
ဆောနယ်မှာလည်း တိုက်ပွဲတွေ ဖြစ်၊
မကွေးကနေ ချင်းပြည်တောင်ပိုင်းကို စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုက တွေ့သမျှပြည်သူ ဖမ်းဆီး သတ်ဖြတ်၊ မြို့၊ရွာတွေ လုယက်၊ မီးရှို့၊ ဗုံးကြဲနေ၊
လှိုင်း/MFP၊ မေ – ၃၁
မကွေးတိုင်းနဲ့ ချင်းပြည်စပ်၊ ဂန့်ဂေါခရိုင်၊ ကျောက်ထုအမြောက်တပ်က ထွက်လာပြီး ချင်းပြည်ဘက် စစ်ကြောင်းထိုးဖို့ ကြိုးစားတဲ့ အာဏာသိမ်း စစ်အုပ်စုဟာ မေ ၃၀ ရက်၊ ဒီကနေ့ ညနေပိုင်းမှာ ချင်းပြည်၊ မင်းတပ်မြို့နယ်ထဲက ထင်ချောင်းနဲ့ ကြက်ဥတင် ကျေးရွာတွေကို စီးနင်းလုယက်၊ မီးရှို့ဖျက်ဆီးနေတယ် လို့ ဒေသခံတွေနဲ့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
မေ ၂၉ ရက်၊ ညပိုင်းမှာ ကျောက်ထုအမြောက်တပ်ရင်း(အမတ – ၃၆၈) ကနေ ထွက်လာတဲ့ စစ်အုပ်စု နှစ်ဖွဲ့အနက် မင်းတပ်မြို့ဘက် ဦးတည်စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုက မေ ၃၀ ရက်၊ ဒီကနေ့ နေ့လယ်ပိုင်းမှာ ထင်ချောင်းနဲ့ ကြက်ဥတင်ကျေးရွာတို့ကို စီးနင်းပြီးနောက် ဖောက်ထွင်းလုယက်ကာ ညနေပိုင်းမှာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာလို့ ဆိုပါတယ်။
“ဆောမြို့က အထွက်၊ မင်းတပ်မြို့နယ် အဝင်က ရွာတွေပါ။ ထင်ချောင်းလမ်းခွဲကနေ အပေါ်ကို တက်ရင် မင်းတပ်မြို့ပေါ် ရောက်သလိုပဲ။ ထင်ချောင်းက မင်းတပ်မြို့နဲ့ နီးတယ်။ စစ်ကြောင်းက မင်းတပ်နယ်ထဲကို စရောက်နေပြီလို့ ပြောလို့ရတယ်” လို့ မြေပြင်အခြေအနေ သိရှိတဲ့ ဒေသခံ အမျိုးသမီး တစ်ဦးက MFP ကို ပြောပါတယ်။

