-တမူးလမ်းမှာတော့ တိုက်ပွဲက ဆက်ဖြစ်နေတယ်”
စစ်အုပ်စုဟာ အာရှလမ်းမကြီးတလျှောက် ပြန်လည် ခြေချခွင့်ရပြီးနောက် ယခင် တပ်စွဲခဲ့ဖူးတဲ့ နေရာတွေ ဖြစ်တဲ့ မင်းကင်းမြို့နယ်ရှိ ကျော်ရွာ၊ ကြာပင်၊ မအူ စတဲ့ ကျေးရွာတွေနဲ့ ကလေး-တမူး လမ်းမှာတော့ ၅၆မိုင်၊ ရန်မျိုးအောင်၊ ရာဇဂြိုဟ်၊ ပန်းသာ စတဲ့ ကျေးရွာတွေထဲ ပြန်လည် စခန်းချ နေရာယူထားတယ်လို့ ဆိုပါတယ်။

အဲ့ဒီ စခန်းဟောင်းနေရာတွေမှာ ပြန်လည် နေရာယူထားတဲ့ စစ်အုပ်စုကို တော်လှန်ရေးအင်အားစုတွေက မကြာခဏ ဝင်ရောက်တိုက်ခိုက်တာတွေ ရှိပြီး အောင်ပွဲတချို့ ရရှိထားတာရှိတယ်လို့ ကလေးဒေသ စစ်ရေး သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“စစ်တပ်က တပ်တွေ စွဲထားပေမယ့် ရေရှည်မှာတော့ အထိုင်ချဖို့ မလွယ်ပါဘူး၊ ရိက္ခာသယ်တဲ့ လမ်းကြောင်းတွေ ဖြတ်တောက် တိုက်တော့ လက်နက်တွေ ရထားတာ ရှိတယ်၊ ကိုယ်က တိုက်လိုက်၊ သူက တိုက်လိုက်၊ ဆုတ်လိုက်တက်လိုက် အခြေအနေပဲ”
- စစ်အုပ်စု စစ်ကြောင်းထိုးချိန် ဒေသခံ အရပ်သားပြည်သူတွေ ကြုံရတဲ့ ကံကြမ္မာနဲ့ သောက
အိန္ဒိယ – မြန်မာ နယ်စပ်ကုန်သွယ်ရေးရဲ့ အရေးပါတဲ့ အာရှလမ်းမကြီး ပြန်ရရေး ထိုးစစ်ဆင်တဲ့ စစ်အုပ်စုဟာ အလွန်အကျွံ လေကြောင်းအသုံးပြုကာ မြို့၊ရွာတွေကို ဗုံးပတ်ကြဲသလို ဒေသခံ ပြည်သူတွေကို ဖမ်းဆီးပြီး ဓားစာခံ လူသားဒိုင်းအဖြစ် အသုံးချတာ၊ သတ်ဖြတ်တာ၊ ရိက္ခာအတွက် ပြည်သူပိုင် ပစ္စည်းတွေကို လုယက်ခိုးယူ စားသောက်တာ၊ နေအိမ်တွေ ဖောက်ထွင်းပြီး တန်ဘိုးရှိ ပစ္စည်းတွေ ခိုးယူကာ ရွာမီးရှို့တာတွေ ထင်တိုင်းကျဲ ကျူးလွန်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေလနဲ့ ဇွန်လအတွင်း ကနီနယ်၊ မုံရွာ – ယာကြီး ကားလမ်းတလျှောက် စစ်ကြောင်းထိုးချိန် စစ်အုပ်စုက ဆယ်ချီတဲ့ ပြည်သူတွေကို ဖမ်းဆီးပြီးနောက် ပစ္စည်းတွေ ထမ်းပိုးသယ်ဆောင်ခိုင်းသလို ဓားစာခံ လူသားဒိုင်း အဖြစ် အသုံးချခဲ့ပြီး ဖမ်းဆီးခံပြည်သူတွေထဲက လေးဦးကို သတ်ဖြတ်ကာ အလောင်း စွန့်ပစ်ခဲ့တယ်လို့ ကနီနယ်ခံတွေက ပြောပါတယ်။
