
မင်းတပ်မြို့ဘက် စစ်အုပ်စုက စစ်ကြောင်းထိုးရင်း ရွာမီးရှို့၊ လူသတ်၊ လုယက်၊ ဗုံးကြဲနေ၊
ဒေသခံပြည်သူ ၁၇,၀၀၀ စစ်ဘေးရှောင်နေရပြီး ဆေးဝါးနဲ့အစားအသောက် အရေးပေါ် လိုအပ်၊
ဒံယေလ/MFP၊ ဇွန် – ၃
ချင်းပြည်တောင်ပိုင်းရှိ စစ်ရှုံးထားတဲ့ မင်းတပ်မြို့ကို ပြန်ရရေး တန်ပြန် ထိုးစစ်ဆင်နေတဲ့ အာဏာသိမ်း စစ်အုပ်စုက မေလ ၃၀ရက်မှာ ထင်ချောင်းရွာကို စီးနင်းလုယက်၊ မီးရှို့ချိန် ၁၀ တန်းကျောင်းသား တစ်ဦးနဲ့ အဖိုးအိုတစ်ဦးတို့ကိုပါ ဖမ်းဆီးသတ်ဖြတ်၊ အလောင်းစွန့်ပစ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
မကွေးတိုင်း၊ ယောဒသ၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်ကနေ မင်းတပ်မြို့ဘက်ကို အင်အား ထောင်ချီသုံးကာ ထိုးစစ်ဆင်နေတဲ့ အာဏာသိမ်း စစ်အုပ်စုဟာ မေလ ၃၀ရက်က မင်းတပ်နဲ့ ဆောနယ်အစပ်ရှိ ထင်ချောင်းနဲ့ ကြက်ဥတင် ကျေးရွာတွေကို စီးနင်းလုယက်၊ မီးရှို့ဖျက်ဆီးခဲ့ရာမှာ အထက်ပါအတိုင်း ရွာခံပြည်သူ နှစ်ဦးကိုပါ သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။
စစ်အုပ်စု မီးရှို့ဖျက်ဆီးလို့ ထင်ချောင်းကျေးရွာမှာ နေအိမ် ၁၀လုံးထက်မနည်း ပြာကျပျက်စီးပြီး အသက် ၁၆ နှစ်အရွယ် ၁၀တန်းကျောင်းသား တစ်ဦးနဲ့ အသက် ၆၀ အရွယ် အဖိုးအိုတစ်ဦးတို့ကို ရွာထိပ်မှာ သတ်ဖြတ်စွန့်ပစ်ခဲ့ကာ အလောင်းတွေကို သတ်ဖြတ်ခံရပြီး ငါးရက်အကြာ ဇွန် ၃ရက် ဒီနေ့မှ ကောက်ယူရတယ်လို့ မင်းတပ်မြို့ခံတစ်ဦးက MFP ကို ပြောပါတယ်။
“ဟိုနေ့က သတ်တာက အဘိုးကြီး၊ နောက်ထပ် သတ်ခံရတာက ၁၀ တန်းကျောင်းသားလို့ သိရတယ်”

မန္တလေး၊ မိတ္ထီလာနဲ့ ပခုက္ကူနယ်မှာ ပေါ်တာဆွဲ စုဆောင်းထားတဲ့ စစ်သားသစ်တွေကို ချင်းနဲ့မကွေးအစပ် ပို့လွှတ်ပြီးနောက် ဆောနယ်၊ ကျောက်ထုတိုက်နယ်၊ ကံကြီးကျေးရွာကတဆင့် မင်းတပ်မြို့ဘက်ကို အာဏာသိမ်း စစ်အုပ်စုက စစ်ကြောင်းထိုးနေတာ ရက်သတ္တပတ်ကြာ ရှိလာပြီဖြစ်ပြီး မင်းတပ်မြို့နဲ့ ၁၀ မိုင်ကျော် အကွာအဝေးမှာ ချင်းတော်လှန်ရေးတပ်တွေနဲ့ ငါးရက်ဆက် တိုက်ပွဲ ပြင်းထန်နေတာလို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
အဲ့ဒီ တိုက်ပွဲတွေအတွင်း စစ်အုပ်စု အသေအပျောက် များပြီး တော်လှန်ရေး အင်အားစုတွေဘက်ကလည်း အကျအဆုံး ရှိတယ်လို့ ချင်းပြည်သူ့တပ်မတော် (Chin People’s Army-CPA) အဖွဲ့ဝင်တစ်ဦးကလည်း လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။
