မကွေးသတင်း

မင်းတပ်ကို ဦးတည်တဲ့ စစ်အုပ်စု တိုက်ခိုက်ခံရပြီး အများအပြားသေဆုံး၊အထိနာနေတဲ့ စစ်အုပ်စု ချင်း-မကွေးအစပ်မှာ လူ၊လက်နက်၊ရိက္ခာ ဖြည့်တင်းနေ၊မင်းတပ် -ကျောက်ထု ကားလမ်းနံဘေးရွာတွေကို မီးရှို့ပြီး စစ်ရှောင်အဘိုးအိုတစ်ဦးကို သတ်ဖြတ်သွား

ဒံယေလ/MFP ၊ဇွန် -၂

မကွေးတိုင်း ကျောက်ထုမြို့ ၊ကံကြီးရွာကနေ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ကို အင်အားအလုံးအရင်းနဲ့ ချီတက်လာတဲ့ စစ်အုပ်စုစစ်ကြောင်း ချေမှုန်းတိုက်ခိုက်ခံရပြီးတော့ စစ်အုပ်စုဝင် အများအပြား သေဆုံးခဲ့တယ်လို့ ဒေသခံစစ်ရေး သတင်းရင်းမြစ်တွေက MFPကိုပြောပါတယ်။

အင်အား (၁၀၀၀)ဝန်းကျင်ပါ စစ်ကြောင်းနှစ်ကြောင်းနဲ့ ထိုးဖောက်ဝင်ရောက်လာတဲ့ စစ်အုပ်စုတပ်တွေနဲ့ ချင်းတော်လှန်ရေးတပ်တွေဟာ ကန်ပက်လက်မြို့နဲ့ မင်းတပ်မြို့တွေ အနီးမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

ပြီးခဲ့တဲ့နှစ်ရက်အတွင်း မင်းတပ်မြို့အနီးမှာ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်အုပ်စုဘက်က အထိနာကာ သေဆုံးသူ (၁၀၀)ဝန်းကျင် ရှိတယ်လို့ ချင်းပြည်သူ့တပ်မတော် (Chin People’s Army-CPA) -မြေပြင်ရဲဘော်တစ်ဦးက ပြောပါတယ်။

“မင်းတပ်ဘက်ကို ထိုးတဲ့ စစ်ကြောင်းက ထင်ချောင်းရွာအပေါ်က လုပ်တက်ရွာရောက်နေပြီ။မင်းတပ်မြို့နဲ့က တော့ (၁၀) မိုင်လောက်ဝေးသေးတယ်၊ကြားဖြတ်တိုက်ခိုက်တာပေါ့ ၊စစ်တပ်ဘက်က အကျအဆုံးများတယ်။ စစ်ကြောင်းတစ်ကြောင်းက ပျောက်နေတယ်။ကန်ပက်လက်ဘက်ကတော့ တိုက်ပွဲဖြစ်ပြီးတော့ စစ်တပ်က ပြန်ဆုတ်ပြီး စစ်ကြောင်းပြန်ထိုးနေတယ်”လို့သူကဆိုပါတယ်။

ဒီလို စစ်ကြောင်းထိုး ဝင်ရောက်လာချိန်မှာ စစ်အုပ်စုတပ်တွေက မင်းတပ်-ကျောက်ထု လမ်းမကြီးပေါ်မှာရှိတဲ့ ထင်ချောင်းကျေးရွာနဲ့ တက်ကျေးရွာအတွင်းက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဇွန် (၁) ရက်နေ့ မနေ့က ထင်းချောင်းကျေးရွာက သက်ကြီးရွယ်အို အမျိုးသားတစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။

“သူကအသက်ကြီးနေပြီ ။မပြေးနိုင်တော့ဘူး၊ထင်ချောင်းရွာကပဲ ။စစ်တပ်က သတ်လိုက်တာလို့ သိရတယ်။
အလောင်းက ပြန်မရကြသေးဘူး “လို့သူကဆိုပါတယ်။

စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ၂၀၂၅ နှစ်ကုန်ပိုင်းကစတင်ကာ မကွေးတိုင်းအခြေစိုက် အမြောက်တပ် (အမတ -၃၆၈) တည်ရှိရာ ကျောက်ထုမြို့ နဲ့ ဆောမြို့ တွေမှာ လူလက်နက် ၊ရိက္ခာဖြည့်တင်းကာ ချင်းပြည်နယ် တောင်ပိုင်းကို စစ်ကြောင်းထိုးဖို့ပြင်ဆင်နေခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် စစ်အုပ်စုဟာ မေလ ၁၆ ရက်နေ့ကစတင်ကာ ချင်း-မကွေး ကုန်စည်စီးဆင်းရာ လမ်းမကြီးဖြစ်တဲ့ ဆော -ကန်ပက်လက်လမ်းက စစ်ကြောင်းတစ်ကြောင်းနဲ့ နဲ့ကျောက်ထု -မင်းတပ်လမ်းကနေ စစ်ကြောင်းတစ်ကြောင်း၊ စုစုပေါင်း စစ်ကြောင်းနှစ်ကြောင်းနဲ့ မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေကို စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့တာပါ။