စစ်အုပ်စုဟာ မုံရွာ – ယာကြီး လမ်းတလျှောက်ကို ယင်းမာပင်နယ် ဘန့်ဘွေးရွာ ပျူစခန်းနဲ့ ကနီမြို့ကနေ နှစ်ဖက်ညှပ် စစ်ကြောင်းထိုးတာ ဖြစ်ပြီး လမ်းပိုင်းကို ပြန်လည် စိုးမိုးနိုင်ပြီးနောက် ကနီနယ် ချောင်းမရွာထဲမှာလည်း အင်အား ၂၅၀ အထိုင်ချထားတယ်လို့ ဆိုပါတယ်။
“ကနီနယ်မှာတော့ ထိတွေ့မှု အားနည်းတယ်။ ချောင်းမ(ရွာ)ကနေ ဝင်လိုက်၊ ထွက်လိုက်၊ ဇီးပင်တန်း သွားတာတို့၊ ပြည်သူပိုင်ပစ္စည်းတွေ သယ်တယ်။ နောက်တန်းကို ပြန်ပို့တယ်၊ နောက်တန်းဆိုတာက ဘန့်ဘွေးပျူရွာ၊ နမခဘက်။ ရိက္ခာတွေ လှည့်သယ်နေတာ၊ ယင်းမာပင်မှာလည်း အဲဒီလိုပဲ။ ပြည်သူပိုင် သေတ္တာတွေ၊ ရေခဲသေတ္တာတွေ၊ ဆိုင်ကယ်၊ စက်ဘီး၊ ထော်လာဂျီ၊ ကား အကုန်သယ်တာ။ ဓားစာခံ ဖမ်းတာတွေလည်း ရှိတယ်၊ သတ်ပစ်တာလည်း ရှိတယ်”
ကနီနယ်ထဲ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုဟာ ဒေသခံပြည်သူ လေးဦးကို သတ်ဖြတ်စွန့်ပစ်ခဲ့ပြီး ကျေးရွာ ၁၀ ရွာထက်မနည်း မီးရှို့ ဖျက်ဆီးခဲ့သလို အနည်းဆုံး ရွာ ၂၀ ကိုလည်း ဖောက်ထွင်းခိုးယူ လုယက်ခဲ့ပြီး ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကနီနယ်ရှိ ဖောက်ထွင်းခိုးယူလို့ ရသမျှ ခိုးရာပါ ပစ္စည်းတွေကို ယင်းမာပင်နယ် ဘန့်ဘွေးရာ ပျူစခန်းထဲ စုဆောင်းထားပြီး လူအချိန်းအပြောင်း လုပ်ချိန်တိုင်း မုံရွာမြို့ နမခ ကို သယ်ထုတ်နေတာလို့ ဆိုပါတယ်။
“ကနီနယ်က ပြည်သူပိုင်ပစ္စည်းတွေကို ဘန့်ဘွေးပျူရွာ (ယင်းမာပင်နယ်) ပြန်ပို့တယ်၊ နမခက ကားကြီး တွေနဲ့ လာသယ်ရင်း စစ်သားအင်အားပါ ပို့ခဲ့တယ်” လို့ ကနီနယ်ခံ စစ်ရှောင်အမျိူးသားတစ်ဦးက ပြောပါတယ်။

ယခုတစ်ကြိမ် ကနီနယ်ထဲ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုဟာ တွေ့သမျှပစ္စည်းကို ရသလောက် ဖောက်ထွင်း ခိုးယူတာကြောင့် အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်ပြေးလာရတဲ့ ပြည်သူတွေမှာ ဆုံးရှုံး နစ်နာမှု များတယ်လို့ ဆိုပါတယ်။