ကျောက်ထုအမြောက်တပ်(အမတ – ၃၆၈) ကနေ ထွက်လာတဲ့ အင်အား ၃၀၀ ဝန်းကျင်ပါ နောက်ထပ် စစ်ကြောင်းတစ်ကြောင်းဟာလည်း ဆောမြို့နယ်အတွင်းမှာရှိတဲ့ ခူးချောင်း၊ ကံချောင်းနဲ့ ကျောက်စစ် ကျေးရွာတွေကို စီးနင်းလုယက်နေပြီး ဒေသခံ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့လည်း ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“မနက်က (မေ ၃၀ ရက်) ခူးချောင်းကို စစ်အုပ်စုက ရှေ့ပြေးတွေ ရောက်လာတယ်။ Y12 နဲ့လည်း အထုပ်တွေ ချတယ်။ တိုက်ပွဲတွေလည်း ဖြစ်လာနိုင်တော့ ကံချောင်း၊ ခူးချောင်းနဲ့ အနီးနားက ရွာတွေက စစ်ရှောင် နေကြရတယ်” လို့ ယောဒေသတောင်ပိုင်းမှာ နေထိုင်နေတဲ့ အမျိုးသားတစ်ဦးက ဆိုပါတယ်။
လက်ရှိမှာ ကံချောင်း၊ ခူးချောင်း၊ လယ်ကြီးအိုင်နဲ့ ကျောက်စစ်ကျေးရွာ အပါအဝင် အနီးတဝိုက်မှာရှိတဲ့ ကျေးရွာတွေအနေနဲ့ စစ်ရှောင်နေကြရပြီး စစ်အုပ်စုက ကျောက်စစ်ကျေးရွာအတွင်းက ပြည်သူပိုင် ဆိုင်ကယ် အစီးရေ ၂၀ ဝန်းကျင်နဲ့ ကံချောင်းကျေးရွာက ပြည်သူပိုင် ဖောကားနှစ်စီး၊ အိမ်စီကား နှစ်စီး စုစုပေါင်း ကားလေးစီးကိုလည်း လုယက်သယ်ယူသွားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျောက်ထုအမြောက်တပ်(အမတ – ၃၆၈) ထဲက ထွက်လာတဲ့ စစ်အုပ်စုကလည်း တောင့်ထက်ကျေးရွာ မြောက်ဘက် တောအုပ်ထဲနဲ့ ကံကြီးကျေးရွာတလျှောက်မှာ အင်အား အလုံးအရင်းနဲ့ ဖြန့်ကြက်နေရာယူထားတဲ့အတွက် ချင်းပြည်နယ်ဘက်ကို စစ်ကြောင်းထိုးမယ့် စစ်အုပ်စု စစ်ကြောင်းကို ပစ်ကူပေးဖို့နဲ့ လိုအပ်ပါက စစ်ကူအင်အား ဖြည့်တင်းနိုင်ဖို့ အသင့်ပြင်ဆင်ထားတာ ဖြစ်နိုင်တယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေရဲ့ သုံးသပ်ချက်ကို ယောအလင်းတန်းက မေ ၃၀ ရက်၊ ညပိုင်းမှာ ဖော်ပြထားပါတယ်။
စစ်အုပ်စုဟာ မေ ၂၆ ရက်ကလည်း တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဆောမြို့နယ်၊ ရွာသာကျေးရွာကို စီးနင်းလုယက် ဖောက်ထွင်းခိုးယူကာ နေအိမ်တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် ရွာခံပြည်သူတစ်ဦးကိုလည်း သတ်ဖြတ်ခဲ့ပါတယ်။
ဒါ့အပြင် စစ်အုပ်စု စစ်ကြောင်းထိုးလာတဲ့ လမ်းကြောင်းတလျှောက်ရှိ ကျေးရွာတွေကို လက်နက်အားကိုးနဲ့ စီးနင်းဝင်ရောက်ကာ နေအိမ်တွေ ဖောက်ထွင်းခိုးယူပြီးနောက် ဖျက်ဆီးတာ၊ မီးရှို့တာတွေ ကျူးလွန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စုက ပြီးခဲ့တဲ့ မေလဆန်းပိုင်းကနေ စပြီး မကွေးတိုင်း လောင်းရှည်နဲ့ ပေါက်မြို့နယ်ဘက်ကနေ အင်အား ၆၀၀ ဝန်းကျင်စီ ပါရှိတဲ့ စစ်ကြောင်းနှစ်ကြောင်းနဲ့ ချင်းပြည်နယ်အစပ်၊ ယောဒေသတောင်ပိုင်းမှာရှိတဲ့ ဆောမြို့နယ်ကို ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီ့ ပထမစစ်ကြောင်းနှစ်ကြောင်းအနက် ဆောမြို့ပေါ် အရင်ရောက်ရှိခဲ့တဲ့ လောင်းရှည်မြို့ ကပစ ၂၅ က ထွက်လာတဲ့ စစ်ကြောင်းတစ်ကြောင်းက ကန်ပက်လက်မြို့နယ်ဘက်ကို စစ်ကြောင်းထိုးနေပြီး လက်ရှိမှာလည်း ကျောက်ထု အမြောက်တပ်(အမတ – ၃၆၈) က ထွက်လာတဲ့ စစ်ကြောင်းက မင်းတပ်မြို့နယ်ကို စတင် စစ်ကြောင်းထိုး ဝင်ရောက်နေတာ ဖြစ်ပါတယ်။

အဲ့ဒီ စစ်အုပ်စု စစ်ကြောင်းတွေဟာ တွေ့သမျှပြည်သူကို ဖမ်းဆီးသတ်ဖြတ် ရန်ပြုနေပြီး ယောဒေသတွင်း ကျောင်းထိုင်ဆရာတော်နဲ့ CDM ကျောင်းဆရာ အပါအဝင် စစ်အုပ်စု သတ်ဖြတ်စွန့်ပစ်ခဲ့တဲ့ အလောင်း ခြောက်လောက်းထက်မနည်း တွေ့ရှိထားရသလို စစ်အုပ်စုလက်ထဲ ဓားစာခံ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခံထားရသူတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ချင်းပြည်နယ်တောင်ပိုင်းရှိ ကန်ပက်လက်၊ မတူပီ၊ မင်းတပ်နဲ့ ကျင်ဒွေးမြို့တို့ကို ချင်းတော်လှန်ရေးတပ် ချင်းညီနောင် (CB- Chin Brotherhood) နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ်အတွင်းမှာ သိမ်းပိုက်ခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ စစ်အုပ်စုက အဲ့ဒီ့မြို့တွေကို ပြန်သိမ်းပိုက်နိုင်ဖို့ ပေါ်တာဆွဲထားသူတွေကို အသုံးချကာ အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

မကွေးနဲ့ ချင်းအစပ်၊ မင်းတပ်မြို့နယ်ရှိ ထင်ချောင်းနဲ့ ကြက်ဥတင်ရွာတို့ကို အာဏာသိမ်း စစ်အုပ်စုက လက်နက်အားကိုးနဲ့ စီးနင်းကာ ဖောက်ထွင်းလုယက်၊ မီးရှို့ဖျက်ဆီးနေစဉ်/Photo – HKI Mindat
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #မကွေး #ချင်း #မင်းတပ်



