
စစ်အုပ်စု ၈၀ ကျော် သေကာ လက်နက်ခဲယမ်းနဲ့ သုံ့ပန်းတွေ ရ၊
စစ်အုပ်စုက ရွာမီးရှို့၊ လူသတ်၊ လုယက်၊ ဗုံးကြဲလို့ သောင်းချီတဲ့ပြည်သူတွေ ထွက်ပြေးနေရ၊
လှိုင်း/MFP၊ မေ – ၃၁
ချင်းပြည်တောင်ပိုင်းရှိ စစ်ရှုံးနယ်မြေတွေ ပြန်ရရေးအတွက် စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်း စစ်အုပ်စုနဲ့ ဒေသခံတော်လှန်ရေးတပ်တွေ မကွေးနဲ့ ချင်းပြည်အစပ်၊ ယောဒေသ၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် ပုံတောင်နတ်ထိပ်မှာ ၁၀ရက်ကျော်အတွင်း တိုက်ပွဲအကြိမ် ၁၀၀ ကျော် ဖြစ်ပွားခဲ့ပြီး စစ်အုပ်စု ၈၀ ကျော် သေကာ လက်နက်ခဲယမ်းနဲ့ သုံ့ပန်းတွေ ဖမ်းဆီးရမိထားတယ်လို့ ယောတပ်တော် (YA) က သတင်း ထုတ်ပြန်ပါတယ်။
မေ ၁၁ ရက်မှာ မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ စစ်အုပ်စုရဲ့ လက်နက်စက်ရုံ ကပစ -၂၄ ကနေ ထွက်လာတဲ့ အင်အား ၄၀၀ ဝန်းကျင်ပါ စစ်အုပ်စု စစ်ကြောင်းနဲ့ မေ ၂၂ ရက်မှာ ကပစ -၂၄ ကနေ နောက်ထပ် ထွက်လာတဲ့ အင်အား ၉၀၀ ဝန်းကျင်ပါ စစ်ကြောင်း၊ စုစုပေါင်း အင်အား ထောင်ချီပါ စစ်အုပ်စုဟာ ယောဒေသ ပုံတောင်နတ်ထိပ်ကို ဝင်ရောက်လာတာကြောင့် ဒေသခံ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတာလို့ ဆိုပါတယ်။
ပုံတောင်နတ်ထိပ်မှာ အင်အား ထောင်ချီပါ စစ်အုပ်စုနဲ့ ဒေသခံတော်လှန်ရေးတပ်တွေက တိုက်ပွဲပေါင်း အကြိမ် ၁၀၀ ထက်မနည်း ဖြစ်ပွားခဲ့ပြီး မေ ၁၃ရက်ကနေ ဒီနေ့အထိ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ယောတပ်တော်(YA) က ဒီကနေ့ မေ ၃၁ ရက်မှာ ထုတ်ပြန်ပါတယ်။
အဲ့ဒီ တိုက်ပွဲတွေအတွင်း ရန်သူ စစ်အုပ်စုဘက်က ထိခိုက်ဒဏ်ရာရသူ ၁၀၀ ကျော်နဲ့ သေဆုံးသူ ၈၀ ကျော် ရှိပြီး စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိသလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိပြီး တော်လှန်ရေး တပ်တွေကဘက်ကလည်း ရဲဘော်တချို့ ထိခိုက်ဒဏ်ရာရတာနဲ့ ကျဆုံးတာတွေ ရှိတယ်လို့ YA က ဖော်ပြပါတယ်။

တိုက်ပွဲ ဖြစ်ပွားနေတဲ့ ပုံတောင်နတ်ထိပ်မှာ စစ်အုပ်စုက ဒေသခံ အရပ်သားပြည်သူတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး ညှင်းပန်းနှိပ်စက် သတ်ဖြတ်တာ၊ ကျေးရွာတွေကို စီးနင်းပြီး ပြည်သူပိုင် ပစ္စည်းတွေ ဖောက်ထွင်းလုယက် ခိုးယူတာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ လေကြောင်းကနေ စစ်ရှောင်ပြည်သူတွေကိုပါ အကြိမ်ကြိမ် ဗုံးကြဲ တိုက်ခိုက်တာ စတဲ့ ပြည်သူကို ပစ်မှတ်ထားတဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကို ယုတ်မာရိုင်းစိုင်းစွာ ပြောင်ပြောင်တင်းတင်း ပြုလုပ်ခဲ့ကြတယ်လို့ YA က ဆိုပါတယ်။
စစ်အုပ်စုဟာ မေလ ဒုတိယပတ်က စလို့ ချင်းပြည်တောင်ပိုင်းနဲ့ ထိစပ်နေတဲ့ မကွေးတိုင်း၊ ယောဒေသ၊ ဆောမြို့နယ်ထဲ အင်အား ထောင်နဲ့ချီ အသုံးပြုကာ စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။
အဲ့ဒီ စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ရက်တွေအတွင်း ဆောနယ် တပြင်းကျေးရွာထဲ စီးနင်းအထိုင်ချကာ ကျောင်းထိုင်ဆရာတော်နဲ့ CDM ကျောင်းဆရာ အပါအဝင် ဒေသခံပြည်သူ ငါးဦးနဲ့ ရွာသာကျေးရွာက အသက် ၆၀ အရွယ် အမျိုးသားတစ်ဦးတို့ကို သတ်ဖြတ်ခဲ့ပြီး ဖြစ်သလို နေအိမ်တွေ ဖောက်ထွင်း လုယက်ခိုးယူတာ၊ ရွာမီးရှို့တာတွေလည်း ထင်တိုင်းကျဲ ကျူးလွန်နေတာ ဖြစ်ပါတယ်။

