စစ်ကိုင်းသတင်း

ဝက်လက်မှာ အသေခံဒရုန်းနဲ့ တိုက်ခိုက်လို့ အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရ၊စစ်အုပ်စုက စစ်ကိုင်း-ရွှေဘို ခရိုင်ချင်းဆက် ဗျူဟာလမ်းကို ပိတ်ဆို့ပြီး ခြံစည်းရိုးကာနေ

ရွှေဥ/MFP၊ မေ-၂၈

စစ်ကိုင်းတိုင်း ၊ဝက်လက်မြို့နယ် ၊ရေထွက်ရွာကို စစ်အုပ်စုတပ်တွေက မေ (၂၈) ရက် ဒီနေ့နေ့လည်ပိုင်းမှာ အသေခံဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့ တာကြောင့် အရပ်သားပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ နေအိမ်တချိုလည်း ပျက်စီးသွားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကိုပြောပါတယ်။

“ဒရုန်းအမျိုးအစားက အသေခံဒရုန်း ပါ ။နေ့ခင်းကတိုက်တာ ။အိမ်လည်း ပျက်စီးသွားတယ်”လို့ ဝက်လက်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်အုပ်စုဟာ ဝက်လက်မြို့နယ်အတွင်း လတ်တလော တော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အခုလို တိုက်ခိုက်သွားတာပါ။

မေလဆန်းပိုင်းတုန်းကတော့ ဝက်လက်မြို့နယ်အတွင်းက စစ်ကိုင်း-ရွှေဘို ခရိုင်ချင်းဆက်လမ်းနဲ့ မန္တလေး-စစ်ကိုင်း-မုံရွာလမ်းမကြီးတွေမှာ စစ်အုပ်စုတပ်တွေနဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲဖြစ်ပွားတာတွေ ရှိခဲ့ပါတယ်။

ဒါ့အပြင် စစ်အုပ်စုတပ်တွေက မေ (၂၀) ရက်နေ့က စတင်ကာ ဝက်လက်နယ် အရှေ့ခြမ်း သိမ့်ဆည်ကြီးကျေးရွာအနီးက စစ်ကိုင်း-ရွှေဘို ခရိုင်ချင်းဆက်လမ်း ကိုပိတ်ဆို့ကာ ခြံစည်းရိုး ကာရံနေတယ်လို့လည်း ဝက်လက်ဒေသခံ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

“သစ်ဆိမ့်ကြီးအနောက်က လမ်းမကြီးကို ခြံစည်းရိုးတွေ ခတ်နေတာ ။အဲ့ဒီလမ်းတလျှောက်ကို ခတ်တာ”လို့ သူကဆိုပါတယ်။

ဒီလို စစ်ကိုင်း-ရွှေဘို ခရိုင်ချင်းဆက် ဗျူဟာလမ်းကို ပိတ်ဆို့ပြီး ခြံစည်းရိုးကာရံနေတာကြောင့် အဆိုပါလမ်းကို အသုံးပြုသွားလာနေတဲ့ ဒေသခံပြည်သူတွေဟာ အခက်ခဲကြုံတွေ့နေရပြီး ကုန်စည်သယ်ယူပို့ဆောင်ဖို့လည်း အခက်ကြုံနေရတယ်လို့ ဝက်လက်မြို့‌ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“အဲ့ဒီလမ်းက ရှောင်ကွင်းလမ်းဆိုတော့ စရိတ်လဲသက်သာတယ်။ဟိုလမ်း (စစ်ကိုင်း -မုံရွာ -မန္တလေးလမ်း) က လမ်းမှာတောင်းတဲ့သူတွေ ပေးရလို့ ပိုက်ဆံပေးရတယ်။အဲ့ဒီလမ်းက ဖြတ်လမ်းဆိုတော့ သက်သာတယ်။အခုက သွားလို့ မရတော့ ကုန်တွေက စျေးတက်ကုန်တယ်”လို့ ဒေသခံအမျိုးသမီးက ဆိုပါတယ်။

ဝက်လက်မြို့နယ်အတွင်းမှာ စစ်အုပ်စု စစ်ကြောင်းထိုးလို့ သစ်ဆိမ့်၊ ငါးပတ်ချောင်း၊ ရှားကွဲ၊ ထုံးဘို၊ ကူကြီး၊ ရေကမိုး၊ မင်းရွာတောင်၊ ရေလည်မော်၊ ရွာသာ၊ နတ်မော်ဦး၊ အင်ဒေါင်း၊ လှေပို့ဆိပ်၊ ရွာသစ်၊ ကမ်းဖြူ စတဲ့ ကျေးရွာအပါအဝင် ကျေးရွာပေါင်း (၅၀) ကျော်က ဒေသခံထောင်သောင်းချီဟာ တောတောင်အတွင်း ထွက်ပြေးတိမ်းရှောင်နေရတာ တစ်နှစ်ကျော် ကြာပြီဖြစ်ပြီး အစားအသောက်နဲ့ ဆေးဝါးတွေ လိုအပ်ချက်တွေ ရှိနေတယ်လို့ အကူအညီပေးသူတွေက ပြောပါတယ်။

ဝက်လက်မြို့နယ်အတွင်းမှာတော့ စစ်အုပ်စုတပ်တွေ ပြီး ခဲ့တဲ့ ၂၀၂၅ ခုနှစ်ကနေ ၂၀၂၆ ခုနှစ် ဒီနေ့အထိ တိုက်ပွဲကြီးငယ် (၁၀၀)ကျော် ဖြစ်ပွားခဲ့ပြီး၊ စစ်အုပ်စုဝင် (၁၀၀)ကျော် သေဆုံးခဲ့ကာ လက်နက် အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့လည်း တော်လှန်ရေးအင်အားစုတွေ MFPကို ပြောကြားထားပါတယ်။

နိုင်ငံတဝန်းမှာတော့ အာဏာသိမ်းငါးနှစ်ကျော်အတွင်း စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုအပါအဝင် စစ်အုပ်စုသတ်ဖြတ်မှုကြောင့် ကလေးငယ် (၆၅၈) ဦးအပါအဝင် အရပ်သား (၅၁၈၈) ဦး သေဆုံးခဲ့ပြီးတော့ စစ်အုပ်စု မီးရှို့ဖျက်ဆီးလို့ အရပ်သားပိုင်နေအိမ် (၇၅၀၀၀) ‌ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)က ထုတ်ပြန်ထားပါတယ်။

ဝက်လက်မြို့နယ် ရေထွက်ရွာကို စစ်အုပ်စု အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်သွားစဉ် / ဓါတ်ပုံ – နွေဦးအောင်ပွဲ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

Mandalay_Free_Press_MFP

စစ်ကိုင်း #ဝက်လက် #ဗုံးကြဲ

Related Articles

Back to top button