“တွေ့သမျှအိမ်တိုင်း ဖောက်ထွင်းခိုးယူတယ်။ သူတို့ (စစ်အုပ်စု) လာပြီး ပြန်သွားမှာပဲဆိုပြီး (ရွာခံတွေက ပိုင်ဆိုင်သမျှပစ္စည်း) သိပ်မသယ်ကြဘူး၊ သူတို့က မြေပဲတွေ သယ်(ခိုးယူသယ်ထုတ်)၊ ဆန်အိတ်တွေ သယ်၊ ဝက်တွေ သတ်စားပဲ” လို့ အထက်ပါ စစ်ရှောင်အမျိုးသားက MFP ကို ပြောပါတယ်။
စစ်အုပ်စု ရန်ကြောင့် မုံရွာ – ယာကြီး ကားလမ်းတလျှောက် အပါအဝင် ကနီနယ် ကျေးရွာ ၃၀ ကျော်က ပြည်သူ ၂၅,၀၀၀ ကျော် စစ်ဘေးရှောင် ထွက်ပြေးနေရတာ သုံးလကြာ ရှိလာပြီ ဖြစ်ပါတယ်။ သောင်းချီတဲ့ ပြည်သူတွေဟာ ကျေးရွာအတွင်း မနေဝံ့ဘဲ တောတိုက်တွေမှာ ခိုလှုံနေရပြီး စားသောက်၊ နေထိုင်ရေး ခက်ခဲကာ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ ကိုယ်တိုင်ကြုံနေရသူတွေက ပြောပါတယ်။
“တကယ်ကို ဒုက္ခရောက်နေကြတယ်။ တချို့ကျတော့လည်း အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ (ထွက်ပြေးလာကြရတော့) စားရေးသောက်တာ ဒုက္ခရောက်ကြတယ်။ ဆန်၊ဆီ၊ဆား စားနပ်ရိက္ခာ ပြတ်နေကြတယ်” လို့ စစ်ဘေးရှောင်နေရသူ အိမ်ထောင်ဦးစီး အမျိုးသားတစ်ဦးက ပြောပါတယ်။

ဧပြီလကုန်ပိုင်းကနေ ယခု ဇူလိုင်လအထိ စစ်အုပ်စုက ကနီနယ်ထဲ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့၊ ပြည်သူပိုင်ပစ္စည်းတွေကို လိုက်လံခိုးယူနေဆဲလို့ ဆိုပါတယ်။
ဇူလိုင် ၁၁ရက်က ကနီနယ် ယက္ကန်းတိုင်ရွာကို စစ်အုပ်စု ရုတ်တရက် ဝင်စီးရာ ရွာခံတွေနဲ့ စစ်ရှောင် ပြည်သူတွေ ပိတ်မိကာ ဖမ်းဆီးခံရပြီး စစ်အုပ်စုက ပြည်သူတွေကို မသတ်ဘဲ ချော့မော့စည်းရုံးကာ ညနေပိုင်းမှာ ပြန်လွတ် ပေးပြီးနောက် ကျေးရွာအတွင်းရှိ စျေးဆိုင်နဲ့နေအိမ်တွေကိုတော့ ဖောက်ထွင်းကာ တန်ဘိုးရှိပစ္စည်းတွေ ခိုးယူသယ်ထုတ်သွားတယ်လို့ ဆိုပါတယ်။
“စစ်ရှောင်တွေကိုတော့ စည်းရုံးရေးစကားပဲ ပြောပြီး ရွာတွေ ပြန်ကြဖို့ ပြောတယ်။ ရန်မပြုဘူး၊ အေးဆေး ပြန်ကြဖို့ပဲ ပြောသွားတယ်၊ ရွာထဲက ပစ္စည်းတွေကိုတော့ ခိုးယူသွားတယ်”လို့ ဒေသခံ အမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။