“ကိုယ့်ဘက်ကလည်း အကျအဆုံး ရှိတာပေါ့။ ဒါပေမဲ့ ၃၀:၁ လောက်ပါ။ တာဝန်ရှိသူတွေ ထုတ်ပြန် ကြပါလိမ့်မယ်။ တော်လှန်ရေး တပ်ဖွဲ့တွေကို လက်နက်ခဲယမ်း အလုံအလောက် ဖြည့်ဆည်းပေးနိုင်ရင် မင်းတပ်-ကန်ပက်လက်ကို ထိုးစစ်ဆင်လာတဲ့ စစ်ခွေးစစ်ကြောင်းဟာ ပြန်လမ်းမဲ့ စစ်ကြောင်းပါ။ ရတောင့်ရခဲ အခွင့်အရေးပါ။ SCEF (ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ) လည်း သတိပြုမိပါစေ” လို့ CPA အဖွဲ့ဝင်က ဆိုပါတယ်။
မြေပြင်တိုက်ပွဲမှာ အထိနာ အသေများနေတဲ့ အာဏာသိမ်း စစ်အုပ်စုက ပြည်သူကို ရန်ပြု သတ်ဖြတ်နေသလို ကျေးရွာတွေကို တရစပ် ဗုံးကြဲ၊ လက်နက်ကြီး ထုနေပြီး စစ်အုပ်စု ရန်ကြောင့် မင်းတပ်နဲ့ ဆောမြို့နယ်အတွင်းရှိ မြို့၊ရွာတွေက ထောင်သောင်းချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေကြရပါတယ်။

မင်းတပ်မြို့နယ်ထဲမှာတင်ပဲ စစ်အုပ်စု ရန်ကြောင့် ထွက်ပြေးနေရတဲ့ ဒေသခံပြည်သူ ၁၇,၀၀၀ ခန့် ရှိပြီး တောတောင်အတွင်း ခိုလှုံနေရကာ ဆေးဝါးနဲ့ အစားအသောက်တွေ လိုအပ်နေတယ်လို့ မင်းတပ်မြို့နယ် စစ်ရှောင်စခန်းတွေ စီမံခန့်ခွဲရေး ကော်မတီ (Mindat Township IDPs Camp Management Committee) ရဲ့ တာဝန်ခံ Lawrence Yaw Kee က MFP ကို ပြောပါတယ်။
“မိုးက ဆက်တိုက်ကို ရွာနေတယ်။ နှစ်ပတ်သုံးပတ်လောက် ရှိပါပြီ။ မိုးတွင်းကာလမှာ အမြဲတမ်း ဘယ်လိုပဲ ပြင်ဆင်ပြင်ဆင် ကြုံတွေ့နေရတာက အစားအသောက်တွေ၊ ဆန်တွေ၊ ပဲတွေ၊ စိုထိုင်းပြီး မှိုတက်လွယ်တယ်။ နွေရာသီမှာ စုဆောင်းထားတဲ့ ပဲနဲ့ ဆန်တွေကလည်း လွယ်လင့်တကူ ပျက်လွယ်တယ်ဗျ။ ဆိုတော့ မိုးတွင်းကာလမှာ အောက်ပြည်အောက်ရွာမှာလို အသီးအရွက်တွေ ဝယ်ခြမ်းလို့ မရဘူး။ စျေးလည်း မရှိဘူး။ ကိုယ့်ဘာသာကိုယ် စိုက်ပျိုးစားသောက်နေရတာ။ ဝဥကိုပဲ အဓိက စားနေရတယ် ” လို့ သူက ပြောပါတယ်။
မင်းတပ် အပါအဝင် ချင်းပြည်တောင်ပိုင်းရှိ ကန်ပက်လက်၊ မတူပီနဲ့ ပလက်ဝမြို့တွေကို အာဏာသိမ်း စစ်အုပ်စုက လေကြောင်း ဗုံးကြဲတိုက်ခိုက်တာတွေ နေ့စဉ်ရက်ဆက် ပြုလုပ်နေပြီး ကလေးသူငယ်နဲ့ အမျိုးသမီးတွေ အပါအဝင် ဒေသခံပြည်သူ ထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။