လက်ရှိမှာ စစ်အုပ်စုက ဆောမြို့နယ်၊ ကျောက်ထုမြို့ အမြောက်တပ်ရင်း (အမတ – ၃၆၈)ထဲ အခြေပြုကာ ချင်းပြည်တောင်ပိုင်းရှိ မင်းတပ်မြို့ဘက် ဦးတည် စစ်ကြောင်းထိုးဖို့ ကြိုးစားနေတာလို့ ဒေသခံတွေက ပြောပါတယ်။
မေ ၃၀ ရက်မှာ ကျောက်ထုအမြောက်တပ်ထဲက ထွက်လာတဲ့ အင်အား ၆၀၀ ဝန်းကျင်ပါ စစ်အုပ်စုဟာ မင်းတပ်မြို့နယ်ကို ဝင်ရောက်နိုင်ဖို့ ကြိုးစားနေပြီး ဆောနဲ့ မင်းတပ်မြို့နယ်အစပ်၊ မင်းတပ်မြို့နယ်ထဲရှိ ထင်ချောင်းနဲ့ ကြက်ဥတင် ကျေးရွာတွေကို စီးနင်းလုယက်၊ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
မေလ ၂၈ ရက်ရက်ကလည်း ည ၁၀ နာရီကျော်ကနေ ၁၂ နာရီအထိ ကျောက်ထုတိုက်နယ်ထဲကို စစ်အုပ်စုက တိုက်လေယာဉ်တွေ၊ Y – 12 လေယာဥ်တွေနဲ့ အချိန် တစ်နာရီကျော်ကြာ၊ ဗုံး ၅၀ ကျော် ကြဲချတိုက်ခိုက်ခဲ့ပါတယ်။
စစ်အုပ်စု ရန်ကြောင့်၊ မကွေးနဲ့ ချင်းအစပ်၊ ယောဒေသ တောင်ပိုင်းရှိ ဆောနဲ့ကျောက်ထုမြို့ အပါအဝင် ဒေသတွင်း ကျေးရွာတွေက သောင်းချီတဲ့ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေကြရပါတယ်။

ယခုရက်ပိုင်း ယောဒေသမှာ မိုးသည်းထန် ရွာသွန်းနေတာကြောင့် တောတောင်အတွင်း စစ်ဘေးရှောင် ခိုလှုံနေရတဲ့ ပြည်သူတွေ စားသောက်နေထိုင်ရေး ပိုမိုအခက်တွေ့နေပြီး အမိုးအကာ၊ စားနပ်ရိက္ခာ၊ ဆေးဝါး၊ အဝတ်အထည်နဲ့ တစ်ကိုယ်ရည်သုံးပစ္စည်းတွေ လိုအပ်နေတယ်လို့ ကိုယ်တိုင် စစ်ရှောင်နေရတဲ့ ဒေသခံတွေက ပြောပါတယ်။
ချင်းပြည်နယ်တောင်ပိုင်းရှိ ကန်ပက်လက်၊ မတူပီ၊ မင်းတပ်နဲ့ ကျင်ဒွေးမြို့တို့ကို ချင်းတော်လှန်ရေးတပ် ချင်းညီနောင် (CB- Chin Brotherhood) နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ်အတွင်းမှာ သိမ်းပိုက်ခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ စစ်အုပ်စုက အဲ့ဒီ့မြို့တွေကို ပြန်သိမ်းပိုက်နိုင်ဖို့ ပေါ်တာဆွဲထားသူတွေကို အသုံးချကာ အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းက ချင်းပြည်တိုက်ပွဲမှာ တွေ့ရစဉ်တဲ့ ယောတပ်တော် – YA နဲ့ မဟာမိတ် တော်လှန်ရေးတွေနဲ့ ချင်းနဲ့မကွေးအစပ်မှာ စစ်အုပ်စုက ရွာမီးရှို့၊ ဗုံးကြဲထားစဉ်/Photo – YA၊ ဒေသခံ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #မကွေး #ချင်း #ယောဒေသဆောမြို့



