မကွေးသတင်း

​ဆိပ်ဖြူ စလင်းမှာ စစ်အုပ်စု ရန်ကြောင့် ပြည်သူထောင်ချီ စစ်ဘေးရှောင်ရတာ လနဲ့ချီ ရှိလာပြီး မိုးရာသီ အမိုးအကာနဲ့ ယင်လုံအိမ်သာ လိုအပ်နေ၊

ဝင်းသိန်း/MFP၊ ဇွန် – ၈

​မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ဆိပ်ဖြူ- စလင်း ကားလမ်းတလျှောက်ကို အာဏာသိမ်း စစ်အုပ်စုက လက်နက်အားကိုးနဲ့ စစ်ကြောင်းထိုးကာ ကျေးရွာတွေကို စီးနင်းလုယက်၊ မီးရှို့ ဖျက်ဆီးတာကြောင့် ကျေးရွာ ခြောက်ရွာက ပြည်သူ ၂၀၀၀ ဝန်းကျင် စစ်ဘေးရှောင် ထွက်ပြေးနေရတာ တစ်လကျော်ကြာ ရှိလာပြီး စားသောက်၊ နေထိုင်ရေး ခက်ခဲနေတယ်လို့ ဒေသတွင်း စစ်ဘေးရှောင် အရေး ကူညီနေသူတွေက MFP ကို ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၁ ရက်က စတင်ကာ စစ်အုပ်စုက စလင်းမြို့နယ်ထဲ ရွာစဉ်ပတ်မွှေ လုယက်၊ မီးရှို့သလို စလင်း – ဆိပ်ဖြူ ကားလမ်းတလျှောက် စစ်ကြောင်းထိုးတာကြောင့် ဒေသခံ ပြည်သူတွေ စစ်ဘေးရှောင် နေရတာ ဖြစ်ပြီး တစ်လကျော်ကြာတဲ့အထိ အိမ်မပြန်နိုင်ကြသေးဘဲ မိုးရာသီကာလမို့ အမိုးအကာတွေအပြင် သောက်ရေနဲ့ အိမ်သာတွေပါ အရေးပေါ် လိုအပ်နေတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ ဒီဘက် (စလင်းနယ်)မှာတင်ကို ကျေးရွာ ခြောက်ရွာနီးပါး စစ်ဘေးရှောင် နေကြရတယ်၊ လူဦးရေ ကတော့ ၂၀၀၀ ဝန်းကျင်လောက် ရှိမယ်ဗျ။ မေလ ၁ ရက်နေ့ ကတည်းက စစ်ကြောင်း ဝင်ရောက်တဲ့ အချိန်ကတည်းက စစ်ဘေးရှောင်ပြီး နေအိမ်တွေ မီးရှို့ခံရတာကြောင့် ပြန်စရာ အိမ်မရှိတဲ့အတွက် ကိုယ့်ပိုင်ဆိုင်ရာ လယ်ယာအနီးမှာပဲ ယာယီတဲထိုးပြီး နေထိုင်ကြတာမျိုး ရှိသလို နီးစပ်ရာ ဆွေမျိုးတွေဆီမှာ ပြောင်းရွှေ့နေထိုင်တာမျိုး ရှိကြတယ်ဗျ” လို့ စစ်ဘေးရှောင်တွေကို ကူညီနိုင်ဖို့ ကြိုးစားနေတဲ့ ဒေသခံ အမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။

စလင်းနယ်ထဲ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုက ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာကြောင့် ပြန်စရာ အိမ်ခြေရာခြေ မရှိတော့တဲ့ မီးဘေးသင့် စစ်ရှောင်ပြည်သူတွေဟာ ကိုယ့်လယ်ကွင်း၊ ယာကွင်းတွေထဲမှာပဲ ယာယီ တဲလေးတွေထိုးပြီး ဖြစ်သလို နေထိုင်ကြရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်အုပ်စုက ကျေးရွာတွေကို စီးနင်းချိန် တွေ့သမျှလူ ဖမ်းဆီးတာ၊ စစ်အုပ်စုနဲ့ ဒေသခံ တော်လှန်ရေး တပ်တွေကြား တိုက်ပွဲဖြစ်ပွားချိန် စစ်အုပ်စုက ဗုံးကြဲ၊ လက်နက်ကြီး ထုတာတွေကြောင့်လည်း ပြည်သူတွေ ကျေးရွာတွေထဲမှာ မနေရဲဘဲ ထွက်ပြေးနေကြရတာလို့ ဒေသခံတွေက ပြောပါတယ်။

ထောင်ချီတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ ယာယီတဲထိုး နေထိုင်ကြရပြီး မိုးရာသီမို့ မိုးလုံလေလုံရှိမဲ့ အမိုးအကာတွေ လိုအပ်သို ကျန်းမာရေးအတွက် ယင်လုံအိမ်သာလည်း လိုအပ်တယ်လို့ ဆိုပါတယ်။

“ယာယီတဲတွေဖြစ်တဲ့အတွက် မိုးရာသီရောက်တော့မှာ မိုးလုံတဲ့ အမိုးအကာ ကောင်းကောင်းတော့ လိုအပ်နေတယ်၊ ယင်လုံအိမ်သာအတွက်ရော သောက်ရေအတွက်ပါ လိုအပ်နေတာမျိုး ရှိနေတယ်ဗျ။ ပြီးခဲ့တဲ့ မေလပိုင်းကတော့ စလင်းမြို့နယ်အတွင်း စစ်ကြောင်း ခဏခဏ ထိုးခဲ့တာကြောင့် တော်လှန်ရေး တပ်တွေနဲ့ တိုက်ပွဲတွေလည်း ဖြစ်ပွားခဲ့တယ်ဗျ။ အဓိက ပြောချင်တာတော့ စစ်ရှောင်မီးဘေးသင့် ပြည်သူမှာ အစစအရာရာ လိုအပ်နေသည့်အတွက် ပြည်တွင်းပြည်ပမှ အလှူရှင်များအနေဖြင့် ဆက်သွယ် ကူညီပေးစေချင်တယ်ဗျ” လို့ အထက်ပါ ဒေသခံကပဲ ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ နှစ်ကုန်ပိုင်းမှာ လုပ်ခဲ့တဲ့ စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲ ကာလက စတင်ပြီး စစ်အုပ်စုက စလင်းနယ်နဲ့ စလင်း – ဆိပ်ဖြူ ကားလမ်းတလျှောက် စစ်ကြောင်းထိုးကာ ရွာမီးရှို့၊ လူသတ်၊ လုယက်နေတာလို့ ဆိုပါတယ်။

စလင်းနယ်က စစ်ဘေးရှောင်တဲတွေ/Photo – ဒေသခံ (ပေးပို့)

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #မကွေး #စလင်းစစ်ဘေးရှောင် #ဆိပ်ဖြူ

Related Articles

Back to top button