မကွေးတိုင်းဘက်ကနေ တက်လာတဲ့ အဆိုပါ စစ်အုပ်စု စစ်ကြောင်းတွေကို တော်လှန်ရေးအင်အားစုတွေက မင်းတပ်နဲ့ ကန်ပက်လက်လမ်းကြားတွေမှာ ကြားဖြတ်တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။ လက်ရှိမှာ တိုက်ပွဲတွေအတွင်း အထိနာသေဆုံးမှုများနေတဲ့ စစ်အုပ်စုဟာ ချင်းတောင်ခြေ မကွေးတိုင်း ကျောက်ထုမြို့နဲ့ ဆောမြို့နယ်တွေမှာ လူ ၊လက်နက် ၊ရိက္ခာ ဖြည့်တင်းနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

ချင်းပြည်သူ့တပ်မတော် (Chin People’s Army-CPA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်ကလည်း မကွေးတိုင်း ၊ယောဒေသနဲ့ ပုံတောင်ပုံညာမှာ စစ်အုပ်စုတပ်တွေနဲ့ ချင်းတော်လှန်ရေးတပ်တွေ စစ်ဆိုင်ထားသလို စစ်အုပ်စုက မင်းတပ်၊ မတူပီ၊ ကန်ပက်လက်မြို့တွေကို လေကြောင်းက အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် ဆေးဝါးအကူအညီတွေ ပေးကြဖို့ ပြီးခဲ့တဲ့ မေလ (၂၅)ရက်နေ့က သူရဲ့လူမှုကွန်ယက်စာမျက်နှာကတဆင့် ရေးသားတောင်းခံထားပါတယ်။

“လက်ရှိမှာ အကြမ်းဖက် စကမတွေ ရှေ့ဆက်မတိုးနိုင်အောင် တားထားနိုင်ပေမယ့်လည်း စခတွေ နောက်ထပ် စစ်ကူအင်အား (၁၀၀၀) ကျော် ထပ်မံဖြည့်တင်းဖို့ ပြင်ဆင်နေတာကြောင့် တိုက်ပွဲကာလ ကြာရှည်မယ့်၊ ပြင်းထန်မယ့် သဘောရှိပါတယ်။ဒီအလှူခံပို့စ်နဲ့ပတ်သက်ပြီး. အလှူခံလိုတာ (၂) ခု ရှိပါတယ်။ (က) ရှေ့တန်းစစ်မြေပြင်မှာ အလိုအပ်ဆုံးအရာတွေ ကူညီဖြည့်တင်းဖို့၊ (လက်ရှိ ရှေ့တန်းစစ်မျက်နှာမှာ အလိုအပ်ဆုံးအရာတွေဘာလဲဆိုတာ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူကို မေးမြန်းစုံစမ်းထားပါတယ်) (ခ) ရဲဘော်တွေကို ဆေးကုသတဲ့အခါ လိုအပ်တဲ့အရာတွေ ဝယ်ယူဖြည့်တင်းဖို့ ‘ဖြစ်တယ်လို့ ချင်းပြည်သူ့တပ်မတော် (Chin People’s Army-CPA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်က ရေးသားထားပါတယ်။

ချင်းပြည်နယ်အတွင်းမှာတော့ စစ်အုပ်စုတပ်တွေက ချင်းပြည် ၊မြောက်ပိုင်းဖြစ်တဲ့ ဖလမ်းနဲ့ တွန်းဇံမြို့တွေကို ထိန်းချုပ်ပြီး နယ်စပ်ကုန်သွယ်ရေးစခန်းတည်ရှိရာ ရိဒ်မြို့ကို ဦးတည်စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေသလို ၊ချင်းပြည်၊တောင်ပိုင်းမှာရှိတဲ့ (ရခိုင် _မကွေး-ချင်း ) သုံးမြို့ရဲ့ ကုန်သွယ်ရေးလမ်းမကြီးတည်ရှိရာ ကန်ပက်လက်နဲ့ မင်းတပ်မြို့ကို ဦးတည် စစ်ကြောင်းထိုးဖို့ပြင်ဆင်နေတာ ဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

ကန်ပက်လက်နဲ့ မင်းတပ်မြို့ကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်အုပ်စု/ ဓာတ်ပုံ-ဒေသခံ

Related Articles

Back to top button