
မြေပြင်စစ်ကြောင်း မဝင်နိုင်သေးတဲ့နေရာတွေ ဗုံးပတ်ကြဲတာဖြစ်ပြီး လေကြောင်းနဲ့ပဲ ထောက်ပို့နေ၊
လှိုင်း/MFP၊ မေ – ၃၀
မကွေးတိုင်းနဲ့ ချင်းပြည်စပ်၊ ဂန့်ဂေါခရိုင်၊ ယောဒေသတောင်ပိုင်းကို အင်အားသုံးကာ စစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်း စစ်အုပ်စုက ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်ထဲကို ဂျက်ဖိုက်တာ တိုက်လေယာဉ်၊ Y – 12 ထောက်ပို့လေယာဥ်တွေနဲ့ အချိန် တစ်နာရီကျော်ကြာအောင် ဗုံးပတ်ကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
မေလ ၂၈ ရက်၊ ည ၁၀ နာရီ ၄၅ မိနစ်ကနေ ၁၂ နာရီအထိ နေပြည်တော် အေလာလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာ တစ်စင်း၊ မန္တလေးမြို့ တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာ နှစ်စင်း စုစုပေါင်း တိုက်လေယာဉ် သုံးစင်း၊ Y-12 လေယာဉ်နဲ့ ကျောက်ထုတိုက်နယ်၊ လယ်ဆောကျေးရွာဝန်းကျင်ကို ဗုံးပတ်ကြဲခဲ့တာ ဖြစ်ပြီး ဗုံးမကြဲခင်မှာလည်း ကျောက်ထု အမြောက်တပ် (အမတ – ၃၆၈) ကနေ ကင်းထောက်ဒရုန်း တစ်စင်း ပျံဝဲခဲ့တယ်လို့ ဆိုပါတယ်။
“ဖိုက်တာ သုံးစင်းနဲ့ တစ်နေရာတည်းကို ဗုံး သုံးလုံး ပစ်တာ။ ဖိုက်တာတွေက ၁၅ မိနစ်လောက် ပျံပြီး ကြဲပြီးတော့ Y 12 နဲ့ ကျောက်ထု ပတ်ချာလည်ရော၊ ဆောမြို့နားရော ကြဲတာ အလုံးရေ ၅၀ လောက် ရှိတယ်။ ဗုံးကြဲတာ တစ်နာရီကျော် ကြာတယ်” လို့ ဒေသခံ အမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။
စစ်အုပ်စုက လေယာဉ်မျိုးစုံနဲ့ ဗုံးပတ်ကြဲတာကြောင့် ပြည်သူပိုင် ကားသုံးစီး၊ ဆိုင်ကယ်တစ်စီးနဲ့ ဆီပေပါ အလုံးရေ ၂၀ ထက်မနည်း မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရတဲ့အပြင် ဗုံးသီးကျရောက်ခဲ့တဲ့ ကတ္တရာလမ်းပိုင်းတချို့လည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
“တခါမှ ဒီလောက်ကြီး ကြဲတာမျိုး မကြုံတွေ့ရဖူးဘူး။ ညကကြဲသွားတာ နောက်တနေ့ ညနေအထိ မီးညွှန့်လေးက မကျိုးသေးဘူး” လို့ မြေပြင်အခြေအနေသိရှိတဲ့ အသက် ၆၅ နှစ်အရွယ် ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

စစ်အုပ်စုဟာ မေလ ဒုတိယပတ်က စလို့ ချင်းပြည်တောင်ပိုင်းနဲ့ ထိစပ်နေတဲ့ မကွေးတိုင်း၊ ယောဒေသ၊ ဆောမြို့နယ်ထဲ အင်အား ထောင်နဲ့ချီ အသုံးပြုကာ စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။
အဲ့ဒီ စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ရက်တွေအတွင်း ဆောနယ် တပြင်းကျေးရွာထဲ စီးနင်းအထိုင်ချကာ ကျောင်းထိုင်ဆရာတော်နဲ့ CDM ကျောင်းဆရာ အပါအဝင် ဒေသခံပြည်သူ ခြောက်ဦးထက်မနည်းကို သတ်ဖြတ်ခဲ့ပြီး ဖြစ်သလို နေအိမ်တွေ ဖောက်ထွင်းလုယက်ခိုးယူတာ၊ ရွာမီးရှို့တာတွေလည်း ထင်တိုင်းကျဲ ကျူးလွန်နေတာ ဖြစ်ပါတယ်။
လက်ရှိမှာ စစ်အုပ်စုက ဆောမြို့နယ်၊ တပြင်းကျေးရွာ၊ ကျောက်ထုအမြောက်တပ်ရင်း (အမတ – ၃၆၈) စတဲ့ နေရာတွေမှာ နေရာယူထားပြီး ရွာမီးရှို့၊ လူသတ်၊ လုယက်တာတွေ ဆက်လက် ကျူးလွန်နေသလို ချင်းပြည်ဘက် စစ်ကြောင်းထိုးဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
စစ်အုပ်စုက အင်အားသုံး ထိုးစစ်ဆင်လာလို့ ယောဒေသထဲ တိုက်ပွဲတွေ ဖြစ်ပွားနေသလို ရေရှည်တိုက်ပွဲတွေ ဖြစ်နိုင်တာကြောင့် ဒေသခံပြည်သူတွေ သတိထားကြဖို့၊ လေကြောင်းနဲ့ လက်နက်ကြီး အပါအဝင် စစ်အုပ်စုရဲ့ ဖမ်းဆီးသတ်ဖြတ်မှု အန္တရာယ်က ကင်းလွတ်ရေး စစ်ဘေးတိမ်းရှောင်ကြဖို့ ဒေသခံ တော်လှန်ရေးတပ်တွေက သတိပေးထားပါတယ်။