အဲ့ဒီ ကနီနယ် ယက္ကန်းရွာကို စီးနင်းလုယက်တဲ့ စစ်အုပ်စုက လူသတ်၊ မီးရှို့တာမျိုး သူတို့အဖွဲ့က မလုပ်ဘဲ ယခင် စစ်ကြောင်းတွေကသာ လုပ်တယ်ဆိုတဲ့ သဘောမျိုးနဲ့ ချော့မော့ စည်းရုံးတာလို့ ဆိုပါတယ်။ ဒါပေမယ့် ကနီနယ်ထဲရှိ စစ်အုပ်စုဟာ ရိက္ခာပြတ်ပြီး ငတ်လာတိုင်း ရွာတွေကို စီးနင်းလုယက်၊ ဖောက်ထွင်းခိုးယူနေတယ်လို့ ဆိုပါတယ်။
“ရိက္ခာပြတ်တိုင်း ရွာတွေဝင်ပြီး ပတ်ခိုး၊ လုယက်နေတာ၊ ယက္ကန်းတိုင်ရွာဆို သိန်း ၁၅၀ဖိုးလောက် ရှိမယ်၊ စျေးဆိုင်တွေ ရှိတာတွေ ယူတယ်၊ ရွာထဲ အိမ်တွေက ဆန်၊ဆီတွေပါ သယ်သွားတာ” လို့ အထက်ပါ ဒေသခံက ပြောပါတယ်။

ကနီနယ်က တက်လာတဲ့ စစ်အုပ်စုဟာ ဇွန်လအတွင်း မင်းကင်းနယ်ထဲ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့ခဲ့ပါတယ်။
သစ်ခေါင်းတီးရွာ အပါအဝင် မင်းကင်းနယ် ကျေးရွာတချို့ကို စစ်အုပ်စုက စီးနင်းလုယက် မီးရှို့ ဖျက်ဆီးပြီး ပြည်သူပိုင် မျိုးစပါး၊ ပဲ၊ နှမ်း စတာတွေကို ခိုးယူသွားလို့ ဒေသခံတောင်သူလာ်သမားတွေ သီးနှံစိုက်ပျိုးဖို့ပါ ခက်ခဲနေတယ်လို့ စစ်ရှောင် အကူအညီပေးသူတွေက ပြောပါတယ်။
စစ်အုပ်စု ရန်ကြောင့် မင်းကင်းမြို့နယ်ရှိ ကျေးရွာ ၃၀ ခန့်က သောင်းနဲ့ချီတဲ့ ပြည်သူတွေ ထွက်ပြေးနေရပါတယ်။ မင်းကင်းနယ်ဟာ လမ်းပန်းဆက်သွယ်ရေလည်း ခက်ခဲပြီး စစ်ရှောင် ပြည်သူတွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ ဒေသခံ စစ်ရှောင်အရေးကူညီနေသူ တစ်ဦးက ပြောပါတယ်။
“အခုက လမ်းတွေက ပိတ်ထားတယ်။ ကလေးဝလမ်းလည်း သွားလို့ မရဘူး၊ ရေကြောင်းကလည်း မုံရွာကနေ ချင်းတွင်းမြစ်အတိုင်း စစ်တပ်က စစ်ကြောင်းထိုးနေတယ်။ လမ်းတွေက အကုန်ပိတ်၊ လူနာတွေက (ဆေးကုခွင့်မရ) ဒီအတိုင်းပဲ၊ အယောက် ၃၀ လောက် ရှိတယ်။ နာတာရှည်တွေ၊ ဖျားတာတွေကော၊ မွေးခါနီးတွေကလည်း ဆရာ မရှိ၊ ဆေးမရှိတော့ လက်သည်နဲ့ မွေးကြရတာ “

- ကလေး – တမူး လမ်းမှာတော့ လူပိုသတ်ပြတဲ့ စစ်အုပ်စု
ကလေး-တမူးလမ်းတလျောက် စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုဟာလည်း ဇွန်လအတွင်း အမျိုးသမီးတွေ အပါအဝင် ဒေသခံ အရပ်သားပြည်သူ ၁၈ ဦးထက်မနည်းကို သတ်ဖြတ်ခဲ့ပါတယ်။ သေဆုံးစးတွေဟာ တမူးမြို့နယ် နန်းမွန်းတားကျေးရွာအနီး ဆိုင်ကယ်နဲ့ဝက်သားရောင်းတဲ့ အမျိုးသားနှစ်ဦး၊ စစ်အုပ်စု ဗုံးကြဲလို့ ခါမ်းပါတ်က အမျိုးသား နှစ်ဦးနဲ့ ကလေးမြို့နယ်က အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးနှစ်ဦး၊ စစ်ကြောင်းထိုးရင်း ဖမ်းဆီးသတ်ဖြတ်ခံရသူ ကလေးမြို့နယ်က အမျိုးသားလေးဦးနဲ့ အမျိုးသမီး ခြောက်ဦးတို့ ဖြစ်ပါတယ်။ စစ်ကြောင်းထိုးရင်း ဖမ်းဆီးသတ်ဖြတ်ခံရသူ ၁၀ ဦးဟာ ကလေးမြို့နယ် ကံကြီး၊ ကံသာယာ၊ ခုံသာကျေးရွာတွေနဲ့ မြို့ပေါ် အောင်သစ္စာရပ်ကွက်က ဖြစ်ပြီး ခြောက်ဦးပဲ အလောင်းပြန်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်၊
ဒါ့အပြင် ကလေး – တမူး လမ်းတလျှောက် နောက်ထပ် ဒေသခံ ၃၀ကျော်ကိုလည်း စစ်အုပ်စုက ဖမ်းဆီးထားပြီး လမ်းပြဓါးစာခံအဖြစ် အသုံးချနေသလို ကလေးမြို့နယ်ရှိ အရှေ့ခုံသာနဲ့ အနောက်ခုံသာ ရွာ၊ တမူးမြို့နယ်ရှိ ခါမ်းပါတ်နဲ့ ကံမ္မကြီးရွာတွေကို မီးရှို့ဖျက်ဆီးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စု ရန်ကြောင့် ကလေး – တမူးလမ်း တမူးမြို့နယ်ရှိ ခွန်မွန်းနွမ်၊ နန်မွန်းတား၊ ကနန်၊ ခါမ်းပါတ်၊ ဝိတုတ်၊ ရန်ငြိမ်းအောင်၊ ကျွန်းတောရေရှင်၊ ဖက်ယားရေရှင် စတဲ့ ကျေးရွာတွေနဲ့ ကလေးမြို့နယ်ရှိ ကံကြီး၊ ကံသာယာ၊ နန်းစောင်းပု၊ ၅၆ မိုင်၊ ရန်ငြိမ်းအောင်၊ ခုံသာ၊ စတဲ့ ကျေးရွာတွေက သောင်းချီတဲ့ ပြည်သူတွေ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။
စစ်ဘေးရှောင်တွေထဲ ကိုယ်ဝန်ဆောင်မိခင်၊ သက်ကြီးရွယ်အိုနဲ့ နာမကျန်းသူတွေ ပါဝင်ပြီး ဆေးဝါးနဲ့ အစားအသောက်တွေ လိုအပ်နေတယ်လို့ ဒေသတွင်း စစ်ရှောင် ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူ တမူးနယ်ခံတစ်ဦးက ပြောပါတယ်။
“တမူး လမ်းမကြီးကတော့ အကုန်နီးပါး ရှောင်ကြတယ်။ အိန္ဒိယ ပြေးသူက ပြေး၊ ကလေးမြို့ ပြေးသူက ပြေး၊ အများစုကတော့ အိန္ဒိယဘက်ကို ပြေးကြရတာ”

- အာရှလမ်းမကြီးက တကယ်ပဲ ကုန်သွယ်နိုင်တော့မလား
