
စစ်အုပ်စုက ကမ္မမြို့၊ အိုရင်းနဲ့ ဇီးတောရွာတွေကို စီးနင်း မီးရှို့၊ ပြည်သူတွေကို ဖမ်းပြီး ရှေ့ဆက်တိုး၊
အီသာရမ်/MFP၊ ဇွန် – ၁၈
မကွေးတိုင်း၊ ပခုက္ကူမြို့ကနေ ထွက်လာပြီး ပခုက္ကူနဲ့ မြိုင်နယ်အစပ်ရှိ ပျူစောထီးစခန်းတွေဆီ ဦးတည် စစ်ကြောင်းထိုးတဲ့ စစ်အုပ်စု ကားတန်းကို ဒေသခံ တော်လှန်ရေး တပ်တွေက တိုက်ခိုက်ရာ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားပြီး စစ်အုပ်စု အထိနာတာကြောင့် ဇွန် ၁၈ရက်က ရဟတ်ယာဉ်နဲ့ အကြိမ် ၂၀ ကျော် လေကြောင်းပစ်ကူ ဗုံးကြဲခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဇွန်လ ၁၂ ရက်မှာ ပခုက္ကူမြို့ စစ်အုပ်စုရဲ့ အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ် (တပ်မ ၁၀၁)က ထွက်လာတဲ့ လူအင်အား ၅၀၀ ခန့်နဲ့ ကားအစီး ၂၀ ကျော်ပါ စစ်အုပ်စုဟာ ပခုက္ကူနယ် အနောက်ခြမ်း ကမ္မမြို့နဲ့ တွင်းမရွာ ပျူစောထီးကတဆင့် မြိုင်နယ်ရှိ ပျူစောထီးစခန်းတွေဆီ ဦးတည် စစ်ကြောင်းထိုးတာ ဖြစ်ပါတယ်။

ဇွန်လ ၁၆၊ ၁၇နဲ့ ၁၈ရက်တွေမှာ တွင်းမရွာ ပျူစခန်းကတဆင့် အိုရင်းနဲ့ ဇီးတောကျေးရွာတွေကို စီးနင်းကာ နေအိမ်တွေ ဖောက်ထွင်းလုယက်၊ မီးရှို့တဲ့ စစ်အုပ်စုကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး စစ်အုပ်စု အထိနာ၊ အသေများတာကြောင့် မကွေး လေတပ်ကနေ တက်လာတဲ့ MI-35 ရဟတ်ယာဉ်နဲ့ လေကြောင်း ပစ်ကူခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။
“ဒီနေ့တော့ (ဇွန်၁၇) တိုက်ပွဲတွေ ဖြစ်နေတာ၊ (စစ်အုပ်စု) တော်တော် အထိနာတယ် ထင်တယ်။ Mi35 တွေနဲ့ကို လာပစ်သွားတာ၊ တစ်ခေါက်ကို အကြိမ်၂၀ လောက် လာပစ်သွားတာ”
ဇွန် ၁၂ရက်ကတည်းက ပခုက္ကူမြို့ကနေ ထွက်လာတဲ့ စစ်ကားတန်းဟာ ကမ္မမြို့ကို စီးနင်းချိန် နေအိမ်နဲ့ စျေးဆိုင်တွေ ဖောက်ထွင်း လုယက် ခိုးယူသလို မြို့ခံပြည်သူတချို့ကိုပါ ဖမ်းပြီးနောက် ခိုးရာပါ ပစ္စည်းတွေကို တွင်းမရွာ ပျူစခန်းထဲ သယ်ယူသွားတယ်လို့ ဆိုပါတယ်။