မေ ၂၇ ရက် နေ့လယ်ပိုင်းမှာ ကျောက်ထုအမြောက်တပ်ရင်း (အမတ – ၃၆၈) ထဲကို စစ်အုပ်စုရဲ့ Y8 လေယာဥ်တစ်စင်း ဆင်းသက်ကာ တပြင်းတိုက်ပွဲမှာ ဒဏ်ရာရရှိထားတဲ့ စစ်အုပ်စု တပ်ဖွဲ့ဝင် ၅၀ ကျော်ကို တင်ဆောင်သွားခဲ့တယ်လို့ ဒေသခံ စစ်ရေး သတင်းရင်းမြစ်တွေက ဆိုပါတယ်။
ဒါ့အပြင် မေ ၂၈ ရက် နေ့လယ်ပိုင်းမှာလည်း Y8 လေယာဥ်တစ်စင်းက ကျောက်ထု အမြောက်တပ်ရင်း (အမတ – ၃၆၈) ထဲကို ၁၂ ကြိမ်ဝန်းကျင် ပျံသန်းခဲ့ပြီး ရိက္ခာထုပ် အထုပ် ၄၀ ဝန်းကျင် ချထားပေးခဲ့သလို အဲ့ဒီ့နေ့ ညနေပိုင်းမှာလည်း ဆော – ကန်ပက်လက် အစပ်မှာ မကွေးလေတပ်က တက်လာတဲ့ Y-12 လေယာဥ်နဲ့ ရိက္ခာထုပ်တွေ ချထားပေးခဲ့ပါတယ်။
ယခုရက်ပိုင်းအတွင်း ကျောက်ထုအမြောက်တပ်ရင်း (အမတ – ၃၆၈) ကနေ မင်းတပ်မြို့ အရှေ့ခြမ်းကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ လုပ်ဆောင်နေပြီး ကျောက်ထုမြို့နဲ့ အနီးတဝိုက်က ကျေးရွာတွေပေါ်ကိုလည်း ကင်းထောက်ဒရုန်း ပျံဝဲတာတွေကို ခပ်စိပ်စိပ် လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“ကျောက်ထုတပ်ထဲရယ်၊ ဆော – ကန်ပက်လက် အစပ်မှာ ရောက်နေတဲ့ စစ်အုပ်စုကို ရိက္ခာတွေ ချပေးနေတာ။ ဒီမနက် (မေ ၃၀ ရက်) လည်း ဆော – ကန်ပက်လက် အစပ်မှာ Y12 နဲ့ ရိက္ခာတွေ ချပေးနေတယ်။ ရွာနီးချုပ်စပ်တွေကတော့ လက်နက်ကြီး၊ ဒရုန်း အကုန်ကြောက်နေကြရတယ်” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
မေ ၂၉ ရက် ညပိုင်းမှာလည်း ကျောက်ထုအမြောက်တပ်ရင်း(အမတ – ၃၆၈) ကနေ အင်အား ၈၀ ဝန်းကျင်ပါ စစ်ကြောင်းတစ်ကြောင်းက သန်းဦးချောက်ဘက် ဝင်ရောက်နေပြီး နောက်တစ်ကြောင်းမှာ မင်းတပ်မြို့ဘက်ကို ဦးတည်ထွက်ခွာနေတာကြောင့် ဆောမြို့နယ်၊ အညာ ငါး ရွာ အုပ်စုအတွင်ရှိ ပြည်သူတွေနဲ့ မင်းတပ်နယ်ဘက်ရှိ ဒေသခံတွေကို လုံခြုံရေးသတိ မြှင့်တင်ထားဖို့နဲ့ ဘေးကင်းရေး အစီအမံတွေကို ကြိုတင်ပြင်ဆင်ထားဖို့လို့ ဒေသတွင်း သတင်းတွေ ဖော်ပြနေတဲ့ ယောအလင်းတန်းက အသိပေး ဖော်ပြထားပါတယ်။
ယောဒေသကနေ ချင်းပြည်နယ်တောင်ပိုင်းကို စစ်ကြောင်းထိုးဖို့ ကြိုးစားနေတဲ့ အာဏာသိမ်း စစ်အုပ်စုဟာ နိုင်ငံတဝန်းကနေ ပေါ်တာဆွဲ စုဆောင်းထားတဲ့ စစ်သားသစ်တွေကို အသေခံတပ်သား အဖြစ် အသုံးချနေတယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။
ချင်းပြည်နယ်တောင်ပိုင်းရှိ ကန်ပက်လက်၊ မတူပီ၊ မင်းတပ်နဲ့ ကျင်ဒွေးမြို့တို့ကို ချင်းတော်လှန်ရေးတပ် ချင်းညီနောင် (CB- Chin Brotherhood) နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ်အတွင်းမှာ သိမ်းပိုက်ခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ စစ်အုပ်စုက အဲ့ဒီ့မြို့တွေကို ပြန်သိမ်းပိုက်နိုင်ဖို့ ပေါ်တာဆွဲထားသူတွေကို အသုံးချကာ အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်ထဲ စစ်အုပ်စုက လေယာဉ်တွေနဲ့ အချိန် တစ်နာရီကျော်ကြာ၊ ဗုံးအလုံးရေ ၅၀ ကျော် ကြဲလို့ ထိမှန်ပျက်စီးတဲ့ ပြည်သူပိုင် ကားတွေ/Photo – ဒေသခံ (ပေးပို့)
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #မကွေး #ချင်း #ယောဒေသဆောမြို့