စစ်အုပ်စုက မုံရွာကနေ တမူးမြို့အထိ ကားလမ်းကို အပြည့်အဝ စိုးမိုးထိန်းချုပ်နိုင်ပြီ ဆိုစေဦးတော့ ယာကြီးနဲ့ ကလေးဝကြား၊ ကနီနဲ့ မင်းကင်းနယ်ထဲ လမ်းပြင်တာတွေ မပြီးသေးလို့ အာရှအဝေးပြေး လမ်းမကြီးကို လတ်တလော အသုံးပြုနိုင်မှာ မဟုတ်သေးဘဲ အချိန်ယူရလိမ့်ဦးမယ်လို့ ဒေသတွင်း စောင့်ကြည့်သူတွေက ပြောပါတယ်။
အာရှလမ်းမကြီးရဲ့ အစိတ်အပိုင်းဖြစ်တဲ့ ကလေး – ကလေးဝ – ယာကြီး – မုံရွာ လမ်းပိုင်းကို ၂၀၁၂ ခုနှစ်ကတည်းက အဆင်မြင့်တင် ဖောက်လုပ်ခဲ့နေတဲ့ အိန္ဒိယ လမ်းအဖွဲ့အနေနဲ့ လမ်းပိုင်းရဲ့ ၇၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီလို့ အိန္ဒိယ အာဏာပိုင်တွေက ပြီးခဲ့တဲ့ ၂၀၂၅ အတွင်း ထုတ်ဖော်ပြောဆိုထားပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် လမ်းစီမံကိန်း ဆောင်ရွက်ရာမှာ အခက်အခဲတွေ ရှိနေပြီး လာမယ့် နှစ်နှစ်၊ သုံးနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်ဖို့ ရည်မှန်းထားတယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။
အိန္ဒိယရဲ့ လမ်းပိုင်း ပြုပြင်ဖောက်လုပ်မှုဟာ တံတား ၉ စင်း တည်ဆောက်မှု အပါအဝင် ကလေးမြို့နယ် ကျီးကုန်းကျေးရွာကနေ ကလေး – ကလေးဝ လမ်းမကြီးအတိုင်း ၂၀၂၅ ခုနှစ်ကတည်းက မင်းကင်းနယ်ကို ရောက်ရှိနေပြီဖြစ်ပေမဲ့ မင်းကင်းနယ် ကျော်ရွာအနီးမှာ လမ်းပြင်ဆင်တာ ရပ်ထားတာ တွေ့ရတယ်လို့ စောင့်ကြည်သူတစ်ဦးက ပြောပါတယ်။
“တမူး – ကလေးလမ်းက တံတားတွေက မပြင်နိုင်သေးဘူး။ တံတားတွေ အကုန်လုံးက သံတံတားတွေ၊ အကုန်ယိုင်နဲ့နဲ့ ဖြစ်နေတာကြာပြီ။ ကျီးကုန်းကနေ ခင်းတာကတော့ မင်းကင်းက ကျော်ရွာနား ရောက်လာပြီ။ အိန္ဒိယ လမ်းပြင်တဲ့သူတွေက မင်းကင်း – ယာကြီးလမ်းက တောင်စာရေးရွာ ထိပ်မှာ ဆိုဒ် (လုပ်ငန်းခွင်) တစ်ခု ရှိတယ်၊ အဲဒါကနေ လမ်းတွေခင်းတာ၊ ကျော်ရွာအထိတော့ ပြီးပြီ”

အိန္ဒိယ – မြန်မာ – ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းကို ၂၀၀၀ ပြည့်လွန် နှစ်တွေကတည်းက စတင် ဖောက်လုပ်ခဲ့ပြီး ၂၀၁၅ မှာ အပြီးသတ်ဖို့ လျာထားကာ ထိုင်းနဲ့ အိန္ဒိယဘက်မှာ အဆင့်သင့်ဖြစ်နေပြီ ဖြစ်ပေမယ့် မြန်မာနိုင်ငံတွင်း လမ်းပိုင်းပြုပြင်ရေး လုပ်ငန်းတွေ မပြီးပြတ်တာကြောင့် စီမံကိန်း အပြီး သတ်မယ့်ရက်ကို ၂၀၁၉ တစ်ခါပြောင်းပြီး လက်ရှိမှာ ၂၀၂၇ အထိ ပြောင်းလဲသတ်မှတ်ထားပါတယ်။
