မကွေးမန္တလေးသတင်း

ပုဂံမြို့တဖက်ကမ်း မြစ်​ခြေမှာ စစ်အုပ်စုက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီး ကျူးလွန်၊

မြို့အနှံ့ပြန့်ကြဲနေတဲ့ ပုပ်ပွ အလောင်း ၂၄ လောင်း တွေ့ရပြီး မီးရှို့ထားတဲ့ အရိုးစုတွေလည်း တွေ့ရှိ၊

သတ်ဖြတ်ခံရသူ ၄၀ ထက်မနည်း ရှိမယ်လို့ ခန့်မှန်း၊

အီသာရမ်/MFP၊ ဇွန်- ၄

ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်ဒေသဖြစ်တဲ့ ပုဂံ-ညောင်ဦးမြို့ရဲ့ ဧရာဝတီမြစ် တဖက်ကမ်းရှိ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့မှာ အာဏာသိမ်း စစ်အုပ်စုက အမျိုးသမီးတွေ အပါအဝင် ဒေသခံပြည်သူ အများအပြားကို အစုလိုက်အပြုံလိုက် သတ်ဖြတ်စွန့်ပစ်ခဲ့ပြီး မြို့အနှံ့ ပြန့်ကြဲကာ ပုပ်ပွနေတဲ့ အလောင်း ၂၄ လောင်း တွေ့ရသလို မီးရှို့ဖျက်ဆီးထားတဲ့ အရိုးစုတွေနဲ့ မြေမြုပ်ထားတဲ့ အလောင်းတွေလည်း တွေ့ရတယ်လို့ အလောင်းတွေကို ကောက်ယူသင်္ဂြိုဟ်ပေးခဲ့တဲ့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

မင်းအောင်လှိုင်ကို သစ္စာခံတဲ့ မန္တလေးနန်းတွင်း အခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် – လပခ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေဖြစ်တဲ့ ပုဂံ-ညောင်ဦးမြို့ရှိ စစ်အုပ်စုနဲ့ ပခုက္ကူမြို့ အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ် – တပ်မ ၁၀၁ က စစ်အုပ်စုတို့ ပူးပေါင်းကာ မေလ ၁၀ရက်က စလို့ ပုဂံမြို့တဖက်ကမ်းရှိ မြစ်ခြေမြို့ကို စီးနင်းကာ လူသတ်၊ လုယက်၊ မီးရှို့တာ ဖြစ်ပါတယ်။

ဇွန်လ ၂ရက်မှာ စစ်အုပ်စုတွေ မြစ်ခြေမြို့ပေါ်က ပြန်ထွက်သွားလို့ ဒေသခံတွေ မြို့ထဲဝင်ကြည့်ချိန် ပြန့်ကြဲ၊ ပုပ်ပွနေတဲ့ အလောင်းတွေ၊ မြေမြှုပ်ထားတဲ့ အလောင်းတွေနဲ့ မီးရှို့ထားတဲ့ အရိုးစုတွေ တွေ့ရတာလို့ ကိုယ်တိုင် မြင်တွေ့ခဲ့ရသူတွေက ပြောပါတယ်။

မြစ်ခြေမြို့၊ ဆွဲကြီး(ရွာ)ရပ်ကွက်တစ်ခုလုံး အလောင်းတွေ ပြန့်ကြဲနေပြီး အမျိုးသမီးတွေ အပါအဝင် ပုပ်ပွနေတဲ့ အလောင်း ၁၃ လောင်း တွေ့ရကာ မြစ်ခြေမြို့ပေါ် နေရာအနှံ့မှာလည်း နောက်ထပ် အလောင်း ၁၁ လောင်း တွေ့ရတယ်လို့ အလောင်းတွေကို ကောက်ယူသင်္ဂြိုဟ်ပေးသူတစ်ဦးက MFP ကို ပြောပါတယ်။

“အလောင်းကတော့ လက်ရှိအချိန်ထိ ဆိုရင်တော့ ကျွန်တော်‌တို့ နယ်မြေရှင်းကာမှ တွေ့တာဆိုရင် ၂၄ လောင်း တွေ့တယ်၊ အရင်တုန်းက ရှင်းထားတာ မပါသေးဘူး၊ အခုဟာတင် ၂၄ လောင်း တွေ့တာ၊ ဆွဲကြီးဘက်က ၁၃ လောင်းပေါ့။ ကျန်တဲ့ဟာတွေက မြို့ပေါ်ကပေါ့”

ပြန့်ကြဲနေတဲ့ အလောင်းတွေကို ကြည့်ခြင်းအားဖြင့် စစ်အုပ်စုဟာ မြစ်ခြေမြို့မှာ မြင်တွေ့သမျှ ဒေသခံ ပြည်သူတွေကို တွေ့တဲ့နေရာမှာ သတ်ဖြတ်ခဲ့တာ ဖြစ်နိုင်တယ်လို့ မြစ်ခြေမြို့တွင်း ဝင်ရောက် ကြည့်ရှု့ခဲ့သူတွေက ပြောပါတယ်။

