အီသာရမ်/MFP၊ မေ- ၂၆
မကွေးတိုင်း၊ မြိုင်မြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုဟာ ကျေးရွာတွေက နေအိမ်တွေအပြင် တောတိုက်တွေထဲက စစ်ရှောင်တဲတွေကိုပါ မီးရှို့ဖျက်ဆီးမွှေနှောက်နေပြီး အဲဒီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်လို့ စစ်အုပ်စုဝင် တစ်ယောက်သေပြီး အများအပြားဒဏ်ရာရခဲ့ တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFPကို ပြောပါတယ်။
မေလ ၂၂ ရက်နေ့က ရေစကြိုမြို့ စစ်အုပ်စု အထိုင်တပ် ခလရ ၂၅၆ နဲ့ ၂၅၇ တပ်ရင်းတွေက ထွက်လာတဲ့ ခန့်မှန်းအင်အား ၁၅၀ ခန့်ပါတဲ့ စစ်ကြောင်းဟာ မြိုင်နယ် လင်းကတောရဲစခန်းကို ရောက်ရှိပြီး မေလ ၂၆ ရက်နေ့ ဒီနေ့မှာတော့ ချောက်တောင်းကျေးရွာက နေအိမ်တွေနဲ့ကျေးရွာအနီးက စစ်ရှောင်တဲတွေကိုပါ မီးရှို့ဖျက်ဆီးမွှေနှောက်နေတာဖြစ်ပါတယ်။
“မီးရှို့တာက တမြန်နေ့က လင်းကတော့ မြောက်ဘက်နားက မရိုးကန်တဲ့ ပြီးတော့ချောက်တောင်း ဒီနေ့ ချောက်တောင်းရွာကစစ်ရှောင်တဲတွေ ဘုန်းကြီးကျောင်းတွေ ဝင်မွှေနေတယ်” လို့ဒေသခံတစ်ဦးက ပြောပါတယ်။
မေလ ၂၅ရက် မနေ့ကတော့ တော်လှန်ရေးတပ်တွေက အဲဒီစစ်အုပ်စုစစ်ကြောင်းကို ချောက်တောင်းကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုဝင် တစ်ယောက်သေဆုံးကာ အများအပြား ဒဏ်ရရတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။
“မရိုးကန်ကထွက်လာတော့ ပစ်တာ နည်းနည်းရှိသေးတယ်။ မိုင်းဆွဲတာပဲရှိသေးတာ။ တိုက်ပွဲပြင်းပြင်းထန်ထန်တော့ မရှိသေးဘူး”လို့ သူကပြောပါတယ်။
အဲဒီစစ်အုပ်စုစစ်ကြောင်းကြောင့် လင်းကတောရဲစခန်းအနီးက ကျေးရွာတွေဖြစ်တဲ့ ဥယာဉ်ကျေးရွာ၊မရိုးကန်ကျေးရွာနဲ့ချောက်တောင်းကျေးရွာ အပါအဝင် အနီးအနားကျေးရွာတွေက ဒေသခံပြည်သူ ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မေလ ၂၃ ရက်နေ့ကလည်း စစ်အုပ်စုအထိုင်စခန်းတခုဖြစ်တဲ့ သရက်ကန်ပျူစောထီးစခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်လိုက်တာကြောင့် မြိုင်မြို့နယ်မှာ စစ်အုပ်စုအထိုင်စခန်းအဖြစ် လင်းကတောရဲစခန်း၊ကန်နီပျူစောထီးစခန်း၊မြိုင်မြို့ပေါ်အထိုင်စခန်း၊စက်မှု-၂ အထိုင်စခန်းနဲ့တွင်းမ ပျူစောထီးစခန်း ဆိုပြီး စစ်အုပ်စုအထိုင်စခန်း ၅ ခုသာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။
သရက်ကန်ပျူစောထီးစခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ပြီးနောက်မှာတော့ စက်မှု-၂ ကို စစ်အုပ်စုအင်အားတွေ ထပ်တိုးထားပြီး အနီးအနားကို စစ်ကြောင်းထိုးတာ၊ လက်နက်ကြီးနဲ့ ရမ်းပစ်တာနဲ့ ဒရုန်းနဲ့ဗုံးသီးချ တိုက်ခိုက်တာတွေကြောင့် ပြည်သူသေဆုံးတာတွေလည်း ရှိနေပါတယ်။
မေလ ၂၅ ရက်နေ့က မြိုင်နယ်ထဲ စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုကို တော်လှန်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်စဉ်/ ဓာတ်ပုံ -မြိုင်-ပကဖ