အိန္ဒိယဟာ မြန်မာနိုင်ငံရဲ့ စတုတ္ထမြောက် ပို့ကုန်အများဆုံး တင်ပို့တဲ့ နိုင်ငံဖြစ်သလို မြန်မာအတွက် ဆဋ္ဌမမြောက် သွင်းကုန်အများဆုံး တင်သွင်းတဲ့ နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံ ကုန်သွယ်မှုသည် နှစ်စဉ် ပျမ်းမျှ ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ခန့်ရှိတယ်လို့ စစ်အုပ်စုက ဆိုပါတယ်။
ဒါကြောင့် အိန္ဒိယရဲ့ ပမာဏများတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်တဲ့ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်းနဲ့ မုံရွာ – ကလေး – တမူး အာရှလမ်း စီမံကိန်းတွေကို လာမယ့် ငါးနှစ်အတွင်း အပြီးလုပ်ဖို့ မင်းအောင်လှိုင်က ဇွန် ၁၀ရက်မှာ သူ့ရဲ့လက်အောက်ငယ်သားတွေကို ခေါ်ယူပြောကြား ခိုင်းစေခဲ့ပါတယ်။
မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုဟာ သူ့တို့ကို နိုင်ငံတကာက လူရာသွင်းရေးအတွက် အိန္ဒိယရဲ့ အကူအညီ ရဖို့ ပြည်သူတွေကို သတ်ဖြတ်၊ ရွာမီးရှို့၊ ပေါ်တာဆွဲ စုဆောင်းထားတဲ့ စစ်သားသစ်နဲ့ စစ်ကြောင်းထိုးတာတွေ ဆက်လုပ်ကာ အိန္ဒိယကို မျက်နှာချိုသွေးဖို့ ကြိုးစားလိမ့်ဦးမယ်လို့ ချင်းပြည်နဲ့ စစ်ကိုင်း သတင်းတွေကို ဆယ်စုနှစ်ကျော် ရေးသားနေတဲ့ အိန္ဒိယအခြေစိုက် သတင်းထောက် တစ်ဦးက သုံးသပ်ပါတယ်။
“စစ်တပ်က သူ့အာဏာ တည်ဖို့ အရပ်သားတွေ၊ လူသားရင်းမြစ်တွေကို အသုံးချပြီး သွေးနဲ့ခင်း၊ ဒီလမ်းကို ဖွင့်ပါလိမ့်မယ်”

(ပုံစာ – မုံရွာ – ယာကြီး – ကလေးဝ – ကလေး – တမူး ကားလမ်းတလျှောက် စစ်ကြောင်းထိုးတဲ့ စစ်အုပ်စု၊ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတချို့မှာ သိမ်းဆည်း ရရှိတဲ့ ပစ္စည်းနဲ့ စစ်အုပ်စု ရန်ကြောင့် ထွက်ပြေးနေရတဲ့ ကနီနယ်ခံတွေ/Photo – Pyae Aung Naing FB, သုထက်၊ စစ်အုပ်စု)
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#စစ်ကိုင်း #အညာ #မုံရွာယာကြီးကလေးဝလမ်း #အိန္ဒိယနယ်စပ်ကုန်သွယ်ရေး