ပုပ်ပွနေတဲ့ အလောင်းတွေသာမက မြေမြှုပ်ထားတဲ့ အလောင်းနဲ့ မီးရှို့ထားတဲ့ အရိုးစုတွေလည်း တွေ့ရပြီး သတ်ဖြတ်ခံရသူ ၄၀ ထက်မနည်း ရှိမယ်လို့ ခန့်မှန်းရကာ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ ပြည်သူတွေကို သတ်ဖြတ်ရုံမက မြစ်ခြေမြို့ စျေးနဲ့ လူနေအိမ်တွေကိုလည်း ဖောက်ထွင်းလုယက်ကာ တန်ဘိုးရှိပစ္စည်းတွေ ခိုးယူသယ်ထုတ်ပြီးနောက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြစ်ခြေမြို့ပေါ်ဈေးနဲ့ မြို့မရပ်ကွက် အပါအဝင် ဆွဲကြီး၊ ရွာသာအေး၊ ထနောင်းကုန်း၊ မန်းကျည်းကုန်း စတဲ့ မြို့ပေါ် ရပ်ကွက်နဲ့ မြို့အနီးဝန်းကျင် ကျေးရွာတွေကို စစ်အုပ်စုက ရက်အတော်ကြာ စီးနင်းကာ နေ့ရောညပါ မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပြီး စစ်အုပ်စု ပြန်ထွက်သွားချိန် စစ်ဆေးရေတွက်ကြည့်ရာ မြစ်ခြေစျေးကြီး တစ်စျေးလုံးနဲ့ အိမ်ခြေ ၂၅၀ ထက်မနည်း ပြာကျပျက်စီးတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ မေလ ၂၈ရက်က မြစ်ခြေမြို့ ဆွဲကြီးနဲ့ ရွာသာအေး ရပ်ကွက်တွေကို နေ့ရောညပါ မီးရှို့ ဖျက်ဆီးခဲ့ပြီး မီးတောက်တွေကို ပုဂံမြို့ ဗူးဘုရားကနေ မြင်တွေေရတယ်လို့ ပုဂံမြို့ခံတွေက ပြောပါတယ်။

စစ်အုပ်စုဟာ မြစ်ခြေနယ်ထဲ စစ်ကြောင်းစထိုးချိန်ကတည်းက ရွာမီးရှို့၊ လူသတ်၊ လုယက်နေတာမို့ မေလ ၁၀ရက်ကနေ ဇွန် ၂ရက်အထိ တစ်လနီးပါးအတွင်း မြစ်ခြေမြို့ အပါအဝင် မြစ်ခြေနယ် ကျေးရွာ ၁၅ရွာက အိမ်ခြေ ၁၀၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မြစ်ခြေနယ် ကျေးရွာတွေကိုလည်း မေလ ၁၀ရက်က စတင်ပြီး ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ မီးရှို့ခဲ့ရာ မေလ ၁၀ရက်ကနေ မေလကုန်အထိ မွေးကင်းစကလေးနဲ့ မီးနေသည် အပါအဝင် ဒေသခံ ပြည်သူ ၁၀ ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရပါတယ်။

ဒါ့ကြောင့် မြစ်ခြေနယ်ထဲ စစ်အုပ်စု စစ်ကြောင်းထိုးတဲ့ တစ်လနီးပါးအတွင်း သတ်ဖြတ်ခဲ့သူ ၅၀ ဝန်းကျင် ရှိကာ မြစ်ခြေမြို့နဲ့ ကျေးရွာ ၁၅ရွာက အိမ်ခြေ ၁၀၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

စစ်အုပ်စု စစ်ကြောင်းထိုးချိန် ထွက်ပြေးရင်း လူစုကွဲသလား၊ စစ်အုပ်စု လက်ထဲ ဖမ်းဆီးခံရပြီး သတ်ဖြတ်ခံရသလား မသဲကွဲဘဲ ပျောက်ဆုံးနေတဲ့ ဒေသခံပြည်သူတွေလည်း ဆယ်နဲ့ချီ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြစ်ခြေနယ်ထဲ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့တဲ့ စစ်အုပ်စုနဲ့ ဒေသခံ တော်လှန်ရေးတပ်တွေ မြစ်ခြေမြို့အနီး တိုက်ပွဲဖြစ်ပွားတာ ရှိခဲ့ပြီး တိုက်ပွဲအတွင်း စစ်အုပ်စု အလောင်းနဲ့ သုံ့ပန်းတချို့ ဖမ်းမိတာ ရှိခဲ့တယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

လက်ရှိမှာ မြစ်ခြေမြို့ပေါ်ကနေ စစ်အုပ်စု ပြန်ထွက်သွားပေမဲ့ မြစ်ခြေမြို့လုံးကျွတ် အပါအဝင် သောင်းချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင် နေကြရပြီး စားသောက်နေထိုင်ရေး အခက်အခဲ ဖြစ်နေကြတယ်လို့ ဆိုပါတယ်။

စစ်အုပ်စု မီးရှို့ဖျက်ဆီးခဲ့တဲ့ မြစ်ခြေမြို့စျေးနဲ့ ပုပ်ပွ ပြန့်ကြဲနေတဲ့ အလောင်းတွေ/Photo – ဒေသခံ (ပေးပို့)

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #မကွေး #မြစ်ခြေ #ပခုက္ကူ

Related Articles

Back to top button