မေ ၂၈ ရက်က ပလက်ဝမြို့နယ်ထဲ စစ်အုပ်စုက ဗုံးကြဲလို့ ခရီးသွားပြည်သူ အမျိုးသားတစ်ဦး သေဆုံးခဲ့သလို မေ ၁၃ ရက်ကနေ ၂၂ရက်အထိ မတူပီ၊ မင်းတပ်နဲ့ ကန်ပက်လက်မြို့ အပါအဝင် ချင်းပြည်တောင်ပိုင်းရှိ မြို့၊ရွာတွေကို စစ်အုပ်စုက ၂၅ကြိမ် ဗုံးကြဲခဲ့ရာ မွေးကင်းစ လေးရက်သားအရွယ် ကလေးငယ် အပါအဝင် ပြည်သူ နှစ်ဦး သေဆုံးပြီး အိုးအိမ်တွေ၊ စျေးဆိုင်တွေ၊ စာသင်ကျောင်းတွေနဲ့ အဆောက်အအုံတွေ အများအပြား ပျက်စီးတယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော် – CPU/CPA က ထုတ်ပြန်ထားပါတယ်။
စစ်အုပ်စုက မေလဆန်းကနေ စပြီး မကွေးတိုင်း လောင်းရှည်နဲ့ ပေါက်မြို့နယ်ဘက်ကနေ ချင်းနဲ့မကွေးအစပ်၊ ဆောနယ်ထဲ စစ်အင်အား ထောင်နဲ့ချီ ပို့လွှတ်ကာ မင်းတပ်၊ ကန်ပက်လက် စတဲ့ မြို့ရွာတွေဘက် ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

အဲ့ဒီ စစ်အုပ်စု စစ်ကြောင်းတွေဟာ ဆောနယ်မှာလည်း တွေ့သမျှပြည်သူကို ဖမ်းဆီးသတ်ဖြတ် ရန်ပြုနေပြီး ဆောမြို့နယ် တပြင်းရွာနဲ့ ရွာသာရွာတွေအနီး ကျောင်းထိုင်ဆရာတော်နဲ့ CDM ကျောင်းဆရာ အပါအဝင် စစ်အုပ်စု သတ်ဖြတ်စွန့်ပစ်ခဲ့တဲ့ အလောင်း ခြောက်လောက်းထက်မနည်း တွေ့ရှိထားရသလို စစ်အုပ်စုလက်ထဲ ဓားစာခံ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခံထားရသူတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ချင်းပြည်နယ်တောင်ပိုင်းရှိ ကန်ပက်လက်၊ မတူပီ၊ မင်းတပ်နဲ့ ကျင်ဒွေးမြို့တို့ကို ချင်းတော်လှန်ရေးတပ် ချင်းညီနောင် (CB- Chin Brotherhood) နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ်အတွင်းမှာ သိမ်းပိုက်ခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ စစ်အုပ်စုက အဲ့ဒီ့မြို့တွေကို ပြန်သိမ်းပိုက်နိုင်ဖို့ ပေါ်တာဆွဲထားသူတွေကို အသုံးချကာ အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

မင်းတပ်မြို့နယ်မှာ ပြည်သူတွေကို သတ်ဖြတ်ပြီး အောင်ပွဲခံနေတဲ့ စစ်အုပ်စု၊ ထင်ချောင်းရွာမှာ စစ်အုပ်စုက သတ်ဖြတ် စွန့်ပစ်ခဲ့တဲ့ အလောင်းတွေကို ကောက်ယူနေမှုနဲ့ ဒေသခံ စစ်ဘေးရှောင်တွေ/Photo – ဒေသခံ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #မကွေး #ချင်း #မင်းတပ်