စစ်အုပ်စု ရန်ကြောင့် ကမ္မမြို့ပေါ် ရပ်ကွက် ၁၂ ရပ်ကွက်ရှိ ဒေသခံ ပြည်သူသောင်းနဲ့ချီ မြို့လုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရပြီး နေအိမ်နဲ့ စျေးဆိုင်တွေ ဖောက်ထွင်းခိုးယူခံရသလို ဖမ်းဆီးခံရသူတွေ လည်း ရှိတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့ မြို့ပေါ်ကလည်း ဖမ်းခံရပြီး ခုထက်ထိ မလွတ်သေးတာလည်း ရှိတယ်၊ ငါးယောက်လောက် အဖမ်းခံရတာကို နှစ်ယောက်လောက် ပြန်မလွတ်သေးဘူး”
ကမ္မမြို့ခံတွေ သာမက ပခုက္ကူနယ် မြစ်ခြေမြို့ကနေ စစ်ဘေးရှောင်လာသူတွေလည်း ထပ်မံ စစ်ဘေးရှောင် နေကြရတယ်လို့ ဆိုပါတယ်။
ဇွန် ၁၆ရက်မှာ တွင်းမရွာပျူစခန်းကတဆင့် စစ်အုပ်စုက အဖွဲ့တွေခွဲကာ ဆက်လက် စစ်ကြောင်းထိုးပြီး အိုရင်းရွာကို စီးနင်းလုယက် မီးရှို့ဖျက်ဆီးသလို ဇွန်လ ၁၇နဲ့၁၈ရက်တွေမှာ ဇီးတော ကျေးရွာကို ဆက်လက် စီးနင်းလုယက် မီးရှို့ဖျက်ဆီးလို့ ဇီးတောကျေးရွာအတွင်း အိမ်ခြေ ၂၀ ကျော်၊ ကားနဲ့ ဆိုင်ကယ်တွေ မီးလောင်ပျက်စီးတယ်လို့ ဆိုပါတယ်။
“စစ်ကြောင်းက ဖြန့်ထားတာဗျ၊ တွင်းမအရှေ့ဘက်က အိုရင်းမှာ စစ်ကြောင်းတစ်ကြောင်း၊ အဲ့ဒါအပြင် သစ်ပုလွေကုန်းမှာ စစ်ကြောင်းတစ်ကြောင်းနဲ့ စစ်ကြောင်းကို ကာထားတဲ့သဘောပေါ့” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မြိုင်နယ်တောင်ပိုင်းရှိ စစ်အုပ်စုရဲ့ အရေးပါတဲ့ သရက်ကန်ရွာ ပျူစောထီးစခန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးနောက် စစ်အုပ်စုက အဲဒီ သရက်ကန်ရွာဘက် ပြန်လည်ဦးတည် စစ်ကြောင်းထိုးတာ ဖြစ်သလို ပခုက္ကူနဲ့ မြိုင်နယ်ရှိ ပျူစခန်းတွေကို အင်အားဖြည့်ဖို့ ကြိုးစားနေတာလို့ ဆိုပါတယ်။

လက်ရှိမှာ စစ်အုပ်စုက မြိုင်နယ်ထဲကို အင်အား ၁၀၀၀ လောက်နဲ့ သုံးဖွဲ့ခွဲကာ စစ်ကြောင်းထိုးနေပြီး တွင်းမရွာ ပျူစောထီးစခန်းက ထွက်လာတဲ့ စစ်ကြောင်း၊ စက်မှု-၂ မှာ ရောက်နေတဲ့ စစ်ကြောင်းနဲ့ လင်းကတောရဲစခန်းမှာ ရောက်နေတဲ့ စစ်ကြောင်းတွေက ရွာစဉ်ပတ်မွှေနေတာလို့ ဆိုပါတယ်။
စစ်အုပ်စု ရန်ကြောင့် ကမ္မမြို့၊ မန်းကျည်းတန်း၊ ရေလာကြီး၊ ထန်းတပင်၊ ဝါးကျွန်းတွင်း၊ အိုရင်း၊ ဇီးတော၊ သံဘိုနဲ့ သစ်ပုလွေကုန်း စတဲ့ ကျေးရွာတွေ အပါအဝင် ပခုက္ကူနဲ့ မြိုင်နယ်ရှိ မြို့၊ရွာတွေက သောင်းချီတဲ့ ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ပခုက္ကူနဲ့ မြိုင်နယ်အစပ်၊ မြိုင်နယ်တောင်ပိုင်းရှိ သရက်ကန်ရွာ ပျူစခန်းကို မေလ ၂၂ရက်မှာ တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့စဉ်/Photo – မြိုင် ပကဖ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #မကွေး #မြိုင် #ပခုက္ကူ



